ဇန်နဝါရီ ၂၈ရက် ၂၀၂၆

LA ကောင်တီမှာ အမေရိကန်ရဲ့ အကြီးဆုံး ကျန်းမာရေးဝန်ဆောင်မှုအလိမ်အညာတွေ ရှိနေတယ်လို့ မက်ဒီကိတ်/ကဲအကြီးအကဲ ဒေါက်တာမာမက်အော့ဇ်က ဆိုပါတယ်။ Van Nuys အရပ်က ဘလောက် ၄ခု ပတ်ဝန်းကျင်လေးမှာ သေခါနီးလူနာတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ Hospice  ၄၂ခုတောင် ရှိနေတာပါ။ တချို့ Hospice က ဓါတ်လှေကားတောင် ရှိပုံမရတဲ့ ဆိုင်ခန်းလို အဖြစ် အဆောက်အဦ သေးသေးလေးရဲ့ အပေါ်ထပ်မှာ ရှိနေတာပါ။ ကျန်တာတွေကလည်း ဆံပင်ညှပ်ဆိုင်အသေးလောက်ပဲ ကျယ်တာဖြစ်ပါတယ်။ အဲဒီလောက် Hospice တွေများနေတာက လူတွေ အသေများနေလို့လား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ သေသူမရှိတဲ့ Hospice တွေပါ။ ဒါတွေဖြစ်နေတာကို မြို့/ပြည်နယ် အစိုးရက သိပေမယ့် ပိုက်ဆံတွေက ဖက်ဒရယ်ကလာတာ ဖြစ်တာရယ် လူဆိုးတွေကိုမှချစ်တဲ့ အစိုးရ ဖြစ်တာရယ် ကိုယ်တိုင်ခြစားနေတာရယ်ကြောင့် အရေးယူမှုမရှိပါဘူး။ အမှုတခုမှာ ၁၆သန်းလောက် ခိုးခဲ့တဲ့သူက ထောင် ၂နှစ်ပဲ ကျခဲ့တာဆိုတော့ တချို့တွေအတွက် တန်သလိုဖြစ်မှာပါ။

LA မှာ ခိုးလို့ကောင်းတဲ့ Hospice နဲ့ Homecare ဝန်ဆောင်မှုတွေက ၃.၅ဘီလီယံတန်ဖိုးရှိပါတယ်။ တပြည်နယ်လုံးဆိုရင် ၃၀ဘီလီယံကျော်ပါ။ အများစုက အလိမ်အညာတွေ ဖြစ်နိုင်နေပါတယ်။ မင်နီဆိုးတားမှာ ခိုးသူအများစုက ဆိုမာလီတွေဖြစ်ကြပေမယ့် LA မှာတော့ ရုရှန်းနဲ့ အာမေးနီးယန်း မာဖီးယားတွေ ဖြစ်ကြပါတယ်။ အဲဒီအလိမ်ကွန်ယက်မှာ ဆရာဝန်ပေါင်း ရာနဲ့ချီ ပါဝင်နေပြီး လူနာအမည်ပေါင်း ၁သိန်းကျော်ကိုသုံးပြီး လုပ်စားနေကြတာပါ။ အဲဒီလူနာဆိုသူတွေက ပိုက်ဆံရလို့ ပူးပေါင်း ပါဝင်နေတာလား၊ လှည့်စားခံရပြီး နံပါတ်ယူသုံးခံနေရတာလားဆိုတာကိုတော့ မသိရသေးပါဘူး။ လူမျိုးနာမည်ပြောတာက အဲဒီကဆိုင်းဘုတ်တွေမှာ အာမေးနီးယားဘာသာနဲ့ ရေးထားလို့ပါ။ အဲဒါကို နူဆမ်တို့က လူမျိုးရေးတိုက်ခိုက်ပါတယ်ဆိုပြီး ဒေါက်တာအော့ဇ်ကို စွပ်စွဲ တိုက်ခိုက်ပါတယ်။ အဓိကအကြောင်းဖြစ်တဲ့ ခိုးတာကိုလုံးဝ ထည့်မပြောပါဘူး၊ ဒီမှာလာမန့်ကြတဲ့ ဒီမိုနောက်လိုက်တွေလိုပါပဲ။ အဓိကနဲ့ သာမညကို လွဲနေကြတာပါ။

ဒေါက်တာအော့ဇ်က မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့က စက်ရုံဟောင်းတခုမှာ မက်ဒီကိတ် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပေါင်း ၄၀၀ က ရုံးခန်းအဖြစ် လိပ်စာယူသုံးထားတာတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ အဆောက်အဦတခုတည်းကတင် မက်ဒီကိတ်ကို သန်း ၃၈၀ claim လုပ်ခဲ့တာပါ။ အဲဒီလို လုပ်နေခဲ့တာလည်း နှစ်အတန်ကြာရှိသွားပါပြီ။ စက်ရုံဆိုတော့ စက်မှုဇုံထဲမှာရှိတာဖြစ်ပြီး လူတွေ သွားလာဖို့လွယ်ကူတဲ့ လူနေရပ်ကွက်တွေနဲ့ နီးမနေသလို လူနာတွေ လာပြ ဝင်ထွက်နိုင်တဲ့ အနေအထားလည်း ရှိမနေပါဘူး။ မင်နီဆိုးတားမှာ ပန်ဒဲမစ်ကို အကြောင်းပြုပြီး လိမ်လည်တဲ့ Feeding Our Future ကလည်း သန်း၃၀၀ တန်အပြင် တခြား လိမ်လည်မှုတွေပါပေါင်းရင် ပြည်သူတွေရဲ့ ဆုံးရှုံးမှုက မနည်းမနောပါပဲ။

ဂျော်ဂျာပြည်နယ်မှာ ၂၀၂၀ရကပတုန်းက ဘိုင်ဒန်က မဲပေါင်း ၄.၉သန်းကျော်မှာ မဲ၁၂၀၀၀လျော့လျော့နဲ့ “အနိုင်ရ”ခဲ့တာပါ။ ၀.၃% ပေါ့။ ဆီးနိတ်နေရာမှာလည်း ၁%မပြည့်တဲ့ မာဂျင်သေးသေးလေးနဲ့ပါပဲ။ ဖူလ်တန်ကောင်တီတခုတည်းမှာတင် မဲရုံမှုးလက်မှတ်မပါတဲ့မဲက ၃၁၅,၀၀၀ ရှိနေပါတယ်။ နောက်ထပ် မဲ ၂၀၀၀၀ ကျော်မှတ်တမ်းပါတဲ့ tabulator tape ၁၀ခုကလည်း ပျောက်နေပြန်ပါတယ်။ ဒါကိုလည်း ကောင်တီတာဝန်ရှိသူတွေက ဝန်ခံသွားပါပြီ။ မဲမှတ်ပုံတင် ၇၀ကျော်က ပိတ်သွားတာကြာပြီဖြစ်တဲ့ အိမ်ယာမဲ့ shelter လိပ်စာနဲ့ပါ။ အီလက်ထရွန်းနစ်မဲပေးစနစ် ရှိနေသ၍ ဟက်ခ်တာတွေက ရှိနေနိုင်တာပါပဲ။ အစစ်အဆေးမခံနိုင်တဲ့ မဲပေးစနစ်ဟူသမျှ မသမာမှုတွေ ရှိနေနိုင်ပါတယ်။

၂၀၂၅နှစ်စက LA မီးတုန်းက သေချာဖိဖိစီးစီး မသတ်ခဲ့တဲ့ နူဆမ်နဲ့ မြို့အစိုးရက အာမခံတွေ ဝယ်မရအောင် အရင်လုပ်၊ မီးလောင်တာလည်း သွေးရိုးသားရိုးဟုတ်/မဟုတ် မသိနိုင်တာက တပိုင်း၊ hydrant ခေါင်း တွေကို အသေးတွေလုပ်ထား၊ မီးသတ်ခေါင်းတွေဆီ ရေမလာအောင်ပါ ကြိုစီစဥ်ထား၊ ငါးတမျိုး ပွားဖို့အကြောင်းပြပြီး စိုက်ပျိုးရေး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ မီးသတ် စတာတွေ အတွက် အကျိုးများတဲ့ ဆည်တွေ ကြိုဖျက်တား၊ မီးလောင်တော့ ဖက်ဒရယ်က ကူပါရစေဆိုတာကို အကူမခံ၊ အာမခံမရှိတဲ့အိမ်တွေ ပြန်ဆောက်ဖို့မလွယ်တော့ အဲဒီနေရာတွေကို သူတို့နဲ့ အလွမ်းသင့်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပေါင်းပြီး ကွန်ဒိုတွေဆောက်မယ်လို့ သတင်းထွက်နေပါတယ်။

နူဆမ်တို့က ပါမစ်တွေ အမြန်ဆုံးလုပ်ပေးနေပါတယ်ပြောပေမယ့် မီးလောင်ပြီး ၁နှစ်ကြာတဲ့အထိ အဲဒီမီးလောင်ပြင်မှာ အိမ်ပြန်ဆောက်ဖို့ပါမစ် ၁၃% ဖြစ်တဲ့ ၂၅၀၀ ပဲကျသေးပြီး ပြန်ဆောက်ပြီးတဲ့ အိမ်က ၁၀လုံးတောင် မပြည့်သေးပါဘူး။ အဲဒီလိုကြန့်ကြာနေတာက ဗျူရိုကရက်ယန္တယားဖြစ်တဲ့ California Coastal Commission ကြောင့် ဖြစ်နိုင်သလို ဒီနေရာမှာ သူတို့နဲ့ လက်ဝါးရိုက်ထားတဲ့ builder တွေနဲ့ပေါင်းပြီး ဝင်ငွေနည်းအိမ်ယာ ဆောက်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်။ ၂၀၁၈ Woolsey မီးထဲမှာ ပါသွားတဲ့အိမ်တွေတောင် ၆နှစ်အကြာမှာ ပြန်ဆောက်ပြီးတာ ၄၀% မရှိသေးပါဘူး။ မစောင့်နိုင်ကြတော့တဲ့သူတွေက ရောင်းပြီးပြောင်းကုန်ကြတော့ အဲဒီလိုဖြစ်အောင် ညစ်စောင့်စောင့်နေသလားပါပဲ။

သမ္မတထရမ့်က မီးလောင်နေစဥ်မှာလည်း မီးငြိမ်းသတ်ဖို့ ကြန့်ကြာနေတာကို အားမရလို့ အိမ်ဖြူတော် ရောက်ရောက်ချင်းရော မရောက်ခင်ရော ဘာကူရမလဲမေးခဲ့သလို မီးငြိမ်းသွားအပြီးမှာလည်း နူဆမ်တို့ မရှင်းလင်းတဲ့ တန်ချိန် ၂.၆ သန်းရှိတဲ့ အပျက်အစီးအတွိကို ဖက်ဒရယ်အစိုးရက အမြန်ဆန်ဆုံး ရှင်းပေးခဲ့ပါတယ်။ ဒါ့အပြင် ဆောက်လုပ်မှုမြန်ဆန်ဖို့အတွက် ကြိုးနီစနစ်ကို ကျော်ခွဖို့ builder တွေကို self-certification system လုပ်ခွင့်ပေးလိုက်ပါတယ်။ Builder တွေဟာ ကျန်းမာရေးနဲ့ လုံခြုံရေး အဆင့်အတန်းတွေနဲ့ ပြည့်မီကြောင်းကို ဖက်ဒရယ်က သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေထံမှ အတည်ပြုချက် တိုက်ရိုက် လျောက်ထား ရယူနိုင်မှာဖြစ်ပါတယ်။ နူဆမ်အစိုးရက ကြန့်ကြာရတာ ပိုက်ဆံ မလုံလောက်လို့ဆိုပြီး ဖက်ဒရယ်က လှိမ့်တောင်းနေတာပါ။ DHS ဝန်ကြီးက FEMA နဲ့ Small Business Administration တို့ကို ပါမစ်ချပေးတဲ့လုပ်ငန်းစဥ်မှာ ဖက်ဒရယ်က ချပေးတဲ့ငွေတွေကို မသင့်မလျော်မလုပ်နိုင်အောင် စည်းမျဥ်းချမှတ်ဖို့နဲ့ FEMA ကိူ ဖက်ဒရယ်ကငွေတွေ မှန်မှန်ကန်ကန် သုံး/မသုံး စာရင်းစစ်ဖို့ ညွှန်ကြားထားပါတယ်။

အဝုတ်လွန်တဲ့ ကာလီဖိုးနီးယားမှာ Wells Fargo ဘဏ်ကြီးက ဝိတ်စလျော့နေပါပြီ။ Wells Fargo တခုလုံးရဲ့ ၁/၅ ဝင်ငွေဖြစ်တဲ့ တနှစ် ၁၆ ဘီလီယံဝင်နေတဲ့ Wealth and Investment Management ဌာနရုံးချုပ်ကို ဖလော်ရီဒါ West Palm Beach ကို ရွှေ့ပြောင်းတော့မှာ ဖြစ်ပြီး တက္ကဆက်စ်မှာ ၂၂ဧက ကျယ်တဲ့မြေမှာ ၈၅၀,၀၀၀ sq ft ရှိတဲ့ ရုံးကြီး ဆောက်ပြီး ဖွင့်ထားပါပြီ။ နောက် ၅နှစ်အတွင်း West Palm Beach ကို ကုမ္ပဏီပေါင်း ၁၄၀ကျော် ပြောင်း/တိုးချဲ့လာကြမှာဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၁၃,၀၀၀ကျော်နဲ့ အရင်းအနှီးပေါင်း ၁.၁ဘီလီယံ ယူလာကြမှာ ဖြစ်ပါတယ်။ West Palm Beach ရဲ့ သန်းကြွယ်သူဌေးဦးရေဟာ ၂၀၁၄-၂၀၂၄အတွင်း 112% တက်လာပြီး သန်းရာချီချမ်းသာသူ ၇၈ဦးထိ ရှိနေပါပြီ။

Walmart ဆိုင် ပေါင်း ၈၅ဆိုင်လည်း ပိတ်လိုက်ရပါပြီ။ သူခိုးတွေများလွန်းလို့ မခံနိုင်တော့လို့ပါ။ Walmart က တနှစ်ကို ၃ဘီလီယံဖိုး အခိုးခံနေရတာပါ။ ကာလီဖိုးနီးယားမြို့တော် Sacramento ကောင်တီက Walmart ဆိုင်တခုမှာ ရဲမှတ်တမ်းတွေအရ ၂၀၂၄အတွင်း ၆သန်းဖိုး အခိုးခံခဲ့ရပါတယ်။ မခိုးခိုးအောင် ဥပဒေက ဟ ပေးထားတော့ သူခိုးများလာတာ မဆန်းသလို ရာဇဝတ်ကောင်တွေ အာမခံမလိုအောင် လုပ်ထားတော့ နာရီပိုင်းအတွင်း လမ်းပေါ်ပြန်ရောက်လာကြတာပါပဲ။

တက္ကဆက်စ်ပြည်နယ် Dallas-Fort Worthမှာ ပြီးခဲ့တဲ့ ၂၄လအတွင်း ပလီအသစ် ၄၈ခု ဖွင့်လှစ်ခဲ့ပြီး ရှရီးယားဥပဒေတွေ တရားမဝင်ကျင့်သုံးနေတာပါ။ နယူးယောက်မှာ မွတ်မေယာအရွေးခံရပြီးတော့ ဥရောပမှာလိုပဲ လမ်းပေါ်တွေမှာ စုပေါင်းအင်အားပြဝတ်ပြုတာကို ပုံမှန်လိုလုပ်လာကြပါတယ်။ အရှေ့အလယ်ပိုင်း မွတ်နိုင်ငံက လာသူတဦးက သူတို့ဆီမှာ လမ်းပေါ်မှာဘယ်သူမှ အဲဒီလိုဝတ်ပြုတာ မလုပ်ကြပါဘူးလို့ ဆိုပါတယ်။

သမ္မတထရမ့်က အိုဘမခေတ်က ကလေးတွေဝဖြိုးလာမှုကို တိုက်ဖျက်ဖို့ဆိုပြီး ကျောင်းတွေမှာ အဆီနည်း 1% နို့နဲ့ အဆီမပါတဲ့နို့တွေကိုပဲ တိုက်ကျွေးစေတာကို အဆုံးသတ်လိုက်ပါပြီ။ အိုဘမ မတိုင်ခင်တုန်းကလိုပဲ ကျောင်းတွေမှာ အဆီအပြည့်နို့နဲ့ အဆီလျော့2% နို့ တွေ ပြန်တိုက်တော့မှာပါ။ အဆီထုတ်ထား အဆီနည်းလွန်းတဲ့ နို့တွေဟာ ခန္ဓာကိုယ်၊ ဦးနှောက်နဲ့ ဟော်မုန်းအတွက် အရေးကြီးတဲ့ အဆီတွေ မပါတဲ့အပြင် အဆီထုတ်ထားတဲ့ နို့ထဲမှာ သကြားဓါတ်ဖြစ်တဲ့ lactose ရဲ့ အရသာက ပိုမိုပေါ်လွင်သလို အင်ဆူလင်တက်စေတာလည်းဖြစ်ပါတယ်။ အဆီထုတ်ထားတဲ့နို့က ပိုချိုတဲ့အတွက် ကလေးတွေကလည်း ကြိုက်ကြပါတယ်။ အဆီရှိရင်တော့ အဆီက အချိုကို ထိန်းသွားတာပါ။

Leave a comment