ဇန်နဝါရီ ၁၄ရက် ၂၀၂၆

မဒူရိုကျပြီး ကျူးဘားကို ရေနံနဲ့ ငွေအဝင် လုံးဝမရှိအောင် ပိတ်ဆို့ထားတဲ့အတွက် မဟာမိတ်ကြီး ရုရှားရော ကိုယ့်ပြည်သူကိုယ် ဖိနှိပလို့ ပိတ်ဆို့ခံထားရတဲ့နိုင်ငံတွေကို ဂုတ်သွေးစုတ်အမြတ်ထုတ်ပြီး ကျားကန်ပေးနေတဲ့ တရုတ်ရော ဝင်မကူဝံ့ကြတဲ့အတွက် စီးပွားရေးပြိုလဲဖို့ နီးသထက် နီးလာပါပြီ။  အီရန်အာဏာရှင်တွေကလည်း ထိုင်ခုံလှုပ်နေတဲ့အပြင် ဆီးရီးယား၊ နိပေါ၊ ဘင်္ဂလာဒေ့ရှ်က သူတို့နဲ့ အလွမ်းသင့်တဲ့သူတွေပါ အာဏာလက်မဲ့ဖြစ်ကုန်တဲ့အတွက် တရုတ်တို့ရဲ့ လက်တံက ကျုံ့သထက်ကျုံ့ လာနေပါတယ်။ အမေရိကန်ကတော့ ဗင်နီဇွဲလားက ရေနံပထမဆုံးအသုတ်ကို သန်း၅၀၀နဲ့ ရောင်းထွက်သွားပါပြီ။ လာမယ့်ရက်တွေ ရက်သတ္တပတ်တွေမှာ ထပ်လာဦးမယ်လို့ ဆိုပါတယ်။

သမ္မတထရမ့်က အစောပိုင်းက အီရန်ရဲ့ ဖြစ်လာနိုင်တဲ့ အသွင်ကူးပြောင်းရေးကာလအတွက် အမေရိကန်မှာ နေထိုင်တဲ့ နန်းကျရှားဘုရင်ရဲ့သားကြီး မင်းသားရီဇာပါလာဗီကို ချက်ချင်း လက်ခံမတွေ့သေးပဲ ပြည်သူကြားထဲ ခေါင်းဆောင် ဘယ်သူတွေ ထွက်လာဦးမလဲဆိုတာ စောင့်ကြည့်ဦးမယ်လို့ ပြောခဲ့ပါတယ်။ သတင်းတခုမှာတော့ သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff နဲ့ ပါလာဗီတို့ တွေ့ပြီးပြီလို့ ဆိုပါတယ်။

အီရန်ရဲ့ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် Maryam Rajavi ဟာ လက်ရှိပြင်သစ်မှာ နေထိုင်နေပြီး အချက် ၁၀ချက်ပါတဲ့ အသွင်ကူးပြောင်းရေးစီမံကိန်းကို အဆိုပြုထားခဲ့တာ နှစ်အတန်ငယ်ရှိသွားပါပြီ။ အဆိုပါ သူမဟာ မိုက်ခ်ပန့်စ်တို့ ပွန်ပေယိုတို့လို နီယိုကွန်တွေနဲ့ ရင်းနှီးမှုရှိထားပေမယ့် ပြည်ပက စစ်ရေးစွက်ဖက်မှုကို လုံးဝလက်မခံသူဖြစ်ပါတယ်။ သူမက ပြည်တွင်းက အပြောင်းအလဲကို ပြည်သူတွေကိုယ်တိုင် ဖော်ဆောင်ရမယ်လို့ ယုံကြည်သူဖြစ်ပြီး ခုချိန်အထိ သမ္မတထရမ့်ကို ဆက်သွယ်ခြင်း ရှိပုံမရပါဘူး။

ပါလာဗီမင်းသားကတော့ သမ္မတထရမ့်ထံ အကြိမ်ကြိမ်တွေ့ခွင့်တောင်းသလို ရက်ရက်စက်စက် အသတ်ခံနေရတဲ့ အီရန်ပြည်သူတွေကို ကူညီဖို့ မေတ္တာရပ်ခံတိုက်တွန်းစာတွေ ပေးပို့နေခဲ့တာပါ။ တဖက်မှာလည်း အီရန်မှာ စစ်တပ်က နယ်ခြားကာကွယ်ရေးအတွက် Islamic Republic of Iran Army (Artesh) နဲ့ အုပ်ချုပ်ရေးစနစ်ကို ကာကွယ်/ အုပ်ချုပ်သူကို သစ္စာခံတဲ့ Islamic Revolutionary Guard Corps (IRGC) ဆိုပြီး ၂မျိုးရှိပါတယ်။ ၂ခုလုံးမှာ ကြည်း၊ ရေ၊ လေတပ်တွေ သီးသန့်စီ ရှိကြပြီး အင်အားကြီးတဲ့ IRGCမှာ Basij Resistance Force ဆိုတဲ့ ဘာသာရေးကုဒ်တွေ လိုက်နာအောင် ကြတ်မတ်ဖို့နဲ့ ပြည်တွင်းလုံခြုံရေးအတွက် စွမ်းအားရှင်လို လက်နက်ကိုင် အဖွဲ့လည်း ပါဝင်ပါတယ်။

ခါမေနီအစိုးရက ဆန္ဒပြသူတွေကို နှိမ်နှင်းသတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့အပြင် ဆန္ဒပြသူ လူငယ်တဦးကို လူရှေ့မှာပါ ကြိုးပေးမယ်လို့ ကြေငြာလာပါတယ်။ သမ္မတထရမ့်ကလည်း (အစိုးရ)အဖွဲ့အစည်းတွေကို သိမ်းပိုက်ကြဖို့၊ ဆန္ဒပြသူတွေကိုသတ်တဲ့ သတ်မိန့်ပေးတဲ့သူတွေကို မှတ်ထားဖို့နဲ့ အကူအညီ လာတော့မှာလို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီမှာ ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့ ခါမေနီကိုယ်တိုင် အမိန့်ပေးတာဖြစ်ကြောင်း၊ သူ့လက်မှတ်ပါကြောင်း အတွင်းကလူတွေက လက်ထောက်ချကြပါတယ်။ သူတို့ခေါင်းဆောင်ကြီးကို အတော်ချစ်ကြပုံပါပဲ။

သမ္မတထရမ့်က ကြိုးပေးမယ်ဆိုတာနဲ့ သတ်ဖြတ်မှုတွေ ရပ်တံ့ဖို့ ခါမေနီအစိုးရကို သတိပေးလိုက်ပြီး အရှေ့အလယ်ပိုင်းရှိ စစ်အခြေစိုက် စခန်းတွေကနေ တပ်ဖွဲ့ဝင်တွေနဲ့ လေယာဥ်တင်သင်္ဘောတွေ ရွှေ့ပြောင်းတဲ့သတင်းတွေ၊ အစ္စရေးက လေတပ်ပြင်နေတဲ့ သတင်းတွေ တက်လာပါတယ်။ အဲဒီနောက်တော့ အီရန်က ကြိုးပေးမယ့် အစီအစဥ်ကို ဖျက်သိမ်းသွားပြီး အီရန်နိုင်ငံခြားဝန်ကတော့ ဒီကြိုးပေးမယ်ဆိုတဲ့ သတင်းတွေက အမေရိကန်ပါလာအောင် လုပ်ကြံတာပါလို့ လျောချသွားပါတယ်။ သန်းချီတဲ့ ဆန္ဒပြလူတုကြီးကတော့ အစိုးရအဆောက်အဦတွေ သိမ်းပိုက်၊ ခါမေနီရဲ့ တပ်ဖွဲ့တွေကို ပြန်ခုခုံပြီး ဆက်လက်ဆန္ဒပြနေကြဆဲပါ။

အီရန်က ဆန္ဒပြသူတွေကို ကူညီမယ်ဆိုတဲ့အပေါ် အမေရိကန်အများစုက မြေပြင်တပ်ဖွဲ့တွေ ဝင်ပြီးတိုက်ပေးတာမျိုးကို အလိုမရှိကြသလို သမ္မတထရမ့်ကလည်း ကိုယ့်တပ်ဖွဲ့ဝင်တွေရဲ့ အသက်ကို အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ ထရမ့်အစိုးရ အရင်ဝင်တိုက်ခဲ့တဲ့ ပုံစံတွေကလည်း မမျှော်လင့်တဲ့ အချိန်တွေမှာ လျှပ်တပြက် ဝင်တိုက်ခဲ့တာဖြစ်ပြီး တဖက်ကို ဘာတွေလုပ်နေတယ်ဆိုတာ သတင်းလုံးဝ မထွက်စေခဲ့ပါဘူး။ တဖက်မှာလည်း ရုရှားရော တရုတ်ရောဟာ သူတို့ရဲ့မဟာမိတ်တွေကို အကာအကွယ်ပေးနိုင်စွမ်း မရှိတာ အကြိမ်ကြိမ် ပြသနေသလိုပါပဲ။ အီရန်ရဲ့ ကုန်သွယ်ဖက်တွေကို ၂၅% tariff ကောက်မယ် ဆိုတာကလည်း တရုတ်ကို အဓိက ထိခိုက်စေမှာပါ။  

အမေရိကန်ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်ခေါင်းဆောင်ပိုင်းက ဒေါ်လာသန်းဆယ်ချီ တန်ဖိုးရှိတဲ့ ပိုက်ဆံတွေကို ပြည်တွင်းကနေ ပြည်ပဘဏ်တွေကို ရွှေ့ပြောင်းနေတာကို sanction tracker ကနေ မြင်နေရကြောင်း၊ အဲဒါက တိုင်းပြည်ကို ပစ်ပြီး ပြေးတော့မယ့် လက္ခဏာဖြစ်ကြောင်း ပြောသွားပါတယ်။ တချိန်ထဲမှာပဲ အီရန်က စစ်ပြင်ဆင်တဲ့အနေနဲ့ လေပိုင်နက်ကို ပိတ်ထားလိုက်ပြီး တီဟီရန်မှာ ပေါက်ကွဲမှုတွေ ကြားရတယ်လို့လည်း ဆိုကြပါတယ်။ နောက်ဆုံးသတင်းမှာတော့ တရုတ်လေယာဥ်တချို့ဟာ ပိတ်ထားတဲ့အီရန်လေပိုင်နက်ထဲကို ဝင်လာကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အစ္စရေးဘက်ကလာတဲ့ သတင်းမှာတော့ ခါမေနီနေရာကို ဆက်ခံမယ်လို့ ရှုမြင်ကြတဲ့ ခါမေနီ့သား Mojtaba Khamenei က ပြီးခဲ့တဲ့ ၄၈နာရီအတွင်း သန်းရာဂဏန်းရှိတဲ့ငွေတွေ ရွှေ့ပြောင်းထားပြီး အစိုးရပိုင်းက ရွှေ့ပြောင်းငွေဟာ စုစုပေါင်း ၁.၅ဘီလီယံခန့် ရှိနေပြီလို့ ဆိုပါတယ်။ ဒူဘိုင်းကို ခရစ်ပ်တိုငွေကြေးနဲ့ ရွှေ့တာလို့လည်း ဆိုကြပါတယ်။ အီရန်က ဘဏ်ကြီး ၅ခုကတော့ ပြိုလုလုဖြစ်နေပြီး အဲဒီထဲမှာ IRGC ရဲ့ ငွေကြေးလက်တံဖြစ်တဲ့ Sepah ဘဏ်လည်း ပါဝင်ပါတယ်။ ရွှေ့ပြောင်းပုံက အီရန်က ရေနံရောင်းပြီး ရတဲ့ငွေကို ဘဏ်တွေထဲမထည့်ပဲ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် တိုက်ရိုက်ပြောင်းကာ ဒူဘိုင်းက exchange တွေကို ပို့ပြီး ငွေဖော်ပါတယ်။ ပြီးတော့ နိုင်ငံခြားက အကောင့်တွေထဲ လွှဲထည့် (သို့) ငွေလွှဲလမ်းကြောင်းတွေကနေ လွှဲတာမျိုး ဖြစ်ပါတယ်။ Mojtaba က တနေရာထဲကို ၃၂၈သန်း လွှဲခဲ့တာပါ။ ဒါမျိုးက လိုရမယ်ရ လုပ်ထားတာမျိုးမဟုတ်ပါဘူး၊ ပြေးဖို့ ကြံထားလို့သာ ဖောင်ဖျက်သလို လုပ်နေတာပါလို့ သုံးသပ်ကြပါတယ်။

နျူစွမ်းအင်သုံး လေယာဥ်တင်စစ်သင်္ဘောဖြစ်ပြီး sailor နဲ့ marine ၅၆၈၀ လိုက်ပါတဲ့ USS Abraham Lincoln ဟာ တရုတ်တွေ ပိုင်တယ်လို့ ကြွေးကြော်ထားတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ကျည်အစစ်ကိုသုံးတဲ့  live-fire စစ်ရေးလေ့ကျင့်ခန်းကို ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါသင်္ဘောမှာ F-35 stealth fighter ဆိုတဲ့ နောက်ဆုံးပေါ် ဆူပါဆိုးနစ် ကိုယ်ပျောက်လေယာဥ်တွေ ပါဝင်ပြီး  အဲဒီလေ့ကျင့်ခန်းမှာ automated rapid-fire လက်နက်စနစ်၊ အဆိုပါစစ်ယာဥ်အတွက် လိုအပ်သမျှ ထောက်ပံ့ ပြန်ဖြည့်ရတဲ့ လုပ်ငန်းစဥ်တွေလည်း ပါပါတယ်။ အခုတော့ အဲဒီသင်္ဘောနဲ့ အခြံအရံစစ်ရေယာဥ်တွေရောက အရှေ့အလယ်ပိုင်းကို ဦးတည်လာရောက်နေပြီ ဖြစ်ပါတယ်။ နောက်လေယာဥ်တင်သင်္ဘောဖြစ်တဲ့ USS Roosevelt နဲ့ အခြံအရံစစ်သင်္ဘောတွေကတော့ ပင်လယ်ကွေ့မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဗင်နီဇွဲလားကို လုပ်ခဲ့သလို ရေနံအဝင်အထွက် ပိတ်ပင်ဖို့လည်း ဖြစ်နိုင်ပါတယ်။

ကွန်ဂိုက အမေရိကန်ကို copper တန်တသိန်း စတင် တင်ပို့နေပါပြီ။ ရဝမ်ဒါနဲ့ ကွန်ဂိုကြား ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို သမ္မတထရမ့်က peace and prosperity မူနဲ့ ဝင်ရောက်ညှိနှိုင်းပေးခဲ့ရာမှ ငြိမ်းချမ်းရေး ရခဲ့ပြီး အခုလို တင်ပို့မှု ဖြစ်လာတာပါ။ ကွန်ဂိုမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး copper နဲ့ ကမ္ဘာ့အကြီးဆုံး cobalt ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး တရုတ်က အဆိုပါဓါတ်သတ္တုတူးဖော်ရေးကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားတာဖြစ်ပါတယ်။ copper က လျှပ်စစ်ပစ္စည်းတွေ chips တွေ ထုတ်လုပ်ရာမှာ အရေးပါပြီး cobalt ကတော့ ဘက်ထရီတွေ၊ သံလိုက်တွေ ထုတ်လုပ်ရာမှာ အရေးပါပါတယ်။ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေးလည်းရ၊ ပြည်သူလည်းအကျိုးရှိ၊ ကွန်ဂိုအနေနဲ့ အမြတ်ထုတ်လွန်းတဲ့ တရုတ်ကိုလည်း ထိန်းရာရောက်၊ အမေရိကန်လည်း AI အတွက် လိုအပ်နေတာတွေ ရတာဖြစ်လို့ အလွန်အကျိုးရှိတဲ့ အရွေ့ဖြစ်ပါတယ်။

Leave a comment