ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၆

ဒီကနေ့ သမ္မတထရမ့်က ပြည်သူတွေ ဈေးကြီးပေးဝယ်သောက်နေရတဲ့ ဆေးတွေကို အနိမ့်ဆုံးဈေးနဲ့ ဝယ်လို့ရအောင် လုပ်ပေးထားကြောင်း ကြေငြာသွားပါတယ်။ trumprx.gov ကိုသွားကြည့်ရင် ရနိုင်တဲ့ ဆေးတွေကို ဈေးနဲ့တကွ တွေ့ပါလိမ့်မယ်။ ဘယ်လိုဆေးဆိုင်တွေမှာ ရနိုင်တယ်ဆိုတာလည်း ကြည့်လို့ရပါတယ်။ ခရက်ဒစ်ကဒ်အတိုးကိုလည်း ၁၀% ထက် ပိုမယူဖို့ အမိန့်ထုတ်ထားတဲ့အတွက် ခရက်ဒစ်ကဒ်ကြွေးထူကြတဲ့ အမေရိကန်အများစု အသက်ရှူချောင်သွားမှာပါ။ အခွန်ပိုင်းမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဒီနှစ်ပြည်သူတွေ အခွန်ဆောင်တဲ့အခါ ဝမ်းသာစရာတွေ တွေ့ကြရမှာပါ။ တခုရှိတာက အဲဒီပြောင်းလဲမှုတွေဟာ လွှတ်တော်က အမြဲတမ်းအဖြစ် အတည်မပြုသ၍ ထရမ့်သက်တမ်းအတွင်းမှာပဲ အကျုံးဝင်မှာဖြစ်ပါတယ်။

ယူကရိန်းက အချမ်းသာဆုံး မိသားစု ၁၂ခုကို ဟန်းတားဘိုင်ဒန်က အမေရိကန်က Burisma ကို ဝယ်မှာဖြစ်လို့ ဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားရင် သူဌေးဖြစ်လိမ့်မယ်လို့ အယုံသွင်းခဲ့တဲ့အတွက် သူတို့မှာ ရှိတာတွေ ထုခွဲရောင်းချပြီး ပုံအောမြှုပ်နှံခဲ့ကြပါတယ်။ ယူကရိန်းဓါတ်ငွေ့စွမ်းအင်ကုမ္ပဏီ Burisma က စွမ်းအင်/ဓါတ်ငွေ့နဲ့ ပတ်သက်လို့ ဘာအတွေ့အကြုံတစိုးတစိမှ မရှိတဲ့ ဟန်းတားကို ၄သန်း ကျော်ပေးပြီး ဘုတ်အဖွဲ့မှာထိုင်ဖို့ ငှားရမ်းထားခဲ့တာပါ။ အမေရိကန်က မဝယ်တော့ ဟန်းတား လိမ်တာ ပေါ်သွားပြီး သူတို့တွေ ဒေဝါလီခံလိုက်ရပါတယ်။ ဒါပေမယ့် သူတို့ပိုက်ဆံတွေနဲ့ ဟန်းတားသူဌေးဖြစ်သွားသလို သူ့ဖခင်ဂျိုးလည်း ထုံးစံအတိုင်း ၁၀% ပိုက်သွားပြန်ပါတယ်။ အခု အဲဒီမိသားစုတွေက ဟန်းတားကို နစ်နာကြေး သန်း၅၀၀နဲ့ တရားစွဲဆိုလိုက်ပြီလို့ တရားလိုတဦးဖြစ်တဲ့ ဂျိုးဆက်ဖ်ဘာရိုနိုဗစ်ချ်က ဆိုပါတယ်။

မင်နိယားပုလိစ်မှာ အိုက်စ်ဆန့်ကျင်သူတွေက သူတို့ရပ်ကွက်ထဲကို ဘယ်သူဝင်တယ်၊ ဘယ်သူ ထွက်တယ်ဆိုတာ သိရအောင်ဆိုပြီး လမ်းတွေကို ပိတ်ဆို့ထားပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့ ရကပမှာ ID မလိုဘူးလို့ အသည်းအသန် ငြင်းကြပေမယ့် သူတို့ရပ်ကွက်ဝင်ဖို့ ID ပြရမတဲ့။ ကိုယ့်တိုင်းပြည်ကိုတော့ တံခါးမရှိ ဓါးမရှိ အစစ်အဆေးမရှိ ဝင်ချင်တဲ့လူဆိုးဝင်ပါစေ၊ ငါတို့အိမ်၊ ငါတို့လမ်းထဲတော့ မဝင်စေနဲ့ဆိုတော့ အတော်ဟုတ်တဲ့ လော့ဂျစ်ပါပဲ။ ကော်မဒီတောင် ကြည့်စရာမလိုတော့ဘူး။

ဖလော်ရီဒါမှာ ၂၀၂၅ ဇန်နဝါရီ ၁ရက်က စတင်အသက်ဝင်တဲ့ Halo Law မှာ ရဲ၊ မီးသတ်၊ အရေးပေါ် စတာတွေ အလုပ်လုပ်နေတာရဲ့ ၂၅ပေဝန်းကျင်အတွင်းကို သိလျက်နဲ့ ဝင်ရောက်လာရင် (သို့) နောက်ဆုတ်ခိုင်းတာ ဆုတ်မပေးရင် 2nd degree misdemeanor အဖြစ် သတ်မှတ်ပြီး ရက် ၆၀အထိ ထောင်၊ ၆လစောင့်ကြည့်၊ ဒဏ်ကြေး ၅၀၀ စသဖြင့် ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ အကြမ်းဖက်တာ ပစ္စည်းဖျက်ဆီးတာ၊ အများပြည်သူအန္တရာယ်ရှိစေတာဆိုရင် 1st degree misdemeanor အနေနဲ့ ထောင် ၁နှစ်၊ ဒဏ်ကြေး ၁၀၀၀၊ စောင့်ကြည့်ကာလ တနှစ်ချနိုင်ပါတယ်။ အပြာပြည်နယ်တွေမှာ အဲဒီလိုဥပဒေ လုပ်ထားလိုက်ရင် မလိုအပ်ပဲ ရဲနဲ့ထိပ်တိုက်တွေ့တာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။

ပြည်နယ်အစိုးရ တွေကလည်း အိုက်စ်ကလိုချင်တဲ့ ရာဇဝတ်ကောင်စာရင်းတောင်းပြီး လွှဲပေးလိုက်ရင် ပြည်နယ်အတွင်း သူတို့ဟာသူတို့ လိုက်ရှာဖို့ မလိုတော့လို့ ပြည်သူအတွက် အကောင်းဆုံး ဖြစ်မှာပါ။ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် လုပ်ပေးနိုင်တာကို အလွယ်တကူ လုပ်မပေးတာက ကြားထဲက မသေသင့်တဲ့ အသက်တွေ ဆုံးတာပဲ အဖတ်တင်ပါတယ်။ ပြည်နယ်အစိုးရ ဘက်လိုက်ပုံများ အိုက်စ်ဆန့်ကျင်ရေးသမားတွေ ပြည်သူပိုင်ပစ္စည်းဖျက်ဆီး၊ ရဲတွေကို စော်ကားတာတွေကို လုံးဝ အရေးမယူပဲ မြှောက်တောင်ပေးကြသေးတာပါ။

ဒီနေ့ သူတို့လုပ်ထားတဲ့ PROSECUTE ICE လို့ ရေခဲနဲ့ ပုံဖော်ထားတဲ့စာတန်းကို အိုက်စ်ထောက်ခံသူတဦးက PRO ICE ဖြစ်အောင် ကြားထဲက ရေခဲတုံးတွေကို ကန်လှဲခဲ့ပါတယ်။ အဲဒီအတွက် သူ့ကို ချက်ချင်းဖမ်းသွားပြီး ပြင်းထန်တဲ့ ရာဇဝတ်မှု felony နဲ့ စွဲထားတယ်လို့ ဆိုပါတယ်။ Felony အတွက်ပြစ်ဒဏ်က ၁နှစ်အထက်ထောင်ဒဏ်၊ တသောင်းအထက် ငွေဒဏ်အပြင် မဲပေးခွင့်၊ သေနတ်ကိုင်ဆောင်ခွင့်တွေပါ ဆုံးရှုံးနိုင်တာပါ။ အပြာပြည်နယ်တွေမှာ လူဆိုးသူခိုးတွေကို အပြစ်မပေါ့ပေါ့အောင် လုပ်ပေးကြပေမယ့် သူတို့ကို အာခံတဲ့ သူဆိုရင်တော့ အကြီးလေးဆုံးအပြစ်တွေ ရှာကြံပြီး ပေးတတ်တာ အာဏာရှင်နိုင်ငံတွေလိုပဲ ဖြစ်နေတာပါ။ လုပ်သင့်/မလုပ်သင့်ဆိုတာထက် ဘက်လိုက်မှုကို ထင်ရှားစေချင်တာပါ။

မောင်းသူမဲ့ တက္ကစီဖြစ်တဲ့ ဝေးမိုကားတွေဟာ ဆင်ဆာတွေ ရေဒါတွေနဲ့ပဲ အလုပ်လုပ်တာလို့ ဆိုထားပေမယ့် ကနေ့ လွှတ်တော်မှာပြုလုပ်တဲ့ ကြားနာပွဲမှာ ဝေးမိုရဲ့ လုံခြုံရေးအရာရှိချုပ် Dr. Mauricio Peña က ဝေးမိုကားတွေကို ဖိလစ်ပိင်း၊ ယူအက်စ်စတဲ့ နိုင်ငံတွေက လူတွေက အဝေးကနေ ကူညီပေးနေတာလို့ ဝန်ခံသွားပါတယ်။ အရင်ကတော့ ဝေးမိုက သူတို့ကားတွေကို အဝေးက လူကူနေတာမဟုတ်ပါဘူးလို့ ငြင်းနေခဲ့တာပါ။ အမေဇုန်ဖရက်ရှ်ဆိုင်တွေလိုပဲ နောက်ကနေ လူကူနေတာ မဟုတ်ပါဘူးလို့ ဘယ်လိုပဲငြင်းငြင်း ကူနေရတာ ပေါ်လာတာပါပဲ။

၂၀၂၅ ဒီဇင်ဘာနှောင်းပိုင်း ဆန်ဖရန်မှာ မီးပျက်တုန်းက မီးပွိုင့်တွေ အလုပ်မလုပ်တော့တာကြောင့် ဝေးမိုရဲ့ remote assistance program ကနေ confirmation check ကို နိုင်အောင် မလုပ်နိုင်တော့တဲ့ အတွက် ဂူဂယ်လ်ရဲ့ ဝေးမိုကားတွေဟာ လမ်းတွေပေါ်မှာ ဘာဆက်လုပ်ရမှန်းမသိတော့ပဲ ဖရိုဖရဲတွေ ရပ်ဆိုင်းကုန်ပြီး ယာဥ်ပိတ်ဆို့မှု ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။ တံခါးဖွင့်မရတဲ့အတွက် စီးနင်းသူတွေလည်း နာရီနဲ့ချီပြီး ဝေးမိုကားတွေထဲ ပိတ်မိနေခဲ့ တာပါ။ အဲဒီအချိန်မှာ မောင်းသူမဲ့ တက်စ်လာရဲ့ ရိုဘိုတက္ကစီတွေက သာသာယာယာပဲ ဆက်မောင်းနေနိုင်ခဲ့ပါတယ်။ အဲဒါ ဘာကွာလို့လဲ ဆိုတော့ သုံးထားတဲ့ အခြေခံနည်းပညာ ကွာနေလို့ပါ။

ဝေးမိုက ဆန်ဆာတွေ၊ ရေဒါတွေ၊ ကင်မရာပါတဲ့ ဆန်ဆာအပြည့်စနစ်နဲ့ အလုပ်လုပ်ပြီး တိကျဖို့အတွက် အသေးစိတ် မြေပုံကို အသုံးပြုပါတယ်။ ဆန်ဆာ၊ ရေဒါစတဲ့ စနစ်တွေက ဈေးကြီးတဲ့အပြင် geofenced လုပ်ထားတဲ့ နေရာတွေမှာပဲ အသုံးပြုလို့ ရသေးတာဖြစ်ပါတယ်။ ကားကလည်း jaguar ကားတွေကို ပြန်မွန်းမံရတာဖြစ်လို့ တစီးကို ၁သိန်းခွဲကနေ ၂သိန်းလောက် ကုန်ကျစရိတ်ရှိပါတယ်။ တက်စ်လာ ရိုဘိုတက္ကစီကတော့ တစီးကို ၃သောင်းအောက်နဲ့ ဒီနှစ်ထဲ စထုတ်နိုင်ဖို့ မှန်းထားပါတယ်။

တက်စ်လာကတော့ ကားပတ်ပတ်လည်က ကင်မရာ ၈လုံးက ရတဲ့ အင်ဖော်မေးရှင်းကို AI နဲ့ လေ့ကျင့်ပေးထားတဲ့ နည်းပညာနဲ့ မောင်းတာဖြစ်လို့ AI နည်းပညာ တိုးတက်လာတာနဲ့အမျှ လမ်းပေါ်မှာ ကြုံတွေ့လာနိုင်တဲ့ အခြေအနေအမျိုးမျိုးကို ဘယ်လို တုန့်ပြန်မလဲဆိုတာကို ဗီဒီယိုတွေနဲ့ နာရီပေါင်းများစွာ လေ့ကျင့်ပေးထားတာဖြစ်တဲ့အတွက် လမ်းပေါ်က လူလက်နဲ့ အချက်ပြတာ၊ ရှေ့ကားပေါ်က ပစ္စည်းပြုတ်ကျတာ၊ ဘေးလမ်းကြောကကား ကိုယ့်လမ်းကြောပေါ် အမှတ်မထင် ဝင်လာတာ၊ ရှေ့ကကား နောက်ဆုတ်တာ၊ မီးပွိုင့်မရှိပဲ ဘယ်ကွေ့တာ၊ ပါကင်ထိုးတာ စတာတွေအားလုံးကို လူအထောက်အပံ့မပါပဲ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်လာပါပြီ။ ခုမရသေးတာမျိုးရှိရင်လည်း FSD သုံးသူတွေ feedback ပေးသမျှပေါ်မူတည်ပြီး AI နဲ့ အဆက်မပြတ် လေ့ကျင့်ပေးနေတဲ့အတွက် နောက်တခါ software update ကျရင် လုပ်လာနိုင်မှာပဲ ဖြစ်ပါတယ်။

Leave a comment