ပထမထရမ့်အစိုးရက ၂၀၂၀အစောပိုင်းမှာ ဗင်နီဇွဲလားက မဒူရိုကို ဖမ်းလာပေးရင် ဆုကြေး ၁၅သန်း ကနေ ဘိုင်ဒန်တို့က ၂၀၂၅အစောပိုင်းမှာ သန်း ၂၅ကို တိုးမြှင့်ခဲ့ပြီး ဩဂုတ်လထဲမှာ ထရမ့်ဒုတိယအစိုးရကသန်း၅၀အထိ တိုးမြှင့် ကြေငြာချက်ထုတ်ခဲ့ပေမယ့် အမေရိကန်ရေတပ်က လက်ရဖမ်းဆီးမိခဲ့လို့ ဆုကြေး ပေးစရာ မလိုတော့ပါဘူး။ တကယ်သွားဖမ်းရတဲ့ ကုန်ကျစားရိတ်ကတော့ ဆုကြေးထက် အများကြီး ပိုနိုင်ပါတယ်။ တကယ်လို့များ မအောင်မြင်ခဲ့ရင် တပ်သားအသက်၊ စစ်ယာဥ်/လက်နက်တင်မက အမေရိကန် ဂုဏ်သိက္ခာပါ ကျဆင်းသွားနိုင်လို့ အင်မတန် အလျော်အစားကြီးတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။
မာဒူရိုကို သွားဖမ်းရာမှာ ကုန်ကျတဲ့ စားရိတ်တွေကို ရေနံကနေ ပြန်ယူမှာဖြစ်ပြီး ဆိုရှယ်လစ် အာဏာရှင်စနစ်အောက်မှာ အဖက်ဖက်က ယိုယွင်းနေတဲ့ တိုင်းပြည်ရဲ့ infrastructure ကို ပြန်လည် တည်ဆောက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ပိုတာကတော့ ဗင်နီဇွဲလားပြည်သူတွေအတွက်ပါပဲ။ ဒါက ရေနံသိမ်းဖို့ ဝင်တာပါဆိုတဲ့ သုံးသပ်မှုတွေ မှားကြောင်းသက်သေပါ။ အမေရိကန်က ရေနံ ဓါတ်ငွေ့ကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့သာ အိုဘမလက်ထက်မှာ ရေနံစိမ်းတစည် ရာကျော်ခဲ့တာကနေ ထရမ့်လက်ထက်မှာ ထက်ဝက်လောက် ကျသွားအောင် ဘယ်သူ့ရေနံမှ သိမ်းစရာမလိုပဲ လုပ်နိုင်ခဲ့တာပါ။ ဗင်နီဇွဲလားက ရေနံကြွယ်ဝတယ်ဆိုပေမယ့် သူခိုးဈေးနဲ့ ရတာ အကုန်သုတ်တဲ့ တရုတ်ရယ် ကိုယ်ကျိုးရှာခြစားတဲ့ အာဏာရှင်ရယ် ပေါင်းတော့ တိုင်းပြည်က ဖွတ်တက်သလိုပါပဲ။
ဗင်နီဇွဲလားက အခုအချိန်မှာ မွဲတယ်ဆိုပေမယ့် ၁၉၉၂တုန်းက ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံတွေထဲက တခုဖြစ်ခဲ့ပါတယ်။ ၁၉၉၈မှာ ဆိုရှယ်လစ်ချင်တဲ့ ဟူဂိုချားဗက်စ်တက်မလာခင် အိမ်ခန်း၊ ကား၊ ဓါတ်ဆီဆိုင် ၁ဆိုင်ပိုင်တဲ့ မိသားစုတခုက တလကို $၁၀၀၀-၃၀၀၀နဲ့ ညီမျှတဲ့ဝင်ငွေ ရှိခဲ့တာကနေ ၂၀၁၆ မာဒူရိုလက်ထက်ကျတော့ တလ $၁၀၀ နဲ့ညီမျှတဲ့ ဝင်ငွေလောက်ပဲ ရှိတော့တဲ့အပြင် အစစရှားပါး ဈေးကြီးပြီး ရေနဲ့မီးပါ ပုံမှန်မရတော့တဲ့ အခြေအနေအထိ ဖြစ်သွားခဲ့တာပါ။ ၂၀၀၁မှာ income inequality ကို တိုက်ဖျက်၊ ၂၀၀၄မှာ အခမဲ့ကျန်းမာရေးလုပ်၊ ၂၀၀၇မှာ တက္ကသိုလ်တွေ အခမဲ့ စတဲ့ ဘာနေဆန်းဒါးစ်ကတောင် ချီးကျူးရတဲ့ လူပိန်းကြိုက် လက်ဝဲမူတွေနဲ့ ဆက်တိုက် မဲချူလာခဲ့တဲ့နောက် ငွေဖောင်းပွမှုတွေ ခြစားမှုတွေ အုပ်ချုပ်မှုအလွဲတွေ ဖြစ်လာခဲ့ပြီး ငွေစက္ကူတွေ လှိမ့်ထုတ်တဲ့အတွက် ငွေဖောင်းပွမှုက ၂၀၁၉တနှစ်ထဲမှာတင် ၃၄၄၅၀၉% ဆိုတော့ OMG လို့ပဲ ဆိုချင်ပါတယ်။ ၂၀၀၀ခုနှစ် အစောပိုင်းတွေက ၁ဒေါ်လာကို ၂.၅ VES ရှိခဲ့တာက အခုအချိန်မှာ ၃၀၀ကျော် ဖြစ်လာခဲ့ပါပြီ။ အဲဒါကြောင့်လည်း ပြည်သူ ၈သန်း ပြည်ပကို ပြေးကုန်ကြတဲ့အတွက် ဒေသတွင်းတည်ငြိမ်မှုပါ ပျက်ပြားစေပါတယ်။
အီရန်လည်း အလားတူပါပဲ။ ရီဇာပါလာဗီဘုရင်လက်ထက်မှာ အနောက်နိုင်ငံတွေနဲ့ ရင်ဘောင်တန်းပြီး တိုးတက်ခဲ့တဲ့အခြေအနေကနေ အဖက်ဖက်က ဆုတ်ယုတ်လာခဲ့တာပါ။ ၁၉၇၀တုန်းက ၁ဒေါ်လာကို ၇၀ IRR ရှိတာကနေ ၉၀လွန်နှစ်တွေမှာ ၁၇၅၀၊ ၂၀၂၀မှာ ၁သိန်းလောက်နဲ့ အခုအချိန် ပြင်ပဈေးကွက်မှာ ၁USD = IRR ၆သိန်းကနေ ၁.၄သန်း ဖြစ်နေပြီလို့တောင် ဆိုကြပါတယ်။ တရားဝင်ငွေဈေးကတော့ 1USD = 42,089 IRR ပါ။ အာဏာရှင်အကြမ်းဖက်နိုင်ငံဖြစ်တော့ စစ်အင်အားကို အဓိကထားတာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦတွေက ပျက်စီးယိုယွင်းလာပါတယ်။ မီးတောင် မမှန်တော့ပါဘူး။ ရေနံကိုလည်း ဗင်နီဇွဲလားလိုပဲ သူခိုးဈေးနဲ့ မြီရှင်တရုတ်ဆီက ပိုက်ဆံကြိုယူရောင်းစားနေရပါတယ်။ ဒီလိုဖြစ်နေတဲ့ တိုင်းပြည်တွေမှာ အာဏာရှင်တွေပြုတ်ကျရင် ပြည်သူတွေ ပျော်မလား စိတ်ဆိုးမလား သိပ်ခက်ခက်ခဲခဲ စဥ်းစားဖို့ လိုမယ်မထင်ပါဘူး။
မာဒူရိုက အဖမ်းမခံရခင်ရက်ပိုင်းမှာတင် ငါက အမေရိကန်လိုချင်တဲ့ မူးယစ်ဆေးထိန်းချုပ်ဖို့နဲ့ ရေနံကိစ္စ ညှိနှိုင်းဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပေမယ့် သူ့ကို နှစ်နဲ့ လနဲ့ချီ စောင့်ကြည့်နေခဲ့တဲ့ အမေရိကန်တွေက ယုံမှာ မဟုတ်ပါဘူး။ မာကိုရူဘီယိုကတော့ ငါတို့သူ့ကို အချိန်ပေးခဲ့တယ်၊ သူသာလိမ္မာရင် တတိယနိုင်ငံ တခုခုမှာ ငြိမ့်နေလောက်ပြီ၊ ဒါပေမယ့် သူက အာခံချင်တော့ အခုလို အဆုံးသတ်သွားခဲ့တာပါလို့ ဆိုပါတယ်။ မာဒူရိုကို ဖမ်းခဲ့တဲ့ သမ္မတနန်းတော်က ခံတပ်ကြီးတခုလို ဆောက်ထားပြီး လုံခြုံရေးအပြည့် စီစဥ်ထားပေမယ့် အမေရိကန်က ဗင်နီဇွဲလားရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို အရင်ဖျက်၊ လေတပ်အခြေစိုက်စခန်းတွေ၊ လေဆိပ်၊ သင်္ဘောဆိပ်နဲ့ အရေးကြီးတဲ့ command center တွေကို ဗုံးကြဲပြီးမှ ချက်ချင်း ဝင်ခဲ့တာဖြစ်လို့ ပြန်ခုခံချိန်တောင် မရလိုက်ပါဘူး။ အီရန်က ဆိုလေမာနီကို လုပ်ခဲ့သလိုမျိုး လုပ်ကြံရုံသက်သက်ဆို ဒီထက် အများကြီးလွယ်ပြီး အကုန်သက်သာမှာပါ။
ဘုရှ်က အီရတ်က ဆက်ဒမ်ဟူစိန်ကို ဝင်ဖမ်းတုန်းက လူအစုအပြုံသတ်နိုင်တဲ့ weapon of mass destruction ရှိတယ်လို့ လိမ်ပြီး ဝင်တိုက်ခဲ့တာပါ။ ကုန်ကျစားရိတ်က တိုက်ရိုက်ကုန်ကျတာတင် ဘီလီယံ ရာနဲ့ချီပါတယ်။ ခုထိပေးနေရတဲ့ ဆက်စပ်ကုန်ကျစားရိတ်တွေပါဆို ၂-၃ထရီလီယံလောက်ထိ ဖြစ်သွားမှာပါ။ အဆိုးဆုံးက အမေရိကန်စစ်သည် ၄၅၀၀ခန့်နဲ့ အီရတ်အရပ်သား သိန်းချီ အသက်ပေးလိုက်ရတာပါ။ ပိုက်ဆံက ပြန်ရှာရင်ရပေမယ့် သေသွားတဲ့သူက ပြန်ရှင်မလာတော့ပါဘူး။ အခုစစ်ဆင်ရေးမှာ အမေရိကန် ဘက်က အသေအပျောက်မရှိတဲ့အပြင် ဗင်နီဇွဲလားဘက်မှာပါ အရပ်သား ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ကြတာပါ။ ဒါက ပြည်သူ့အသက်၊ လူ့အသက်ကို အင်မတန် တန်ဖိုးထားတဲ့ သမ္မတထရမ့်ရဲ့ မူပါပဲ။ မဒူရိုကို ဖမ်းတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောစဥ်မှာလည်း သူ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေခဲ့တာရယ် စစ်တွေကြောင့် လူငယ်တွေ အလဟဿ အသက်ဆုံးနေတာတွေကို ရပ်တံ့စေဖို့ သူကြားဝင်စေ့စပ်ပေးနေတဲ့ စစ်တွေအကြောင်းတွေပါ မှတ်မှတ်ရရ ပြောသွားခဲ့ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားကို ဝင်တာဟာ မူးယစ်ဆေးက အဓိကဖြစ်သလို ရေနံကလည်း အဓိက ကျပါတယ်။ ဒါပေမယ့် ရေနံဝင်သိမ်းတာမျိုးလုပ်ဖို့ မဟုတ်ပါဘူး။ ဗင်နီဇွဲလားနဲ့ အီရန်တို့ကို အမေရိကန်က ဆန်ရှင်လုပ်ထားပေမယ့် သူတို့က တရုတ်ကို သူခိုးဈေးနဲ့ ခိုးရောင်းနေဆဲပါ။ တရုတ်က တနေ့ စည်၆သိန်းကျော်နဲ့ ထုတ်သမျှရဲ့ ၈၀%လောက် ဝယ်နေတဲ့ ဗင်နီဇွဲလားရဲ့ အကြီးဆုံး ရေနံ ဝယ်လက်ပါ။ တလောက အမေရိကန်တပ်တွေ ဖြတ်သိမ်းလိုက်တဲ့ ရေနံတင်သင်္ဘောတွေက တရုတ်ကိုသွားမယ့်ဟာတွေ ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ်ရေနံတင်သွင်းမှုရဲ့ ၅% လောက်ပဲ ဖြစ်ပေမယ့် အမေရိကန်ရဲ့ နောက်ဖေးမှာ တရုတ်တွေခြေရှုပ်နေတာကို အတော်ဟန့်တားသွားစေမှာပါ။
တရုတ်က အီရန်ရဲ့ ပင်လယ်ကနေတင်ပို့တဲ့ ရေနံစိမ်းအားလုံးရဲ့ ၉၀% ခန့်ဖြစ်တဲ့ တရက်ကို စည် ၁.၄-၁.၆သန်း ကို ဝယ်ယူနေပါတယ်။ တရုတ်ရေနံတင်သွင်းမှုရဲ့ ၁၄-၁၅% လောက်ပါ။ တခါတလေ ၂၀% ကျော်ပါတယ်။ ဒီ ၂နိုင်ငံကရေနံကို အများဆုံးဝယ်ယူနေတာက တရုတ်ပြည်က ရေနံချက်စက်ရုံ အသေးလေးတွေပါ။ အဓိကက ဆန်ရှင်တွေကြောင့် ခိုးရောင်းရတာဖြစ်လို့ ဈေးပေါတာကြောင့်ပါ။ ဗင်နီဇွဲလားက ရေနံစိမ်းက အင်မတန်ပျစ်ပြီး ကန့်ပါဝင်မှုများတော့ အမေရိကန်ရဲ့ အဆင့်မြင့် နည်းပညာနဲ့ ကျိုချက်မှသာ ပတ်ဝန်းကျင်အတွက် ကောင်းမှာဖြစ်တဲ့အပြင် တူတူတန်တန် ဈေးနဲ့ ဝယ်ယူမှာဖြစ်လို့ တကယ်ဆို အမေရိကန်ရေနံ ကုမ္ပဏီတွေ ဗင်နီဇွဲလားကိုဝင်တာ ဒီမိုကရက်တွေ ဝမ်းတောင် သာရဦးမှာပါ။ ပြည်သူတွေကတော့ အလုပ်ရ၊ ရေနံဝင်ငွေတိုး၊ အခြေခံအဆောက်အဦ ကောင်းအောင် လုပ်ပေးရင် ဝမ်းသာကြပါလိမ့်မယ်။
ဗင်နီဇွဲလားရဲ့ နောက်ပြဿနာတခုက သူတို့ဟာ မဲပေးစနစ်/မဲရေစက် မသမာမှုတွေရဲ့ မြစ်ဖျားခံရာ ဖြစ်နေနိုင်တာပါပဲ။ ဒိုမီနီယံမဲရေစက်တွေနဲ့ ပေါင်းခဲ့တဲ့ မဲပေးစနစ် ဆော့ဖ်ဝဲ စမတ်မက်တစ်ကို တည်ဆောက်ခဲ့တာက ဗင်နီဇွဲလားက အင်ဂျင်နီယာတွေပါ။ သူတို့မဲပေးစနစ် နာမည်ကြီးလာတာက ၂၀၀၄မှာ ဗင်နီဇွဲလားက ဟူဂိုချာဗက်စ် ပြန်လည်ရွေးကောက် မခံခင် နဂိုရှိတဲ့မဲပေးစနစ်ကို စမတ်မက်တစ်နဲ့ အစားထိုးခဲ့လို့ပါ။ ဆိုရှယ်လစ်လို့ ကြွေးကြော်ပြီး တက်လာတဲ့သူက သန့်ရှင်းတဲ့ မဲနဲ့ တက်လာတယ်ဆိုရင်တောင် အလွန်ဆုံး ပထမဆုံးတကြိမ်ပဲ ဖြစ်မှာပါ။ နောက်အကြိမ်တွေမှာတော့ ကြံကြ ဖန်ကြရတာချည့်ပါပဲ။ ၂၀၀၆မှာတော့ သူတို့ထက် အများကြီး ပိုကြီးတဲ့ ဆီကွိုင်းယားမဲပေးစနစ် ကို ဝယ်ယူပြီး ကမ္ဘာပေါ်က နိုင်ငံအတော်များများကို မဲပေးစနစ်/ မဲရေစက်တွေကို ရောင်းချပေးနေတာပါ။
စမတ်မက်တစ်ကလည်း ဖိလစ်ပိင်းမှာ မဲရေစက်ကန်ထရိုက်ရဖို့ လာဘ်ပေးတာတွေ လုပ်ခဲ့သလို ၂၀၂၀ အမေရိကန်ရကပ မှာလည်း မသမာမှုတွေလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။ ဗင်နီဇွဲလားရဲ့ ၂၀၂၄ရကပမှာ ၂၀၂၅ ငြိမ်းချမ်းရေးနိုဘယ်ဆုရ အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ဝင်ပြိုင်ခွင့် မရှိပေမယ့် သူ့အစား ဝင်ပြိုင်ခဲ့တဲ့ Edmundo González က မဲ ၃ပုံ ၂ပုံ ရခဲ့တယ်လို့ မဲပေးပြီး ပြန်ထွက်လာသူတွေကို ကောက်တဲ့စစ်တမ်းက ဖော်ပြပါတယ်။ ဒါပေမယ့် မဒူရိုက သူနိုင်တယ်လို့ပဲ ကြေငြာခဲ့ပြီး အာဏာဆက်ထိန်းထားခဲ့တာပါ။
မာချာဒိုနဲ့ ဂွန်ဇာလေ့စ်တို့က မဒူရိုမရှိတော့တဲ့တိုင်းပြည်ကို ဦးဆောင်မှုပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဒုသမ္မတ Delcy Rodriguez က ဗင်နီဇွဲလားမှာ အမေရိကန်ညွှန်ကြားမှုအတိုင်း လုပ်ပေးဖို့ သဘောတူထားသလို စစ်တပ်ကလည်း မဒူရိုနဲ့ ပေါင်းစားနေတာဖြစ်တော့ လောလောဆယ် ဗင်နီဇွဲလား ဆူပရင်းမ်ကုတ်က ဒယ်လ်စီကိုပဲ သမ္မတတင်ထားပါတယ်။ အတိုက်အခံကို မတင်တဲ့အပေါ် မာကိုရူဘီယိုက မဒူရိုလုပ်သွားတဲ့ ပြဿနာတွေကို သူ့လူနဲ့ လက်တွေ့ကျကျ အရင်ရှင်းခိုင်းမယ့်သဘော ပြောသွားပါတယ်။ ပြုပြင်ပြောင်းလဲရမှာတွေက အများကြီးပါ၊ ဒါပေမယ့် လတ်တလောမှာ အမေရိကန်နဲ့ နိုင်ငံတကာပိုင်းကို အရင်ကိုင်တွယ်ရမယ်လို့ ရူဘီယိုက ဆိုပါတယ်။ သမ္မတထရမ့်က ဝါရှင်တန်ရဲ့ တောင်းဆိုမှုတွေကို မလုပ်ပေးရင် မဒူရိုထက် ဆိုးတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဒယ်လ်စီကို သတိပေးထားပါတယ်။ အမေရိကန်တပ်တွေကတော့ ကာရစ်ဘီယံထဲမှာပဲနေပြီး ရေနံ အဝင်အထွက်ကို ပိတ်ဆို့ထားဦးမှာပါ။ လိုအပ်လာရင် စစ်အင်အားထပ်သုံးမယ်လို့လည်း ဆိုပါတယ်။
မဒူရိုကို ဖမ်းသွားတဲ့အပေါ် ကမ္ဘာ့စိတ်အပူနိုင်ဆုံး အန်အဖွဲ့ကြီး၊ တရုတ်၊ ရုရှားနဲ့ မက္ကဆီကိုတို့က ရှုတ်ချကြပေမယ့် ဒေါအပွဆုံးကတော့ ကျူးဘားက ကွန်မြူနစ်အာဏာရှင် Miguel Diaz-Canel ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဗင်နီဇွဲလားက သူ့အိတ်ထဲ ရောက်နေသလောက် ဖြစ်နေလို့ပါ။ ဗင်နီဇွဲလားက ကျူးဘားကို သူခိုးဈေးနဲ့ ရေနံရောင်းပေးသလို ကျူးဘားက မဒူရိုအစိုးရ သက်ဆိုးရှည်အောင် ဆရာဝန်တွေ မွေးထုတ်တာ၊ စစ်ရေး၊ ထောက်လှမ်းရေး အကြံပေးတာတွေ လုပ်ပေးပါတယ်။ မဒူရိုအနားက လုံခြုံရေးပေးသူတွေ၊ အကြံပေးတွေကအစ ကျူးဘန်းတွေဖြစ်နေတယ်လို့ ကျူးဘန်းနွယ်ဖွား ရူဘီယိုက ဆိုပါတယ်။
၂၀၂၀ ပထမထရမ့်အစိုးရက မဒူရိုအပေါ် လေနဲ့ပဲ ကြမ်းရဲတာပါ၊ တကယ်မလုပ်ဝံ့ပါဘူး ဆိုပြီး ဝေဖန်ခဲ့ကြတဲ့ ရှူးမားနဲ့ ဘိုင်ဒန်တို့ ဒီမိုကရက်တွေက ပြီးခဲ့တဲ့ ၂၀၂၁-၂၄မှာလည်း မဒူရိုတို့ကို ဘာမှ ထိထိရောက်ရောက် မဆုံးမခဲ့တဲ့အပြင် တကယ်ဆော်ပြပြန်တော့လည်း ဝိုင်းကန့်ကွက်နေပြန်ပါတယ်။ အမေရိကန်တွေကတော့ အခုလို အာဏာရှင်ကို မြန်မြန်ဆန်ဆန် လင်းယုန်သုတ်တာမျိုးအပေါ် ပြဿနာမရှိပေမယ့် အီရတ်တုန်းကလို တပ်တွေ ရေရှည်ဝင်ပါနေရမယ့် အနေအထားမျိုးဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။ အဲဒီလူတွေကို မာကိုရူဘီယိုက ဒီဒေသကလူတွေဟာ အရှေ့အလယ်ပိုင်းကနဲ့ မတူဘူး၊ အဲလိုဖြစ်လာစရာမရှိဘူးလို့ ပြောသွားပါတယ်။