လူဦးရေအားလုံးပေါင်းမှ ၄.၂၇သန်းပဲရှိတဲ့ အော်ရီဂွန်ပြည်နယ်မှာ မဲပေးဖို့မှတ်ပုံတင်ထားတဲ့ စာရင်းထဲက နာမည်ပေါင်း ၈သိန်းဟာ မရှိသင့်တဲ့အမှား/ အထပ်/ အသေတွေ ဖြစ်နေလို့ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က တရားစွဲဆိုခဲ့ရာ အနိုင်ရသွားတဲ့အတွက် အော်ရီဂွန် ပြည်နယ်ဝန်ကြီးက အဲဒီနာမည် ၈သိန်းကို မဲမှတ်ပုံတင်စာရင်းကနေ ပယ်ရှားပေးပါမယ်လို့ ကြေငြာသွားရပါပြီ။ ၂၀၂၄ သမ္မတရကပတုန်းက ကမလာက မဲ၃သိန်းသာသာနဲ့ နိုင်သွားတာဖြစ်လို့ အဲဒီနာမည် ၈သိန်းသာ ဖယ်လိုက်ရင် အော်ရီဂွန်လို အပြာရင့်ပြည်နယ်မှာလည်း သမ္မတထရမ့် နိုင်တယ်လို့ ပြောနိုင်ပါတယ်။ အော်ရီဂွန်ရဲ့ ၃၅ကောင်တီလုံးမှာ မဲပေးဖို့ မှတ်ပုံတင်သူဟာ မဲပေးပိုင်ခွင့် ရှိသူအရေအတွက်ထက်ကို ကျော်လွန်နေတာပါ။ အလိမ်အညာတွေနဲ့ နာမည်ကြီးတဲ့ မင်နီဆိုးတားမှာ ကောင်တီ ၈၇ခုအနက် ၇၈ခုမှာ ထရမ့်နိုင်ခဲ့တာပါ။ အဲဒီကောင်တီတွေမှာ မဲပေးနှုန်းက ပုံမှန်ဖြစ်တဲ့ ၅၅% ဝန်းကျင်ပါပဲ။ မင်နီယားပုလိစ်နဲ့ မြို့ကြီးတချို့ကျမှ မဲပေးနှုန်းက မဖြစ်နိုင်တဲ့ ၈၀%လောက် ဖြစ်နေတာပါ။
၂၀၁၇က စရေရင် တရားမျှတမှု စောင့်ကြည့်ရေးအဖွဲ့က တရားစွဲပြီး ဖောင်းပွမဲစားရင်းတွေကနေ ရှင်းထုတ်စေခဲ့တဲ့ နံပါတ်က ၅သန်းကျော်သွားပါပြီ။ ကာလီဖိုးနီးယားက LA ကောင်တီ မဲမှတ်ပုံတင် စာရင်းကနေ ၁.၂သန်း၊ နယူးယောက်စီးတီးက ၁သန်းနီးပါးဖြစ်တဲ့ ၉၁၈,၁၃၉၊ ကန်တပ်ကီက ၇၃၅,၀၀၀ အပါအဝင်ဖြစ်ပါတယ်။ တကယ်ရှင်းဖို့လိုနေတာ ၂၄သန်းလောက် ရှိသေးတယ်လို့ ဆိုပါတယ်။
မင်နီဆိုးတားရဲ့ မဲပေးဖို့သတ်မှတ်ချက်တွေကလည်း ခိုးဖို့လွယ်အောင် လုပ်ထားပေးသလိုပါပဲ။ မဲပေးမယ့်သူဟာ ရကပနေ့အထိ မှတ်ပုံတင်ခွင့်ရှိသလို မဲပေးသူတဦးက နောက်ထပ် ၈ဦးကို နှုတ်နဲ့ “အာမခံ”ပေးရုံနဲ့ အဆိုပါ ၈ဦးက တရားဝင်မဲပေးခွင့် ရသွားပါတယ်။ အဲဒါက အိုဘမလက်ထက် ကတဲကပါ။ ၂၀၂၃မှာတော့ Tim Walz က အားလုံးအတွက် ယာဥ်မောင်းလိုင်စင်ဆိုတဲ့ ကြွေးကြော်သံနဲ့ လိုင်စင်တွေပေါ်မှာ နိုင်ငံသားဟုတ်/မဟုတ်၊ တရားဝင်နေထိုင်တာ ဟုတ်/မဟုတ်ဆိုတာတွေကို ဖော်ပြဖို့ မလိုအောင် လုပ်ခဲ့ပါတယ်။ မဲပေးဖို့မှတ်ပုံတင်တာတွေကို ဆိုင်ရာပြည်နယ်ရဲ့ Department of Motor Vehicles က လုပ်ပေးကြတာဖြစ်ပြီး ယာဥ်မောင်းလိုင်စင်နဲ့ စစ်တာဖြစ်လို့ တရားမဝင်နေထိုင်သူတွေကို ယာဥ်မောင်းလိုင်စင်ပေးခြင်းဟာ စာနာမှုဗန်းပြပြီး မိုးခဲဖို့လုပ်တာပဲ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားက ၂၀၁၅ကစလို့ တရားမဝင်တွေကို ယာဥ်မောင်းလိုင်စင် ပေးခဲ့တာပါ။
မင်နီဆိုးတားက ဆိုမာလီ လိမ်လည်မှုတွေ ပေါ်သွားတော့ တာဝန်ရှိသူတွေက ပြည်သူ့ဘဏ္ဍာ ယိုပေါက် တွေကို ဝမ်းမြောက်ဝမ်းသာ လိုက်ပိတ်ရမယ့်အစား လိမ်သူတွေဘက်က အတိအလင်း ကာကွယ် ပေးနေကြတာကို တွေ့မြင်ကြရပါတယ်။ ပြည်နယ်အလံကိုတောင် ဆိုမာလီအလံနဲ့ တူအောင် ၂၀၂၄မှာ ပြောင်းပစ်ခဲ့တာပါ။ မင်နီဆိုးတားမှာ အခုဖြစ်နေတဲ့ ICE ကိုပြဿနာရှာတာတွေကလည်း အဆန်းမဟုတ်ပါဘူး။ ၂၀၂၀ ဂျော့ဖလွိုက်ကိစ္စတုန်းက ကဗကာလအတွင်း မင်နီယားပူလိစ်ကနေ တနိုင်ငံလုံးအထိ အန်တီဖာကနေ ဆူပူ သောင်းကျန်း ဖျက်ဆီး ခိုး/လုခဲ့တာတွေ ဖြန့်ခဲ့တာပါ။ ၂၀၂၀တုန်းကလိုပဲ အခုလည်း ခရိုင်အတော်များများမှာ ကျောင်းတွေပိတ်ထားရပါတယ်။ ပြည်သူ အေးချမ်းဖို့၊ ကလေးတွေ ပညာတတ်ဖို့ထက် ရာဇဝတ်သားတွေကို ကာကွယ်ပေးချင်တာက လာမယ့် ကြားဖြတ်ရကပအတွက် ရီပါဘလစ်ကန်ကို အမုန်းပွားအောင် ကြိုအကွက်ချနေတာဖြစ်နိုင်သလို သူတို့ကို မဲပေးမယ့် အမာခံရာဇဝတ်သားတွေ လျော့သွားမှာစိုးလို့ သွေးရူးသွေးတန်း ကာကွယ်နေတာလည်း ဖြစ်နိုင်တာပါပဲ။
ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က ဆိုမာလီလူလိမ် တဦးဟာ လိမ်လည်မှုတခုကို စစ်ဆေးတဲ့အမှုမှာပါဝင်တဲ့ ဂျူရီတဦးကို ၂သိန်း လာဘ်ထိုးပေးဖို့ နောက်ကွယ်က လက်မဲတွေက ခိုင်းစေတာကို သူမက ၈သောင်းဘတ်ထားပြီး ၁သိန်း ၂သောင်း လာဘ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါလိမ်ညာမှုတွေကို ဖော်ထုတ်ဖို့ အတွင်းလူလက်ထောက်ချတဲ့ whistleblower အစီအစဥ်ကို အကောင်အထည်ဖော်ပြီး ဦးအောင်တိုင်တဲ့သူ ဆုကြေးရစေဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောသွားပါတယ်။
ဝါရှင်တန်ပြည်နယ်မှာလည်း ဆိုမာလီစကားကို အဓိက ဘာသာစကားအနေနဲ့ မှတ်ပုံတင်ထားတဲ့ “ကလေးစောင့်ရှောက်ရေးစင်တာ” ၅၃၉ခု ရှိပါတယ်။ တချို့က လိပ်စာတောင် အတိအကျ ပေးမထားပါဘူး။ ဒါဟာ တာဝန်ရှိသူတွေရဲ့ ပါဝင်ပတ်သက် နေနိုင်မှုကို ပြနေတာပါပဲ။ ကာလီဖိုးနီးယားမှာတော့ အဲဒီလို “ghost daycare” တွေ ရှိနေတာ ပေါ်သွားမှာစိုးတော့ ဒေးကဲနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို ဝင်မစစ်နိုင်အောင် ကန့်သတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတာ သိပ်ခက်ခက်ခဲခဲ စဥ်းစားနေဖို့ လိုမယ်မထင်ပါဘူး။ ဒါကြောင့်လည်း ကာလီဖိုးနီးယားမှာ အလိမ်အညာ ယိုပေါက်တွေ ၂၅၀ဘီလီယံလောက်တောင် ရှိနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။
နူဆမ်အစိုးရက ကာလီဖိုးနီးယားမှာနေတဲ့ ဘီလျံနာတွေကို ပိုင်ဆိုင်သမျှရဲ့ ၅% ကို အခွန်အဖြစ် တကြိမ် ပေးရမယ်ဆိုတဲ့ ဓနခွန်ကောက်ဖို့ ကြေငြာအပြီးမှာ ဘီလျံနာတွေ ပြောင်းပြေးကုန်ကြပါတယ်။ တလထဲမှာတင် ဘီလီယံ ၇၀၀ ထွက်သွားပြီး ခုထိ စုစုပေါင်း ၂ ထရီလီယံ ပိုင်ဆိုင်မှုရှိကြတဲ့ ဘီလျံနာတွေ ထွက်ကုန်ကြတာပါ။ ဓနအင်အားစုစုပေါင်းဆိုတာ စတော့၊ bonds၊ ကုမ္ပဏီ၊ intellectual property၊ တန်ဖိုးကြီးအနုပညာလက်ရာ စတဲ့ အမျိုးမျိုးသော ပိုင်ဆိုင်မှုတွေ ဖြစ်နေနိုင်ပြီး ငွေသား လက်ကိုင်ထားတာမဟုတ်တဲ့အတွက် ဒီလောက်တန်ဖိုး ပိုင်ဆိုင်သည်ဆိုတာ စာရွက်ပေါ်မှာပဲ ရှိတာ ဖြစ်ပါတယ်။ ဥပမာ ဘီလီယံ ၅၀ချမ်းသာသူက ဖက်ဒရယ်အခွန်တွေအပြင် ကယ်လီဖိုးနီးယား တခုတည်းအတွက် ၂.၅ဘီလီယံ ငွေသားပေးရမယ်ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာလေ။ စတော့တွေ ထုတ်ရောင်းပြန်ရင်လည်း capital gain tax က အရင်ဖြတ်ဦးမှာပါ။
တကြိမ်ပဲဆိုတာကလည်း ကုလားအုတ်ပုံပြင်ထဲကလိုပါပဲ။ ပိုဆိုးတာက ဘီလျံနာတွေပိုင်တဲ့ စတော့ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးကို မြှောက်ပြီး ပေးခိုင်းတာပါ။ အုပ်ချုပ်သူတွေ ခိုးကောင်းနေ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိနေသ၍ ဘယ်လောက်ကြီးပဲ အခွန်တိုး ကောက်ကောက် ရှိတဲ့ပြဿနာတွေက ပြေလည်သွားမှာ မဟုတ်သလို ပြေလည်ဖို့ကိုလည်း ဘယ်တုန်းကမှ ကြိုးစားခဲ့ကြပါဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့တွေမှာ သူဌေးတွေ ရှိတာဟာ ငြိုငြင်စရာ၊ မနာလိုစရာ၊ ညှင်းဆဲစရာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ အချမ်းသာဆုံး 1% က တိုင်းပြည်အခွန်စုစုပေါင်းရဲ့ 40% ကို ပေးနေတာပါ။ ကာလီဖိုးနီးယားမှာဆို 45% လောက်အထိ ရှိပါတယ်။ လက်ဝဲတွေ မှိုင်းတိုက်သလို မဟုတ်ပါဘူး။ သူတို့တွေ ပြောင်းသွားလို့ လျော့သွားတဲ့အခွန်က ကျန်တဲ့လူတွေ ၂ဆတိုးဆောင်ရင်တောင် မလောက်ပါဘူး။ အာဏာနဲ့ချမ်းသာတဲ့သူက အာဏာမြဲဖို့ ပြောချင်တာပြောမှာပါပဲ။ ဦးနှောက်နဲ့ ချင့်ယုံရမှာ ပြည်သူအလုပ်ပါ။
ကာလီဖိုးနီးယားက ရေနံတွင်းတွေလည်း နူဆမ်တို့ရဲ့ ပညာပြမှုနဲ့ တခုပြီးတခု ပိတ်ပစ်နေရပါပြီ။ တလတလကို ၂သန်းလောက် ရှုံးနေတာကနေ မခံနိုင်တော့တဲ့အဆုံး ပိတ်ပစ်ရတာပါ။ လူရာနဲ့ချီပြီး အလုပ်ပြုတ်ကြပါတယ်။ တောင်ပိုင်း ဘေကာစ်ဖီးလ်ကနေ မြောက်ဖက်ကိုပို့တဲ့ ဆန်ပါဘလို ရေနံပိုက်လိုင်းပါ ပိတ်လိုက်ရတဲ့အတွက် မြောက်ပိုင်းကာလီဖိုးနီးယားရဲ့ ရေနံလိုအပ်ချက်ကို ဖြည့်စည်းဖို့ စားရိတ် စကတွေ တက်လာတော့မှာပါ။ ထရမ့်တက်လာပြီး တပြည်လုံးမှာ လောင်စာဈေးတွေ ကျဆင်းအောင် လုပ်ပေးခဲ့ပေမယ့် အခွန်အရမ်းမြင့်တဲ့ ကာလီဖိုးနီးယားမှာ တဂါလံတိုင်းအပေါ် $1.90 အခွန်ကောက်တဲ့ အတွက် ဓါတ်ဆီဈေးက ကြီးမြဲကြီးဆဲ ဖြစ်နေတာပါ။ ပိုက်လိုင်းပိတ်၊ ရေနံချက်စက်ရုံတွေပိတ်ဆိုတော့ ဆီဈေး ရှေ့လျောက် ဒီထက်ထက်ဦးမှာပါ။
အမေရိကန်နဲ့ဆိုရင် အမြဲရန်လိုတင်းမာနေတဲ့ ကနေဒါဝကခက တရုတ်ကနေ EV တွေကို လက်ရှိအခွန် ၁၀၀% အစား ၆.၁% ပဲ ကောက်တော့မယ်လို့ ဖွင့်ပေးလိုက်ပါတယ်။ တရုတ်ဘက်က ပြန်ပေးတာက ကနိုလာဆီအပေါ် အခွန်လျော့ကောက်မှာနဲ့ ကနေဒါနိုင်ငံသားတွေ တရုတ်ကို ဗီဇာမလိုပဲ သွားလာခွင့်ပါ။ ၂၀၂၃ကမှ ကနေဒါရဲ (the Royal Canadian Mounted Police) က တရုတ်လုပ်ဒရုန်းတွေကို လုံခြုံရေးစိတ်မချရတဲ့အတွက် သုံးစွဲမှု ကန့်သတ်လိုက်တာပါ။ ကနေဒါဝကခကာနေက ရကပမတိုင်ခင်က ငါတို့ရဲ့ အကြီးဆုံးလုံခြုံရေးခြိမ်းခြောက်မှုက တရုတ်ပါလို့ ပြောခဲ့ပြီး အခုတရုတ်ရှေ့ရောက်တော့ တရုတ်နဲ့ ပူးပေါင်းတာဟာ New World Order အတွက် အုတ်မြစ်ကောင်းပါပဲလို့ ပြောင်းပြောပြန်ပါတယ်။ ကနေဒါရော ဥရောပက မဟာမိတ်ဆိုတာတွေ ရောက တရုတ်ကို ကြောက်ရပါတယ်ဆိုတဲ့ ကျော်ဆန်းအသံ ထွက်နေကြတာပါ။ တရုတ်EV တွေဝင်လာမှာကို ပျော်နေသူများ အောက်ကသတင်းတပုဒ်ကို ဆက်ဖတ်ကြည့်ကြပါ။
နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မြို့အစိုးရက တရုတ် Yutong ကုမ္ပဏီက လျှပ်စစ်ဘတ်စ်ကား ၃၀၀ ဝယ်ယူအပြီး စစ်ဆေးသူတွေက ဥရောပလုပ်အလားတူကားတွေနဲ့ ယှဥ်ကြည့်ရာမှာ တရုတ်လုပ် ကားတွေက ဥရောပထုတ်ကားတွေလိုမဟုတ်ပဲ အဝေး(တရုတ်ပြည်)ကနေ ထိန်းချုပ်လို့ရတယ်လို့ တွေ့ရှိရတယ်လို့ နော်ဝေသတင်းစာ Aftenposten က ဆိုပါတယ်။ Software updates, diagnostics, နဲ့ battery systems တွေကို အဝေးကနေ ဝင်ရောက်လို့ရတဲ့အတွက် အဝေးကနေ steering လုပ်မရသည့်တိုင် ရပ်ပစ်ချင် ရပ်ပစ်လို့ရသလို ကားသွားတဲ့စနစ်ကြီး ပျက်စီးသွားစေမယ့် software update မျိုးသုံးပြီး လုံးဝ သုံးမရအောင် လုပ်လိုက်မယ်ဆိုလည်း ဖြစ်နိုင်နေပါတယ်။ ဈေးချိုတယ်ဆိုပြီး တရုတ်ကား အားပေးချင်သူများ၊ ကော်မရှင်ပိုးစိုးပက်စက်ရလို့ ကန်ထရိုက်ယူသွင်းချင်သူများ သတိထားနိုင်အောင်ပါ။