ဒီစစ်ဆင်ရေးရဲ့ အဓိကရည်မှန်းချက်တခုဖြစ်တဲ့ အီရန်ရေတပ်ကို ဖျက်ဆီးဖို့ကိစ္စ အထမြောက်ခဲ့ပြီလို့ CENTCOM က ကြေငြာသွားပါတယ်။ အိုမန်ပင်လယ်ကွေ့မှာ အထိုင်ချပြီး ပင်လယ်ရေကြောင်း သွားလာမှုတွေကို ၄၇နှစ်ကြာ နှောက်ယှက်ဒုက္ခပေးနေခဲ့တဲ့ အီရန်ရေတပ်က ပင်လယ်ကြမ်းပြင်မှာ ထာဝရ အနားယူသွားပြီဖြစ်ပါတယ်။ ဒရုန်းတင်စစ်ရေယာဥ် Shahid Bagheri အပါအဝင် ရေပြင်ပေါ်မှာ တစီးမှကို မကျန်တော့ပါဘူး။ ပြီးခဲ့တဲ့ ၂ရက်ကတင် အိုမန်ပင်လယ်ကွေ့မှာ အီရန်စစ်သင်္ဘော ၁၁စီးရှိနေခဲ့သေးတာပါ။ အီရန်ဘက်ကတော့ ဟော်မုဇ်ကိုပိတ်ထားဆဲဖြစ်ပြီး ဖြတ်သန်းသွားလာရင် အပစ်ခံရမယ်လို့ ကျုံးဝါးနေဆဲဖြစ်ပါတယ်။ ဟော်မုဇ်ရေလက်ကြားက ပါးရှန်းပင်လယ်ကွေ့နဲ့ အာရေဗျပင်လယ်ကို ဆက်ထားတာပါ။
အီရန်စစ်သင်္ဘောတွေက ဖြတ်သွားတဲ့ရေနံတင် သင်္ဘောတွေကို အနုကြမ်းစီး၊ ကုန်သင်္ဘောတွေကို နှောက်ယှက်နဲ့ ကမ္ဘာစီးပွားရေးကို ခြိမ်းခြောက် နေခဲ့တာ ဖြစ်ပါတယ်။ အီရန်ရေတပ်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် ကမ္ဘာ့ supply chain choke point တွေမှာ ကုန်စည်တွေ လွတ်လပ်စွာ စီးဆင်းနိုင်အောင် အမေရိကန်က ဆက်လက်ကာကွယ်ပေးသွားပါမယ်လို့ CENTCOM က ရေးထားပါတယ်။ လွတ်လပ်စွာကုန်သွယ်နိုင်ရင် ကမ္ဘာ့ပြည်သူအများ အကျိုးရှိမှာ အသေအချာပါပဲ။
နောက်ရည်မှန်းချက်ဖြစ်တဲ့ အီရန်ရဲ့ များပြားလှတဲ့ ဒုံးကျည်တွေကို ဖျက်ဆီးဖို့ B-2 Spirit ကိုယ်ပျောက် ဗုံးကြဲလေယာဥ်ကြီး တွေဟာ သူတို့စခန်းချတဲ့ မစ်ဇိုးရီပြည်နယ်ကနေ အီရန်အထိ မရပ်မနားပျံသန်းပြီး အီရန်က ဟိုးမြေအောက်အနက်ကြီးမှာ သိမ်းထားတဲ့ လက်နက်တိုက်ကို သုံးမရအောင် သွားဖျက်ဆီး ခဲ့ပါတယ်။ ၅-၆ပေ ထုရှိတဲ့ သံကူကွန်ကရစ်ဘန်ကာကို ထိုးဖောက်နိုင်တဲ့ ပေါင် ၂၀၀၀အားရှိတဲ့ bunker buster ဗုံးပေါင်း ဒါဇင်နဲ့ပြီး ဘန်ကာ ဝင်ပေါက်ထွက်ပေါက်တွေကို ဗုံးကြဲချခဲ့တဲ့အတွက် အဲဒီထဲမှာ ရှိနေတဲ့ ရာနဲ့ချီတဲ့ ဒုံးကျည်တွေကို အီရန်တို့ ဘယ်လိုမှ သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ အစအဆုံးကို ၁၈နာရီအတွင်းလုပ်နိုင်ခဲ့တာဖြစ်လို့ အမေရိကန်က တကမ္ဘာလုံးမှာရှိတဲ့ ဘယ်နေရာမဆိုက ဘယ်လိုခက်ခဲမာကျောတဲ့ပစ်မှတ်ကိုမဆို ဖြိုခွင်းဖို့အတွက် ဘာအခြေစိုက်စခန်းမှ မရှိလဲလုပ်နိုင်တယ် ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။
ဘန်ကာကို ထိုးဖောက်တဲ့ဗုံးတွေထဲမှာ ပေါင် ၂၀၀၀အားက အပျော့ဆုံးပါ၊ ပေါင် ၅၀၀၀အားဗုံးက ပေ၂၀အထုရှိတဲ့ ကွန်ကရစ်ကို ဖောက်ထွင်းနိုင်သလို မနှစ်ဇွန်လတုန်းက Operation Midnight Hummer နဲ့ အီရန်နျူဆိုက်တွေကို ကြဲခဲ့တဲ့ Massive Ordinance Penetrator က ပေ၂၀.၅ရှည်၊ ပေါင်၃သောင်း လေးပြီး ပေ၆၀ထုရှိတဲ့ ကွန်ကရစ်ကို ထိုးဖောက်နိုင်ပါတယ်။ အားလုံးကို အဝေးထိန်းစနစ်နဲ့ လိုချင်တဲ့ နေရာကို တိတိကျကျ ထိစေနိုင်တာပါ။ OMH လုပ်ပြီးတုန်းက ကဲ လာ ဆွေးနွေးမယ်ဆိုတာကို အီရန်ဘက်က ငြင်းခဲ့ပြီး ထပ်ဆောက်ပြမယ်လို့ စိန်ခေါ်ခဲ့တာပါ။
B-2 တွေက မြေအောက်လက်နက်တိုက်တွေကို ဖျက်ဆီးသလို B-1 Lancer bomber တွေကလည်း အီရန်နိုင်ငံအတွင်းပိုင်းက ဒုံးကျည်ပစ်စင်တွေ၊ ဒုံးစက်ရုံတွေ၊ ဆီလှောင်ကန်တွေနဲ့ ဒုံးကျည်နဲ့ ပတ်သက်လို့ အားထားနေရတဲ့မြို့တွေကို ပစ်မှတ်ထားဖျက်ဆီးနေတာပါ။ B-1 ဗုံးကြဲလေယာဥ်တွေက ဒုံးကျည်အများကြီးကို သယ်ဆောင်ပစ်ခတ်နိုင်တဲ့အပြင် ရှုတ်ထွေးနက်နဲတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိတာကို အမေရိကန်တွေက ပြသလိုက်တာ ဖြစ်ပါတယ်။
စစ်သင်္ဘောတွေနဲ့ ကွန်မန်းစင်တာတွေက မြေပြင်ပေါ်ပစ်မှတ်တွေဖြစ်တဲ့ လက်နက်စက်မှုဇုံလို ဗျူဟာ ကျတဲ့ နေရာတွေကိုပစ်၊ F22 နဲ့ F35 တွေက အီရန်လေကြောင်းကာကွယ်ရေးစနစ်ကို ဖျက်ဆီးပြီး အခု B-2 တွေက လက်စသတ်နေပါပြီ။ တပ်ပေါင်းစု ဗိုလ်ချုပ်ကြီးCaine က ဒီစစ်ဆင်ရေးရဲ့ စစ်ရေး ရည်မှန်းချက် တွေဟာ ချက်ချင်းတလုံးတခဲတည်းတော့ ရနိုင်မှာမဟုတ်ကြောင်း၊ အချိန်ယူရမှာဖြစ်လို့ တပ်အင်အားအထိအခိုက် ထပ်ရှိမယ်လို့ မျှော်လင့်ထားကြဖို့လိုကြောင်း ပြောသွားပါတယ်။
သမ္မတ ထရမ့်ကလည်း စစ်ဆင်ရေးပြီးဖို့ ၅-၆ပတ်လောက်အထိ ကြာကောင်းကြာနိုင်ကြောင်း၊ ခါမေနီတို့ကို ရှင်းပစ်လိုက်ချိန်မှာ ခေါင်းဆောင်တွေ ဆုံပြီး နံနက်စာစားနေကြကြောင်း၊ သူတို့အဲလို စားနေတာ ငါတို့သိနေလိမ့်မယ်လို့ ထင်မှာမဟုတ်ကြောင်း၊ ဒါပေမယ့် ငါတို့အကုန်သိနေပါကြောင်း၊ ခုထိ ခေါင်းဆောင်ပိုင်း ၄၉ဦးကို သုတ်သက်နိုင်ခဲ့ပြီး အဲဒီလိုရှင်းပစ်နိုင်ဖို့ ၄ပတ်လောက်ကြာမယ် ထင်ခဲ့ရာက နာရီပိုင်းအတွင်း ရှင်းနိုင်ခဲ့တာဖြစ်ကြောင်း Fox က Bret Baier ကို ပြောသွားပါတယ်။ CNN ကိုတော့ သမ္မတထရမ့်က အီရန်မှာ လှိုင်းအကြီးကြီးက လုံးဝမလာသေးဘူး၊ လာတော့မှာလို့ ပြောသွားပါတယ်။
နေတန်ယာဟူက အစ္စရေးတပ်တွေဟာ တီဟီရန်ရဲ့ နှလုံးသည်းပွတ်ကို စတင်တိုက်ခိုက်နေပြီဖြစ်ပြီး လာမယ့်ရက်တွေမှာ ပိုပြီးအရှိန်အဟုန်မြင့်လာလိမ့်မယ်လို့ ကြေငြာချက်ထုတ်သွားပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်လူတွေရဲ့အသက် ကိုယ့်တိုင်းပြည်ကို အတတ်နိုင်ဆုံး အထိအခိုက် အနည်းဆုံးဖြစ်အောင် စဥ်းစားပေးလေ့ရှိကြပေမယ့် အာဏာရှင်တွေကတော့ နောက်ဆုံးအချိန်အထိ လက်ကျန်အာဏာကို ဆုတ်ကိုင်ထားဖို့အတွက် ဘာကိုပဲဖြစ်ဖြစ် စတေးဖို့ ဝန်မလေးကြပါဘူး။
အီရန်လက်ကျန်အစိုးရမှာ တချို့က အမေရိကန်ဆီ လုံးဝ ဒူးမထောက်ဘူး၊ ဂျီဟတ်လုပ်မယ် စသဖြင့် ကျုံးဝါးနေသူတွေ ရှိနေသေးသလို Supreme National Security Council ကို လက်ရှိဦးဆောင်နေတဲ့ Ali Larijani က အိုမန်ချန်နယ်တွေနေတဆင့် ဝါရှင်တန်နဲ့ နျူဆွေးနွေးပွဲတွေ ပြန်စဖို့ ဆက်သွယ် လာနေကြောင်း WSJ က တင်ပြထားပါတယ်။ ဖရိုဖရဲဖြစ်နေတဲ့ အစိုးရမှာ သမ္မတ Masoud Pezeshkian နဲ့ အရေးပါတဲ့ မူလာကြီးတွေက ဆက်ခံမယ့်သူရွေးချယ်ရင်း အာဏာကို ယိုင်နဲနဲ့ ဆက်ထိန်းထားပါသေးတယ်။ လာရီဂျာနီက အဲဒီအစိုးရထဲမှာ လက်တွေ့ကျသူဖြစ်ပြီး အရင်က နျူဆွေးနွေးပွဲတွေကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ခုတော့ စစ်ရေးရော သံတမန်ရေးတွေကိုပါ ဝင်ညွှန်ကြားနေရတာပါ။ ခုထိ အီရန်ဘက်မှာ ၅၅၀ကျော် သေဆုံးကြောင်း ကြက်ခြေနီအဖွဲ့က ကြေငြာပြီး အမေရိကန်ဘက်က အနည်းဆုံး ၆ဦးနဲ့ အစ္စရေးဘက်က ၁၁ဦး ကျဆုံးထားပြီ ဖြစ်ပါတယ်။
ကရာချိက အမေရိကန်ကောင်စစ်ရုံးကို အီရန်ထောက်ခံတဲ့လူစုက အကြမ်းသွားဖက်ခဲ့တာကို ပါကစ္စတန်ရဲနဲ့ ရိန်းဂျားတွေက မျက်ရည်ယိုဗုံးတွေ၊ နံပါတ်ဒုတ်တွေ၊ သေနတ်တွေနဲ့ နှိမ်နှင်းခဲ့သလို ထရမ့်အစိုးရက ဒုတိယဘန်ဂါဇီ အဖြစ်မခံနိုင်တဲ့အတွက် အမေရိကန် မရင်း လုံခြုံရေးတွေကပါ ပစ်ခတ်ကာကွယ်ခဲ့ရပါတယ်။ အာဖဂန်က တာလီဘန်တွေဟာ ဘိုင်ဒန်တို့ထားခဲ့တဲ့ လက်နက်တွေနဲ့ ဒေသတွင်း မတည်ငြိမ်မှု ဖန်တီးနေခဲ့ပြီး အိမ်နီးချင်း ပါကစ္စတန်ဘက်ကို ဖေဖေါ်ဝါရီ ၂၇မှာ ကျူးကျော်လာတဲ့အတွက် ပါကစ္စတန်က အာဖဂန်ထဲက နေရာ ၄၆ခုကို ပစ်မှတ်ထားပြီး လက်တုန့်ပြန်တိုက်ခိုက်ခဲ့ရာမှာ မတ်လ ၁ရက်နေ့အထိ တာလီဘန်အကြမ်းဖက် ၄၁၅ဦးသေဆုံးပြီး ၅၈၀ ဒဏ်ရာရထားပါတယ်။ တာလီဘန်ချက်ပွိုင့် ၁၈၂ခု ဖျက်ဆီးခံရပြီး ၃၁ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် တင့်ကား၊ သံချပ်ကာလက်နက်တင်ယာဥ်နဲ့ လက်နက်တွေကိုပါ ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။