ဇန်နဝါရီ ၉ရက် ၂၀၂၆

အီရန်မှာ ဆန္ဒပြပွဲတွေလုပ်လာတာ ဒီဇင်ဘာ ၂၈ကထဲကဖြစ်ပြီး တနေ့ထက်တနေ့ ပိုကြီးထွား လာနေပါတယ်။ တချို့မြို့တွေမှာ ရဲတပ်ဖွဲ့က ပြည်သူကို မနှိမ်နှင်းတော့ပဲ လွှတ်ထားလိုက်တာ၊ ၊ အမျိုးသမီးတွေက ပါးရှန်းယဥ်ကျေးမှုမဟုတ်ပဲ အာရပ်ထုံးစံကလာတဲ့ ခေါင်းနဲ့ မျက်နှာကို ဖုံးတာတွေကို မီးရှို့ကြ၊ ဆန္ဒပြလူအုပ်ကြီးတွေက ပလီတွေထဲဝင်ပြီး အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ်ပလီဆရာတွေကို အော်ဟစ်ကြ၊ အစုအဝေးနဲ့ ခရစ်ယာန်ဘာသာကို ကူးပြောင်းကြ စသဖြင့် သတင်းမျိုးစုံ ကြားနေရပါတယ်။ အာဏာရှင်တပ်တွေ ပစ်ခတ်နှိမ်နှင်းရာမှာ သေဆုံးသွားခဲ့တဲ့ ဆန္ဒပြလူငယ်လေးတွေရဲ့ ပုံတွေကိုလည်း ဂုဏ်ပြုဖြန့်ဝေနေကြပါတယ်။ သေဆုံးသူခန့်မှန်းခြေ ၃၆-၆၄ဆိုပေမယ့် ဆေးရုံရပ်ဝန်းကတော့ သေဆုံးသူ ၂၀၀ကျော်ပြီလို့ ဆိုပါတယ်။

အစ္စရေးဝကခ နေတန်ယာဟူက ပါးရှန်းပြည်သူတွေကို မင်းဆိုးမင်းညစ်ကို ဆန့်ကျင်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်းနေခဲ့တာပါ၊ နောက်ဆုံးတကြိမ်က ရေရှားပါးမှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဩဂုတ်လကမှပါ။ အစ္စရေးရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ အီရန်ရေပြဿနာကို ကူညီဖြေရှင်းပေးမယ်၊ ဒီအစိုးရဆိုး အောက်ကသာ လွတ်အောင်လုပ်ကြလို့ တိုက်တွန်းခဲ့တာဖြစ်လို့ အီရန်ပြည်သူတွေ တာဝန်ကျေဖို့ပဲ လိုပါတယ်။ ကူညီကြမယ့်သူတွေက အဆင်သင့်ပါ။ အီရန်အစိုးရက ဘာသာရေးအကြောင်းပြ ပြည်သူကို ဖိနှိပ်ထားပြီး ရသမျှပိုက်ဆံကို သူတို့အာဏာကျယ်ပြန့်ဖို့ အကြမ်းဖက်တွေ လေ့ကျင့် ပံ့ပိုးပေးတာမှာ ဦးစားပေးသုံးတော့ ပြည်သူက အလိုလို ဘိတ်ချေးကို ရောက်သွားတော့တာပါပဲ။

အမေရိကန်မှာနေတဲ့ မင်းသားရီဇာပါလာဗီက အီရန်ပြည်သူတွေကို ကြာသပတေးနဲ့ သောက်ြာနေ့ ည၈နာရီတွေမှာ ဆန္ဒပြကြဖို့ လှုံ့ဆော်ပေးတဲ့အတွက် နာရီထိုးသံနဲ့အတူ ပြည်သူတွေရဲ့ “အာဏာရှင် ကျဆုံးပါစေ၊ အစ္စလာမ်စ်သမ္မတနိုင်ငံ ကျဆုံးပါစေ”ဆိုတဲ့ ဆန္ဒပြ ကြွေးကြော်သံတွေက တီဟီရန်မှာ ဟိန်းထွက်လာခဲ့ပါတယ်။ မင်းသားရီဇာပါလာဗီရော အီရန်ပြည်သူအများစုရောက မူဆလင်တွေပါပဲ။ သူတို့က ဘာသာကိုဆန့်ကျင်နေတာမဟုတ်ပါဘူး၊ ဘာသာကို ခုတုံးလုပ်ပြီး ပြည်သူကို နှိပ်ကွပ်နေသူတွေရော၊ နှိပ်ကွပ်နေတဲ့ စနစ်ကြီးကိုပါ ရှင်းပစ်ချင်ရုံပါ။

ဆန္ဒပြအီရန်ပြည်သူတွေဟာ သူတို့ကို အနီးကပ်ဖိနှိပ်နေတဲ့ ဒေသန္တရ အုပ်ချုပ်သူတွေ ရုံးတွေကို တိုက်ခိုက်လာကြတဲ့အတွက် အုပ်ချုပ်သူတွေအတွက် ကိုင်တွယ်ဖို့အခက်အခဲများစွာ ရှိလာပါတယ်။ အုပ်ချုပ်ရေးယန္တယား ပျက်ယွင်းစေဖို့ ဦးတည်လာကြပုံပါပဲ။ သမ္မတထရမ့်ကလည်း မင်းတို့စပစ်ရင် ငါတို့ကလည်း ပစ်ရလိမ့်မယ်လို့ ရာဇသံပေးထားတဲ့အပြင် တောင်အမေရိကရဲ့ အဆင့်မြင့်ဆုံး ကာကွယ်ရေးစနစ်ရှိတဲ့နိုင်ငံက မဒူရိုကို သုတ်သွားတာ မျက်မြင်တွေ့ထားတော့ အကြမ်းပတမ်း ကိုင်တွယ်တာတွေ ဆက်လုပ်တာ သိပ်မတွေ့ရပါဘူး။

အဲဒီလို ဆန္ဒပြလာတာကို ကြောက်ကြတဲ့ အုပ်ချုပ်သူတွေဟာ အင်တာနက်ဖြတ်၊ ဖုံးလိုင်းတွေ၊ မီးတွေ ဖြတ်တဲ့အပြင် ဂြိုလ်တုဆစ်ဂ်နယ်တွေပါ ဖြတ်ဖို့ ကြိုးစားလာကြပါတယ်။ အမှောင်ထဲမှာ ရက်ရက်စက်စက် နှိမ်နှင်းတာတွေ လုပ်မှာစိုးလို့ ရှားမင်းသားက အမေရိကန်ကို ဝင်ကူဖို့ ပြောနေပါပြိ။ မြို့ကြီး၂မြို့ထဲက တမြို့ကို ဆန္ဒပြသူတွေ ထိန်းချုပ်လိုက်ပြီလို့ သတင်းထွက်လာပါပြီ။ မင်းသားပါလာဗီက တိုင်းပြည်အတွက် လိုအပ်ရင် ပြည်သူက ဆန္ဒရှိရင် အပြောင်းအလဲကာလမှာ တည်ငြိမ်အောင် ခေတ္တဝင်ထိန်းပေးဖို့ ဝန်မလေးကြောင်း အကြိမ်ကြိမ်ပြောထားပေမယ့် သူဟာ အမေရိကန်မှာ အသက် ၁၇ထဲက ရောက်နေတာဖြစ်လို့ သူသိတဲ့ဘဝက အမေရိကန်မှာပဲရှိတယ်လို့ ပြောထားပါတယ်။ သမ္မတထရမ့်က သူအနေနဲ့ ပါလာဗီမင်းသားနဲ့ တွေ့ဆုံဖို့ ခုအချိန်မှာ မသင့်တော်ဘူးလို့ ဆိုပါတယ်။

ဗင်နီဇွဲလားပြည်သူအများစုက မဒူရိုကို မကြိုက်ကြသူများပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေ ပျော်နေတဲ့ပုံတွေပဲ တက်လာတာများတာပါ။ ဒါပေမယ့် မဒူရိုနေရာမှာ အတိုက်အခံကို တင်ဖို့ကျတော့ အတိုက်အခံခေါင်းဆောင်တွေက ပြည်ပမှာဖြစ်နေသလို အစိုးရအဖွဲ့ဖွဲ့ဖို့ အဆင်သင့်ဖြစ်ပုံ မရတဲ့အပြင် ပြည်သူတွေကလည်း မဒူရိုအစိုးရရဲ့ အုပ်ချုပ်မှုစနစ်ကို အီရန်ပြည်သူတွေလုပ်နေသလို တိုက်ဖျက်ဖို့ ကြိုးစားနေကြတာ မတွေ့ရဘူးလို့ ဂျော့တောင်းတက္ကသိုလ်သုတေသနဌာနရဲ့ ဥက္ကဋ္ဌ strategic communication & unconventional conflict ပညာရှင် ဂျေမိုက်ကယ်ဝေါ်လာက ဆိုပါတယ်။

အမေရိကန်က ကမ္ဘာ့အကြီးဆုံးရေနံသိုက်ရှိတဲ့ ဗင်နီဇွဲလားက ရေနံတွေကို ဝင်ပြီး စီမံခန့်ခွဲချင်တာဟာ မောင်ပိုင်စီးချင်ခွတုတ်ခင်လို့ဆိုရင်မှားပြီး အမြတ်လိုချင်လို့ဆိုတာထက်လည်း အများကြီးပိုပါတယ်။ ရေနံကြွယ်ဝတဲ့ ဗင်နီဇွဲလားကို အရည်အချင်းမရှိသူက ပြည်တွင်းဒုစရိုက်သမားတွေ၊ တရုတ်၊ ရုရှား၊ ကျူးဘား၊ အီရန်စတဲ့ အမေရိကန်ကို ရန်လိုတဲ့ ပြည်ပ အာဏာရှင်နိုင်ငံတွေရဲ့ အကူအညီ အကာအကွယ်နဲ့ အုပ်ချုပ်သူနေရာ ယူထားတာဖြစ်ပြီး အဆိုပါနိုင်ငံတွေက အမေရိကန်ကို  ပြဿနာပေးဖို့ နည်းလမ်းပေါင်းစုံကိုလည်း မူးယစ်ခေါင်းဆောင် မဒူရိုက လုပ်ပေးရတာဖြစ်ပါတယ်။

အဲဒီအတွက် အမေရိကန်ရန်က ကာကွယ်ဖို့ရော သူတို့ရဲ့ ရေဒါစနစ်၊ လေကြောင်းကာကွယ်ရေးစနစ်၊ ဆက်သွယ်ရေးစနစ်၊ ပြည်သူကို မျက်စေ့ဒေါက်ထောက်ကြည့်ဖို့စနစ် စတာတွေအားလုံးကို မဒူရိုက ဝယ်ရပါတယ်။ ပိုက်ဆံနဲ့မဝယ်နိုင်တဲ့အတွက် အကြွေးဝယ်ပြီး ရေနံကို သူခိုးဈေးနဲ့ ပြန်ရောင်းပေးပြီး ဆပ်ရပါတယ်။ ဒါကြောင့် ရေနံရောင်းစားနေတဲ့ရုရှားက ဗင်နီဇွဲလားကနေ သင်္ဘောတွေနဲ့ ရေနံ လာသယ်တာကို အမေရိကန်ရေတပ်က ဖမ်းမိသွားတာပါ။

အီရန်ကလည်း ဗင်နီဇွဲလားရေနံတွင်းတွေ ပြင်ဆင်ပေးတာ၊ ဆန်ရှင်ကိုကျော်ခွဖို့ ရေနံတင်သင်္ဘောတွေ ငှားပေးတာ၊ အီရန်ကျွမ်းကျင်တဲ့ ဒရုန်းနည်းပညာနဲ့ ကူပေးတာ၊​ စတာတွေလုပ်ပေးပြီး မဒူရိုဘက်က ဟဇ်ဘိုလာတွေအတွက် ဗင်နီဇွဲလားမှာ အထိုင်ချပြီး ရန်ပုံငွေရှာတာနဲ့ ထောက်ပို့လမ်းကြောင်းတွေ ဖော်ဆောင်တာတွေကို လုပ်ခွင့်ပေးရပါတယ်။

ကျူးဘားက ရေနံထွက်ပေမယ့် သုံးမလောက်တဲ့အတွက် ဗင်နီဇွဲလားနဲ့ ရုရှားကနေ သွင်းနေရတာပါ။ ဗင်နီဇွဲလားကနေ သူခိုးဈေးနဲ့ရတဲ့ ရေနံကိုသွင်းပြီး ရေနံဖိုးကို အဲဒီမှာလိုအပ်နေတဲ့ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ စစ်ထလရအကြံပေးတွေ ထောက်ပံ့ပေးခြင်းဖြင့် ပြန်ပေးပါတယ်။ ဗင်နီဇွဲလားရေနံက ကျူးဘားအတွက် မရှိမဖြစ်လိုအပ်ပေမယ့် ဆိုရှယ်လစ်ထုံးစံ မွဲပြာကျနေတော့ ငွေပေးပြီးလည်း မဝယ်နိုင်ပါဘူး။ အခုလို ဗင်နီဇွဲလားရေနံကို အမေရိကန်ထိန်းချုပ်လိုက်တော့ ကျူးဘားမှာလည်း စွမ်းအင်အကြပ်အတည်းတွေဖြစ်ပြီး လူထုအုံကြွမှု ဖြစ်လာနိုင်ပါတယ်။ အမေရိကန်အစိုးရက ကျူးဘားနိဂုံးချုပ်ဖို့ နီးနေပြီလို့ ဆိုပါတယ်။

ကျူးဘားကလည်း ဗင်နီဇွဲလားလိုပဲ အမေရိကန်နဲ့ ကပ်နေတဲ့ ဆိုရှယ်လစ်အာဏာရှင်ငမွဲနိုင်ငံဖြစ်တော့ တရုတ်က စိတ်တိုင်းကျ ဝင်ချယ်လှယ်နေတာပါ။ တရုတ်ကာကွယ်ရေးစနစ်နဲ့ ဟွားဝေဆက်သွယ်ရေး စနစ်နဲ့ဆိုတော့ တရုတ် proxy တွေပဲလို့ ဆိုနိုင်ပါတယ်။ မဒူရိုကို ဝင်ဖမ်းစဥ်မှာ ဗင်နီဇွဲလားရဲ့ ရေဒါစနစ်၊ လေကြောင်းကာကွယ်ရေးစနစ်၊ ဗင်နီဇွဲလားရဲ့ ဆက်သွယ်ရေးမဏ္ဏိုင်ဖြစ်တဲ့ ဟွားဝေကွန်ယက်၊ မီးပေးစနစ် စတာတွေကို အမေရိကန်တွေက ဟက်ခ်ပြီး သုံးမရအောင်လုပ်ခဲ့တာအပြင် ထောက်လှမ်းရေးစနစ် ကောင်းမွန်လှတဲ့အတွက် တရုတ်စီစီပီရဲ့ ဟွားဝေနဲ့ ကမ္ဘာကိုစိုးမိုးချင်တဲ့ အိပ်မက်ဟာ ဆောင်းအိပ်မက်လို ဖြစ်သွားခဲ့ပါတယ်။ ဗင်နီဇွဲလားနဲ့ ကျူးဘားလွတ်လပ်သွားရင် တရုတ်အတွက် အနောက်ကမ္ဘာခြမ်းမှာ ခြေလာရှုပ်ဖို့ အတော့ကို အခွင့်အလမ်းနည်းသွားတော့မှာပါ။ အမေရိကန်လုံခြုံရေးအတွက် လိုလားစရာအချက်တခုပါပဲ။

အီရန်ရဲ့ ရေနံ ၈၀%ကို တရုတ်က သူခိုးဈေးနဲ့ဝယ်နေတဲ့အတွက် အီရန်ပါ လွတ်လပ်သွားခဲ့ရင် ဗင်နီဇွဲလားနဲ့ အီရန်က ရနေတဲ့ တနေ့ စည် ၂သန်းနီးပါးကို လက်လွှတ်ရမှာဖြစ်ပြီး ရုရှားဆီက ဝယ်ပြန်ရင် tariff 500% ထိဦးမှာဆိုတော့ တရုတ်က သူ့ရဲ့ ဧရာမစွမ်းအင်လိုအပ်ချက်ကိုဖြည့်ဖို့ ပြဿနာအကြီးကြီး ရှိလာနိုင်ပါတယ်။ အေအိုင်ခေတ်ကို စိုးမိုးဖို့ထားဦး တိုင်ဝမ်ကို ဝင်တိုက်ချင်တယ်၊ တိုက်နိုင်တဲ့ စွမ်းအားလည်း တကယ်ရှိတယ်ဆိုရင်တောင်မှ စွမ်းအင်အတွက် စိတ်ပူနေရရင် မဖြစ်သေးဘူးလေ။

မဒူရိုအလွန်မှာ ဗင်နီဇွဲလားလိုသမျှ​အမေရိကန်ဆီကပဲ ဝယ်ရမှာဖြစ်လို့ ရုရှားအနေနဲ့ ဗင်နီဇွဲလားကို ဘာမှရောင်းလို့ရမှာမဟုတ်တော့သလို အရင်ကြွေးကျန်ရေနံနဲ့ ပြန်နှိမ်ယူမယ်ဆိုရင်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း တွက်ရတော့မှာဖြစ်ပါတယ်။ တဖက်မှာလည်း အမေရိကန်က ဆန်ရှင်လုပ်ထားတဲ့အတွက် ရုရှားကိုယ်တိုင်က ရေနံကို သူခိုးဈေးနဲ့ ရောင်းနေရတာပါ။ ဗင်နီဇွဲလားက ရေနံတွေ ဈေးကွက်ထဲကို အလုံးအရင်းနဲ့ရောက်လာလို့ ရေနံဈေး ဒီထက် ထပ်ကျလာရင် ရရှားအတွက် ရေနံရောင်းရတာ တွက်ခြေကိုက်ဖို့မလွယ်တော့ပါဘူး။ ဒီထက် ပိုဆိုးတာက သမ္မတထရမ့်က ကနေ့ကြေငြာလိုက်တဲ့ ရုရှားဆီက ရေနံဝယ်ယူနေသူတွေကို tariff 500% ချမှတ်မယ်ဆိုတာပါပဲ။ ရုရှားရေနံရဲ့ အကြီးဆုံးဖောက်သည်တွေက ကုန်သွယ်ရေးမှာ ခေါင်းမာသူ ၂ဦးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယဆိုတော့ ပွဲကတော့ ကြည့်ကောင်းဦးမှာပေါ့လေ။ ထရမ့်ကတော့ သူ့အနေနဲ့ ပူတင်ကို နှိပ်ကွပ်ချင်တာထက် ရုရှားစစ်သည် တလ ၂သောင်းခွဲ ၃သောင်းလောက် သေနေရတာကို ရပ်စေချင်တယ်လို့ ဆိုပါတယ်။ အာဏာရှင် ဆိုတာက ပြည်သူ့အသက်ထက် ကိုယ့်ထိုင်ခုံမြဲဖို့၊ ကိုယ်ရုပ်မပျက်ဖို့ပဲ ကြည့်ကြတာမဟုတ်လား။

သမ္မတထရမ့်ရဲ့ အစီအစဥ်အရ ဗင်နီဇွဲလားအစိုးရက ရေနံစည် သန်း၃၀-၅၀ အမေရိကန်ကိုပေးဖို့၊ နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ဖို့၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့၊ ပြစ်ဒဏ်၊ နိုင်ငံရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သဘောတူထားပြီး လက်ရှိသူတို့စနစ်ကြီးက အလုပ်မဖြစ်ဘူးလို့ ဝန်ခံသွားပါပြီ။​ အိမ်ဖြူတော်မှာ ကနေ့ပြုလုပ်တဲ့ သမ္မတထရမ့်နဲ့ ရေနံလုပ်ငန်းရှင်ကြီးများတွေ့ဆုံပွဲမှာ တချို့ကုမ္ပဏီတွေက ၂-၃နှစ်အတွင်း လက်ရှိထက် ၃ဆ ထုတ်လုပ်မယ်လို့ ပြောသွားပါပြီ။ သမ္မတထရမ့်က အတိုက်အခံ မာချာဒိုက တွေ့ခွင့်တောင်းတာကို လက်ခံလိုက်ပြီဖြစ်လို့ လက်ရှိဗင်နီဇွဲလားအစိုးရက အမေရိကန်တွေ တောင်းဆိုတာ မလိုက်လျောရင် သူတို့အနာဂတ်မကောင်းနိုင်ဘူးဆိုတာ သဘောပေါက်ပုံရပါတယ်။ မဒူရိုကို အမေရိကန် ဒီမိုကရက်တွေကလွဲလို့ ဘယ်သူလွမ်းနေပုံ မရတော့ပါဘူး။ ဒါကလည်း အာဏာရှင်တိုင်း ကြုံလာရမယ့် အနေအထားပါ။

အမေရိကန်ရဲ့ရန်ဖက်၊ လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ ရန်သူဖြစ်တဲ့ တရုတ်နဲ့ ရုရှားအကြပ်တွေ့ရင် သူတို့ကျောထောက်နောက်ခံပေးထားတဲ့ ကမ္ဘာတလွှားက အာဏာရှင်တွေလည်း မျက်ခုံးလှုပ်တော့မှာပါ။မဒူရိုကို ဖမ်းခေါ်သွားတာနဲ့ပတ်သက်ပြီး တရုတ်ပြည်က နက်တီဇင်တွေကတော့ သူတို့ခေါင်းဆောင်ကြီး မဟုတ်တဲ့အတွက် “မင်းမဟုတ်ပြန်ဘူး” “Unfortunately, it’s not you” ဆိုတဲ့ အလွမ်းသီချင်းတပုဒ်ကို ဆိုညဥ်းနေကြပါတယ်။

Leave a comment