Operation Epic Fury (4)

Operation Epic Fury ကို သမ္မတထရမ့်နဲ့ ဝန်ထမ်းချုပ် ဆူဇီဝိုင်းလစ်၊ မာကိုရူဘီယို၊ စီအိုင်အေဒါရိုက်တာ ဂျွန်ရက်ကလစ်ဖ်နဲ့ စစ်ဖက်အရာရှိများက ဖလော်ရီဒါ Palm Beach က ဆောင်းတွင်းသမ္မတအိမ်တော်လုပ်ထားတဲ့ ဆီကနေ လုပ်သလို ဒုသမ္မတဂျေဒီနဲ့ DNI တူလ်စီဂက်ဘတ်၊ စွမ်းအင်ဝက ခရစ်ရွိုက်၊ ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်တို့က အိမ်ဖြူကနေ လုံခြုံတဲ့ ကွန်ဖရန့်စ်ကောလ်နဲ့ ချိတ်ဆက်ပြီး ညွှန်ကြားခဲ့ကြတာဖြစ်ပါတယ်။

စွမ်းအင်ဝန်ကြီးရော ဘဏ္ဍာရေးဝန်ကြီးပါ ဒီစစ်ဆင်ရေးထဲ ပါစေတာက စစ်ရေးတခုတည်းမဟုတ်ပဲ ဘက်ပေါင်းစုံက သက်ရောက်လာနိုင်မှုတွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တဲ့သဘောဖြစ်လို့ ထောင့်စေ့တယ်လို့ ဆိုရမှာပါ။ စစ်ဖက်က ဒုံးကျည်တွေ ပစ်လွှတ်နေစဥ်မှာ စွမ်းအင်ဝကက ကမ္ဘာ့စွမ်းအင်ဈေးကွက်တွေမှာ အထစ်အငေါ့ အနှောက်အယှက်မဖြစ်စေရအောင်နဲ့ ဘဏ္ဍာရေးဝကက အီရန်အဆိုးရရဲ့ ငွေဝင်ပေါက်တွေအကုန်လုံးကို ပိတ်ပစ်နိုင်ဖို့ လုပ်နေခဲ့တာဖြစ်ပါတယ်။

အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီသေဆုံးသွားကြောင်း အီရန်သတင်းဌာနက အတည်ပြုသွားပြီး ဝမ်းနည်းကြောင်း ရက် ၄၀လုပ်မယ်လို့ ဆိုပါတယ်။ ခါမေနီအပါအဝင် အီရန် ထိပ်တန်းခေါင်းဆောင် ၄၀လောက် ကြွသွားတာပါ။ လောလောဆယ်မှာ ဒုသမ္မတ မိုဟာမက်ရီဇာအာရက်ဖ်က အာဏာဝင်ထိန်းထားဖို့ ပြင်ဆင်နေပြီလို့ သတင်းထွက်နေပါတယ်။

စနေနေ့တိုက်ခိုက်မှုမှာ အီရန်သမ္မတဟောင်း Ahmadinejad လည်း ခါမေနီ့ညာလက်ရုံး ရှမ်ခါနီလိုပဲ ကြွသွားပြီဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတပ်တွေက သမ္မတဟောင်းရဲ့အိမ်ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ရှမ်ခါနီက နောက်ကွယ်ကနေ လုံခြုံရေးကြိုးကိုင်သူဖြစ်ပြီး သမ္မတဟောင်းကတော့ အရင်က လူကြိုက်များခဲ့ရာကနေ အမာလိုင်းသမားအဖြစ် ပြောင်းသွားခဲ့တာပါ။

အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး အမေရိကန်စစ်အခြေစိုက်စခန်းဖြစ်ပြီး အမေရိကန်စစ်သည် ထောင်ချီချထားတဲ့ ကာတာနိုင်ငံက Al Udeid လေတပ်အခြေစိုက်စခန်းကို ပစ်ခတ်တဲ့ အီရန်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချတဲ့ ရေဒါစနစ် Phased Array Tracking Radar for Intercept on Target (Patriot) Systems ကနေ အောင်မြင်စွာ ပစ်ချလိုက်နိုင်ခဲ့ပါတယ်။

အမေရိကန်က အီရန်ကို အကြိမ်ကြိမ်အခွင့်အရေး ပေးခဲ့ပါတယ်၊ ဒါပေမယ့် လိမ္မာပါးနပ်မှုနဲ့ မညှိနှိုင်းပဲ ကိုယ့်ကိုယ်ကို အထင်ကြီးခေါင်းမာခဲ့လို့ သဘောတူညီချက် မရခဲ့ပါဘူး။ ခုတော့ မိုက်မဲမှုရဲ့ အသီးအပွင့်တွေကို စားသုံးနေရပါပြီ။ အီရန်ရဲ့ ဒုံးကျည်စနစ်တွေရော ရေတပ်ကိုပါ ဖျက်ဆီးပစ်ရမှာပါ။ အီရန်ကို အမေရိကန်ကို ရန်ပြုခွင့် ခြိမ်းခြောက်ခွင့် ထပ်မပေးတော့ပါဘူး၊ ငါတို့က ဒီပဋိပက္ခကို စခဲ့တာ မဟုတ်ပါဘူး၊ အဆုံးသတ်တာပါ၊ တကမ္ဘာလုံးမှာရှိတဲ့ ဘယ်အမေရိကန်ကိုမဆို သတ်ဖြတ်/ ခြိမ်းခြောက်ခဲ့ရင် အဲဒီလူတွေကို ရေမြေအဆုံးလိုက်ရှာပြီး ရှင်းလင်းပစ်မယ်လို့ စစ်ရေးဝန်ကြီးက ပြောသွားပါတယ်။

အီရန်ဘက်က ဝါဒဖြန့်မီဒီညာတွေက အမေရိကန်စစ်သား ၅၀လောက် သေပြီတို့၊ အမေရိကန်ရေတပ် သင်္ဘောကို အီရန်ဒုံးကျည် ထိထားတယ်တို့၊ အရှေ့အလယ်ပိုင်းက အမေရိကန်စစ်အခြေစိုက်စခန်း တွေမှာ ဆိုးဆိုးရွားရွား ဒုံးကျည်ထိထားတယ်လို့ အလိမ်သတင်းတွေ ဖြန့်နေပါတယ်။ US CENTCOM က အဲဒါတွေအားလုံး တခုမှ မဟုတ်ကြောင်း တချက်ခြင်း ပြန်ရှင်းထားပါတယ်။ ခုထိ ဒီစစ်ဆင်ရေးမှာ အမေရိကန်ဘက်က အထိအခိုက် အကျအဆုံး လုံးဝမရှိသေးပါဘူး။

အီရန်၊ ဗင်နီဇွဲလားနဲ့ ကျူးဘားကိစ္စတွေဟာ အပေါ်ယံကြည့်ရင် သပ်သပ်စီလို ထင်ရနိုင်ပေမယ့် တကယ်တမ်းမှာ တရုတ်ကို စွမ်းအင်အကြပ်အတည်းဖြစ်အောင် ဘက်စုံက သေချာ အကွက်ရွှေ့ပြီး ဝိုင်းညှပ်ထားလိုက်တဲ့သဘောပါ။ တရုတ်က သူ့ရေနံလိုအပ်ချက်ရဲ့ ၂၀% ကို အီရန်နဲ့ ဗင်နီဇွဲလားဆီက ရနေခဲ့တာပါ။ Axis of Oil ကို ဖြိုခွင်းလိုက်တာကြောင့် တရုတ်က (အပိုင်း ၃မှာ ရေးခဲ့တဲ့) Skipper ဆိုတဲ့ အယောင်ပြသင်္ဘောတွေကနေ အီရန်ရေနံတွေကို သူခိုးဈေးနဲ့ ဝယ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်လာမှာပါ။

တရုတ်က ခုထဲက ဗင်နီဇွဲလားရေနံတွေကို ကမ္ဘာ့ပေါက်ဈေးနဲ့ အမေရိကန်ဆီက ဝယ်နေရပြီဖြစ်လို့ တရုတ်ထုတ်ကုန်တွေကို အရင်လို ဈေးပေါပေါနဲ့ ကမ္ဘာ့ဈေးကွက်ကို ဝင်တိုးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါဆိုရင် အမေရိကန်နဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ တရုတ်ခေါင်းမမာနိုင်တဲ့အခြေအနေတခုကို ရောက်လာတော့မှာပါ။ ကျူးဘားဟာလည်း ပြိုတော့မယ့်အခြေအနေဖြစ်နေပြီမို့ သမ္မတထရမ့်က “friendly takeover” လုပ်ရင်ကောင်းမလားလို့ လေသံပစ်သွားပါသေးတယ်။

အီရန်က အရင်ခြိမ်းခြောက်ထားတဲ့အတိုင်းပဲ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်တဲ့အတွက် ဆော်ဒီနဲ့ UAE အပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေက ရေနံသင်္ဘောတွေ ရပ်တံ့သွားခဲ့ပါတယ်။ အဲဒီရေလက်ကြားကနေ ကမ္ဘာမှာ ပင်လယ်ကသယ်တဲ့ရေနံစိမ်း ၂၀% လောက် သွားနေတာဖြစ်လို့ တခြားက ပတ်သွားရရင် ရေနံဈေးတက်သွားနိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် စွမ်းအင်ဝန်ကြီးက ဘာတွေစီစဥ်ထားတယ်ဆိုတာ မသိရသေးပါဘူး။ ခါမေနီရော ကာချုပ်၊ ကာဝန် နာရီပိုင်းအတွင်း အကုန်ကျခဲ့ပြီဆိုတော့ ဒီရေလက်ကြားရော ဘယ်လောက်တောင့်ခံနိုင်မှာတဲ့လဲ။ တနင်္လာဈေးဖွင့်ချိန် မတိုင်မီ အားလုံးပြီးချင်လည်း ပြီးသွားနိုင်တာပါပဲ။

အီရန်မှာ မြို့တွေ တမြို့ပြီးတမြို့ ပြည်သူက သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတွေ တက်လာနေပါတယ်။ အီရန်ပြည်သူတွေနဲ့တကွ ကမ္ဘာတလွှားက အီရန်နွယ်ဖွားတွေ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံနေချိန်မှာ နိုင်ငံနဲ့ပြည်သူထက် ရန်သူကိုပိုချစ်တဲ့ လစ်ဗြဲဒီမိုကရက်တွေက အီရန်ကို အမေရိကန်ဝင်တိုက်တာကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒါပေမယ့် အောင်ပွဲခံတဲ့လူအုပ်က LA လိုနေရာမျိုးမှာတောင် အင်တိုက်အားတိုက်ဖြစ်ပြီး အမေရိကန်နဲ့ အီရန်ခြင်္သေ့အလံတွေပဲ ကိုင်ဆောင်ထားကြတာ များပါတယ်။ ဆန့်ကျင်တဲ့ ဂဏန်းများက ကမ္ဘာမပြောနဲ့ အမေရိကန်အနှံ့မှာတောင်မဟုတ်ပေမယ့် ညတွင်းချင်း စာတမ်းအကြီးကြီးတွေ ဝေဝေဆာဆာနဲ့ဆိုတော့ မအေးအေးဝင်း စီစဥ်သည် ဆိုတာမျိုးများလားလို့တောင် ထင်ရပါတယ်။  

သမ္မတထရမ့်ကို အင်တာဗျူးထားတဲ့ ဂျာနယ်လစ် ဂျိုနသန်ကားလ်က အီရန်နဲ့ အခုဖြစ်တဲ့စစ် ဘယ်လောက်ကြာမလဲလို့ မေးရာမှာ ကြာချင်ကြာလို့ရသလို မြန်ချင်လည်း မြန်လို့ရတယ်၊ ဒါပေမယ့် အခုတင် အတော်လေးပျက်စီးသွားပါပြီ၊ သူတို့လည်း အဲဒီလို မျှော်လင့်ထားပြီးသားဖြစ်မှာပါလို့ ဖြေသွားပါတယ်။ အစ္စလာမ္မစ်အစိုးရ ပြုတ်ကျသွားရင် နောက်အစိုးရက ဘယ်လိုပုံစံဖြစ်မလဲ၊ ဘယ်သူဖြစ်နိုင်မလဲ သိပြီလားလို့ မေးရာမှာတော့ စီစဥ်ထားပါတယ် ဆိုတာလောက်ပဲပြောပြီး အသေးစိတ်ပြောမသွားဘူးလို့ ဆိုပါတယ်။

UNSC အစည်းအဝေးမှာ ရုရှားက သံတမန်ရေးရာနဲ့ပဲ ဖြေရှင်းဖို့နဲ့ Operation Epic Fury ကို ရပ်တံ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သံတမန်ရေးအရ ဖြေရှင်းဖို့ ကြိုးစားနေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မူလာတို့ ဆွေးနွေးစားပွဲက ထပြန်သွားတာ အားလုံးအသိပါပဲ။ ရုရှားက အမေရိကန်ဟာ အီရန်အစိုးရကို ပြောင်းပစ်ချင်တာနဲ့ နျူကိစ္စကို ရမယ်ရှာတယ်လို့ စွပ်စွဲခဲ့ပြီး နျူစက်ရုံတွေကို ဖျက်ဆီးရင် ဓါတ်ရောင်ခြည်တွေ ဆိုးဆိုးရွားရွား ထွက်လာနိုင်မယ်လို့လည်း သတိပေးသွားပါတယ်။ ကုလဆိုင်ရာ အမေရိကန်သံအမတ် မိုက်ခ်ဝေါ့လ်ဇ်က အီရန်က နျူလက်နက်လုံးဝပိုင်လို့မရဘူး၊ ဒါက နိုင်ငံရေးမဟုတ်ဘူး၊ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ လုံခြုံရေးလို့ ပြန်ပြောခဲ့ပါတယ်။

DHS ဝက ခရစ္စတီနုမ်နဲ့ DNI ဒါရိုက်တာ တူလ်စီဂက်ဘတ်တို့က အီရန်က ဘိုင်ဒန်လက်ထက်က သွင်းထားတဲ့ အကြမ်းဖက်တွေကနေတဆင့် လက်တုန့်ပြန်လာနိုင်တာကို သိရှိပြီး သေချာစောင့်ကြည့်နေသလို ပြည်သူတွေဘက်ကလည်း သတိ ဝီရိယနဲ့နေကြဖို့၊ အမှတ်တမဲ့မနေပဲ ပတ်ဝန်းကျင်ကို လေ့လာစောင့်ကြည့်ဖို့ မှာကြားထားပါတယ်။

နောက်ဆုံးတက်လာတဲ့ သတင်းတွေအရ အီရန်ကို အစ္စရေးနဲ့ အမေရိကန်တို့က ဒုတိယအကျော့ ထပ်ပစ်နေပြန်ပြီလို့ ဆိုပါတယ်။ အီရန်ဘက်က လက်ကျန်တွေ လက်နက်မချမချင်း ပစ်ခတ်မှုတွေ ရှိနေဦးမယ့်သဘောပါ။

Leave a comment