အီရန်က ယာယီဆူပရင်းမ်လီဒါအသစ်အဖြစ် Ayatollah Arafeh ကို ရွေးပြီးထိုင်ခုံမနွေးခင်မှာပဲ အစ္စရေးနဲ့ အမေရိကန်တပ်တွေက ရှင်းပစ်နိုင်ခဲ့ပါပြီ။ နောက်ထပ် ထပ်ခန့်ရင်လည်း ထပ်အရှင်းခံရဦးမယ့်ပုံပါပဲ။ တနင်္ဂနွေမနက်စောစောက စခဲ့တဲ့ ဒုတိယအချီရဲ့ မစ်ရှင်က တက်လာနိုင်မယ့်သူတွေနဲ့ စစ်သင်္ဘောတွေရှင်းဖို့ ဖြစ်ပါလိမ့်မယ်။
အလီခါမေနီနေရာဆက်ခံဖို့ အရင်ကတဲက လျာထားတဲ့ သူ့ရဲ့သား Mojtaba Khamenei လည်း ဘဝပြောင်းသွားခဲ့ပါပြီ။ သူအရင်သေလို့ အာရက်ဖ်ကို ခန့်တာလား၊ သူ့ကို ထိမှာစိုးလို့ အာရက်ဖ်ကို အရင်ယာယီခန့်ထားတာလားတော့ မရှင်းသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဆက်ခံနိုင်မယ့်သူတွေအကုန် အရှင်းခံရမယ့်ပုံ ဖြစ်နေပါတယ်။
ခါမေနီရဲ့ အသုဘကို ဝမ်းနည်းကြသူတွေ လာရောက်ဂါရဝပြုကြသူတွေ အများအပြားရှိကြပေမယ့် တိုင်းပြည်မှာ အစ္စလာမ္မစ်အစိုးရကို မလိုလားသူ ၈၀%လောက်အထိ ရှိနေတာဖြစ်လို့ ကျန်တဲ့ ၂၀% နီးပါးက မြန်မာပြည်က အစိမ်းတွေ ဘောမတွေလိုပဲ ဒီစနစ် ဒီအင်စတီကျူးရှင်းကို မှီပြီး စားပေါက်ချောင်နေသူတွေ များပါလိမ့်မယ်။
မနေ့က ကာဝန်ပြောခဲ့သလို အီရန်ရေတပ်ကိုပါ ဖျက်ဆီးပစ်မယ်ဆိုတဲ့အတိုင်း နာရီပိုင်းအတွင်းမှာပဲ “အမေရိကန်တပ်တွေဟာ အီရန်စစ်သင်္ဘော ၉စီးကို နစ်မြှုပ်နိုင်ခဲ့ပါပြီ အဲဒီထဲက တချို့ဟာ တော်တော်လေးကြီးပြီး အရေးပါတဲ့ သင်္ဘောမျိုးဖြစ်ပါတယ်၊ ကျန်သင်္ဘောတွေကိုလည်း ဆက်လက်ပြီး နစ်မြှုပ်သွားဦးမှာပါ၊ မကြာခင်မှာပဲ အီရန်ရေတပ်မတော်ကြီးကို ပင်လယ်ကြမ်းပြင်မှာ တွေ့ရပါလိမ့်မယ်၊ သီးခြားတိုက်ခိုက်မှုတခုမှာ သူတို့ရဲ့ ရေတပ်ဌာနချုပ်ကြီးကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့ပါပြီ၊ အဲဒါကလွဲရင် သူတို့ရေတပ်က အခြေအနေကောင်းပါတယ်”လို့ သမ္မတထရမ့်က ထရုသ်မှာ ရေးသွားပါတယ်။ အီရန်ရေတပ်ကို ဖြိုလိုက်နိုင်ရင် ဟော်မုဇ်ကိစ္စက ရှင်းပြီးသားဖြစ်သွားမှာပါ။
ဒီနေ့ပြုလုပ်တဲ့ သမ္မတထရမ့်ရဲ့ မိန့်ခွန်းမှာ ခါမေနီကို ရှင်းပစ်နိုင်ခဲ့တဲ့အပြင် စစ်ဌာနချုပ်တခုလုံးကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း၊ အဲဒါကြောင့် သူတို့ဆီ ထောင်ချီတဲ့သူတွေက အသက်ဘေး ကင်းလွတ်ခွင့် immunity ပေးဖို့ ဆက်သွယ်လာကြကြောင်း၊ အမေရိကန်က ရည်မှန်းချက်တွေ အကုန်လုံး ပြည့်တဲ့အထိ စစ်ဆင်ရေးကို အပြည့်အဝ ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ကျဆုံးစစ်သည် ၃ဦးရဲ့ သတ္တိနဲ့ ကျေးဇူးတရားကို အလေးဂရုပြုပြီး ကျန်ရစ်သူမိသားစုတွေထံ ချစ်ခြင်းမေတ္တာ ပို့သပါကြောင်း။ ဒဏ်ရာရစစ်သည် ၅ဦးလည်း အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေဖို့ ဆုတောင်းပေးပါကြောင်း၊ အထိခိုက် အကျအဆုံးအနည်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်လို့ ကတိပြုရင်းနဲ့ပဲ စစ်ရဲ့ သဘောအရ သေဆုံး/ဒဏ်ရာရ အရေအတွက် တိုးလာနိုင်တာကို စိတ်မကောင်းစွာနဲ့ပဲ ကြိုတင်အသိပေးပါကြောင်း၊ စသဖြင့် ပြောကြားသွားပါတယ်။
The Atlantic က သတင်းတခုမှာ အီရန်ရဲ့ ခေါင်းဆောင်သစ်ဖြစ်လာနိုင်တဲ့သူ/အုပ်စုက ထရမ့်နဲ့ ဆွေးနွေးဖို့ လိုလားကြောင်း ပြောလာတဲ့အတွက် ထရမ့်က ပြောဖို့ သဘောတူလိုက်ကြောင်း၊ လက်တွေ့ကျပြီး လုပ်ရလွယ်ကူတဲ့လမ်းကြောင်းကို စောစာထဲကပေးသင့်ကြောင်း၊ သူတို့အချိန်ဆွဲတာ သိပ်ကြာသွားကြောင်း ထရမ့်က ပြောသွားတယ်လို့ ဆိုထားပါတယ်။ ဘယ်သူရယ်လို့တော့ ပြောမထားပါဘူး။ မင်းသားပါလာဗီက အသွင်ကူးပြောင်းရေးမှာ ကူညီမယ်လို့ အစဥ်တစိုက် ပြောနေခဲ့ပြီး ထရမ့်နဲ့တွေ့ဖို့ ကြိုးစားခဲ့ဖူးပေမယ့် ထရမ့်နဲ့တွေ့ခွင့်မရခဲ့ပဲ အရှေ့အလယ်ပိုင်းသံတမန် Steve Witkoff တို့အဖွဲ့တွေနဲ့ပဲ တွေ့ခွင့်ရခဲ့ပါတယ်။
ထရမ့်သဘောက အသွင်ကူးပြောင်းရေးကာလမှာ လူထုနဲ့ ထိတွေ့မှုနည်းတဲ့ ပြည်ပမှာနေတဲ့သူနဲ့စာရင် အမေရိကန်ဩဇာလည်း ခံမယ့်၊ လူ သန်း၉၀ရှိတဲ့ တိုင်းပြည်ကို ငြိမ်အောင်လည်း ထိန်းထားနိုင်မယ့် ပြည်တွင်းက အတိုက်အခံလို အင်အားစုတွေကိုပဲ အုပ်ချုပ်စေချင်တာ ဗင်နီဇွဲလားကိုကြည့်ရင် သိနိုင်ပါတယ်။ ကျူးဘားမှာလည်း လက်ရှိအစိုးရ ပြုတ်ကျသွားရင် ဝင်နိုင်မယ့်သူတွေနဲ့ ကြိတ်ပြီး စကားပြောနေတာဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးမှာ အမေရိကန်စစ်သား ၃ဦးကျဆုံးပြီး ၅ဦး ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ဘယ်မှာ ကျဆုံး/ ဒဏ်ရာရတယ်ဆိုတာ ဖော်ပြမထားပါဘူး။ အီရန်နဲ့ ကပ်နေတဲ့ အီရတ်က အမေရိကန်တပ်စခန်း တွေကို အီရန်က တိုက်ခိုက်မှုတွေ ရှိနေသလို အီရတ်နဲ့ ပါကစ္စတန်က အမေရိကန်သံရုံးတွေကို အကြမ်းဖက်မှုတွေရှိတယ်လို့ သိရပါတယ်။ ဆော်ဒီက နောက်တခါ သူတို့နယ်မြေထဲကို ဒုံးနဲ့ပစ်ရင် သူတို့အနေနဲ့ စစ်ထဲကို တင်းပြည့်ကျပ်ပြည့် ပါဝင်လာရလိမ့်မယ်လို့ အီရန်ကို သတိပေးထားပါတယ်။
အမေရိကန်တပ်တွေရဲ့ လျှပ်စစ်လို မြန်ဆန်တိကျအားပြင်းတဲ့ တိုက်ခိုက်မှုတွေကြောင့် လူစွာကြီး တရုတ်က ဘာကြေငြာချက်ထုတ်ပြီး ကန့်ကွက်တာမျိုးတောင် မလုပ်နိုင်တော့ပဲ ရုရှားနဲ့တူတူ စိတ်ပူတာကလွဲလို့ သုံးမရတဲ့ အန် အဖွဲ့ကြီးကနေပဲ ဆွေးနွေးဖို့ ပြောနေရပါပြီ။ ဒါတောင် အရင်ကလို လေသံမာမာနဲ့ မဟုတ်တော့တာ သတိထားမိကြမှာပါ။ တရုတ်က သူ့ရဲ့ လေယာဥ်တင်သင်္ဘောတွေ ပြင်နေပြီလို့ သတင်းဖြန့်နေပေမယ့် သူတို့မှာ လောလောလတ်လတ် ရေချထားတဲ့ အကြီးဆုံး သင်္ဘောကမှ တန် ၈သောင်းပဲ ရှိပြီး အတွေ့အကြုံက နတ္ထိဖြစ်တော့ သူတို့ကြွားထားသလောက် ဟုတ်ပါ့မလားဆိုတာ စဥ်းစားစရာပါ။ အမေရိကန် လေယာဥ်တင်သင်္ဘောတွေက ပွဲပေါင်းများစွာ နွှဲလာတဲ့ တန်တသိန်းယာဥ်တွေ ဖြစ်ပါတယ်။ နည်းပညာ လက်နက် တိုက်လေယာဥ် စိတ်ဓါတ် အစစ အမေရိကန်ကို မယှဥ်နိုင်ပါဘူး၊ ဒါကြောင့်လည်း လေသံမမာရဲတာပါ။ ဒီနေရာမှာ ရုရှားက တရုတ်လောက်တောင် အဆင့်မရှိသေးပါဘူး။ သူတို့ရဲ့ အကြီးဆုံးလေယာဥ်တင်သင်္ဘောကမှ တန် ၅သောင်းလောက်ပဲ ရှိတာပါ။
အိုဘမ ဘိုင်ဒင်တို့လက်ထက် ဟားစရာဖြစ်အောင်လုပ်ခဲ့တဲ့ အမေရိကန်စစ်တပ်ဟာ သမ္မတထရမ့်နဲ့ ကာဝန်၊ ဝုတ်မဟုတ်တဲ့ ဗိုလ်ချုပ်ကြီးများလက်ထက်မှာ အတုတ်အနှောင်တွေကနေ လွှတ်ပေးလိုက်တဲ့ လင်းယုန်လို မယုံနိုင်လောက်အောင် အစွမ်းပြနိုင်ခဲ့တဲ့အတွက်ရော ရုရှားကို ကာမီကာဇီဒရုန်းတွေနဲ့ တာတိုပစ်ဒုံးကျည်တွေရောင်းပေးနေတဲ့ အီရန်ကျသွားနိုင်တာရောကြောင့် ယူကရိန်းစစ်ပွဲမှာပါ တိုးတက်မှုတွေ မြင်လာရခါနီးပါပြီ။
ယူကရိန်းက ထောက်လှမ်းရေးအကြီးအကဲနဲ့ သမ္မတရုံးအကြီးအကဲ Kyrylo Budanov က ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် သေချာတဲ့အဖြေတရပ်ဆီ ဦးတည်ရွေ့လျားနေပြီလို့ အချက်ပြလိုက်ပါတယ်။ ဘူဒါနော့ဖ်က ရုရှားစစ်တပ်က ပြီးခဲ့တဲ့လတွေကလို ဆောင်းတွင်းကြီး အင်တိုက်အားတိုက် ထိုးစစ်ဆင်တာမျိုး၊ မြို့တော် ကိဗ်ကို တိုက်မယ့်အရိပ်အယောင်မျိုး မတွေ့ရကြောင်း၊ DMZ စစ်ကင်းမဲ့ဇုံ သတ်မှတ်ဖို့ကိုလည်း မူအားဖြင့် သဘောတူညီမှု ရထားပြီဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းမှာ ဒရုန်းနဲ့ ဒုံးတွေပဲသုံးပြီး အမေရိကန်အစွမ်းပြလိုက်တာဟာ ကရင်မလင်ရဲ့ တွက်ကိန်းတွေကို ပြောင်းသွားစေကြောင်း ပြောသွားပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အပေါ် ရှားတောင့်ရှားပါး အကောင်းမြင်မှုပြသခဲ့ပါတယ်။ DMZ သတ်မှတ်ဖို့ သဘောတူညီတာဟာ ထရမ့်အစိုးရရဲ့ ပန်းတိုင်ဖြစ်တဲ့ မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေကို အဆုံးသတ်ပစ်ချင်တဲ့ သဘောနဲ့ ကိုက်ညီနေပြီး ဒါတွေအားလုံးပြီးဆုံးသွားမှ အာရှ ပစိဖိတ်ဖက်ကို အာရုံလှည့်နိုင်မှာဖြစ်ပါတယ်။