အီရန် Supreme Committee က အလီခါမေနီရဲ့သား Mojtaba Khamenei ကို အယာတိုလာအဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် သမ္မတထရမ့်က “သူတို့က အချိန်ဖြုန်းနေတာပဲ၊ ခါမေနီသားက အဖြစ်ရှိတဲ့သူမှ မဟုတ်တာ၊ သူက ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို ဆောင်ကျဥ်းပေးမယ့်သူ မဟုတ်လို့ ငါလက်မခံနိုင်ဘူး၊ ” လို့ မှတ်ချက်ပေးသွားပါတယ်။ အသက် ၅၆နှစ်ရှိ Mojtaba က ကျားကိစ္စ ပြဿနာရှိလို့ ဆေးရုံ ၄ကြိမ် တက်ထားရတဲ့သူပါ။ ထရမ့်က ငါနဲ့ အရင်မတိုင်ပင်ပဲနဲ့ အီရန်မှာ ဘယ်သူမှ တက်လို့မရဘူးလို့ ပြောထားပါတယ်။ သူမီးစိမ်းပြလို့ တက်ပြီးမှ ဂကျိုးဂကြောင်လုပ်ရင် ၅နှစ်အတွင်း ပြန်လာတိုက်မယ်လို့ ပြောထားတာပါ။
မဒူရိုတုန်းကလည်း ဒုသမ္မတက ထရမ့်အစိုးရကို ဩဇာခံမယ်၊ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်မယ်၊ ရေနံကို အမေရိကန်က ကိုင်မယ်၊ ကမ္ဘာ့ပေါက်ဈေးနဲ့ ရောင်းပြီး ရတဲ့ငွေကို ဗင်နီဇွဲလားအကောင့်ထဲ ထည့်ပေးမယ်၊ အဲဒါပိုက်ဆံနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့ အမေရိကန်က ကူညီပေးမယ်ဆိုတဲ့ သဘောတူညီချက်တွေနဲ့ ယာယီသမ္မတတင်ထားခဲ့တာပါ။ အမေရိကန်က Rodriguez ကို ရွေးကောက်ခံ သမ္မတလို အသိအမှတ်ပြုတာမဟုတ်ပဲ လွတ်လပ်မျှတတဲ့ ရကပတွေ လုပ်ပြီးတဲ့အထိပဲ ထားမှာဖြစ်ပါတယ်။
စစ်စခဲ့တာ တပတ်မပြည့်သေးတဲ့အချိန်မှာပဲ အီရန်ဘက်က စစ်သားတွေ၊ ရဲတွေအပြင် IRGC အဖွဲ့ဝင် တွေ ထောင်ချီထွက်ပြေးနေကြကြောင်းနဲ့ ထွက်ပြေးမှုတွေ မြင့်တက်လာနေကြောင်း အီရန်အတိုက်အခံတွေရဲ့ Iran International သတင်းဌာနနဲ့ the Economist တို့ကို ကိုးကားပြီး တင်ပြထားတာတွေ တွေ့ရပါတယ်။ the Economist က တပ်ပျက်လောက်အောင် ထွက်ပြေးတာမျိုး မဟုတ်သေးပေမယ့် အက်ကြောင်းလိုက်လာတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူးလို့ ဆိုပါတယ်။ အာဏာနဲ့ဖိနှိပ်အုပ်စိုးတဲ့စနစ်မှာ သစ္စာခံမှုကို အကြောက်တရား၊ ဘာသာရေးမှိုင်းတွေနဲ့ ချည်နှောင် ထားတာဖြစ်လို့ ကြောက်ရမယ့် လေးစားရမယ့်သူ မရှိတော့တဲ့အခါ ဒါမျိုးတွေ ဖြစ်လာကြတာပါပဲ။ စနစ်တခုကို ထိန်းထားပေးတဲ့သူတွေ ထွက်ပြေးကုန်ရင် ဇတ်သိမ်းဖို့က နီးလာပါပြီ။
မနေ့က အီရန်ဖရီးဂိတ်တစီး တော်ပီဒိုစာမိသွားပြီးတဲ့နောက် နောက်တစီးက သီရိလင်္ကာက ကိုလံဘိုဆိပ်ကမ်းမှာ စက်ပျက်လို့ဆိုပြီး အရေးပေါ်ကမ်းကပ်ခွင့် တောင်းခံလာပါတယ်။ မနေ့ကအစီးမှာ လူ၁၈၀ပါလာပြီး သီရိလင်္ကာက ၃၂ဦး နဲ့ ၈၇လောင်းကို ဆယ်ယူနိုင်ခဲ့ပါတယ်။ ခိုလှုံခွင့်တောင်းခံတဲ့ သင်္ဘောက ထောက်ပို့သင်္ဘောဖြစ်ပြီး လူ ၁၀၀ကျော် ပါလာတာပါ။ The Hague Convention အရ ကြားနေနိုင်ငံဟာ စစ်ဖြစ်နေတဲ့နိုင်ငံတွေက စစ်သင်္ဘောတွေကို သူတို့ရေပိုင်နက်ထဲ အဝင်မခံဖို့ တင်းတင်းကြပ်ကြပ်တားမြစ်ထားပေမယ့် ခိုလှုံခွင့်တော့ ပေးနိုင်တယ်လို့ ပြောထားပြီး ကမ်းကပ်ဖို့လိုအပ်ရင် ၂၄နာရီထက်မပိုစေရဆိုတော့ သီရိလင်္ကာအစိုးရက သတိကြီးကြီးထားပြီး တုန့်ပြန်နေရပါတယ်။ ခုချိန်ထိ အီရန်ဂုဏ်အယူဆုံး WWII ခေတ်က လေယာဥ်တင်သင်္ဘောအရွယ်ရှိတဲ့ တာဝေးဒရုန်းတင် သင်္ဘောအပါအဝင် အီရန်စစ်သင်္ဘော အစီး၃၀ကျော် အမြှုပ်ခံရပြီးပါပြီ။
တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာ အမေရိကန်လေတပ်ရဲ့ Global Strike Command က နျူထိပ်ဖူး သယ်ဆောင်နိုင်တဲ့ LGM-30G Minuteman III တိုက်ချင်းပစ်ဒုံးပျံကို ကာလီဖိုးနီးယားက Vandenberg Space Force Base ကနေ မိုင် ၄၀၀၀ကျော်ဝေးတဲ့ မာရှဲလ်ကျွန်းပေါ်က သတ်မှတ်ထားတဲ့ ပစ်မှတ်ဆီ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒီလိုစမ်းသပ်ဖို့ စီစဥ်နေတာ နှစ်အတော်ကြာ ရှိသွားပေမယ့် ကမ္ဘာ့အရေးတွေ ရှုပ်ထွေးနေချိန်ဖြစ်လို့ ခုမှစမ်းသပ်ရတာပါ။ Minuteman III လက်နက်စနစ်ရဲ့ စွမ်းဆောင်ရည်၊ တိကျမှုနဲ့ စိတ်ချရမှုတွေကို သိရဖို့အတွက် အလားတူစမ်းသပ်မှု အကြိမ် ၃၀၀ကျော် ပြုလုပ်သွားဖို့လည်း ရှိနေပါတယ်။
အစ္စရေးက လေကြောင်းကာကွယ်ရေးအတွက် သံကွန်ခြာအုပ်ဆောင်း iron dome အပြင် iron beam (or death ray) လို့ ခေါ်ကြတဲ့ စွမ်းအားမြင့်လေဆာစနစ်ကို စတင်အသုံးပြုလာပြီဖြစ်ပါတယ်။ အဲဒီစနစ်က ပစ်မှတ်ရဲ့ ကိုယ်ထည်မှာ ကျပ်ပြားဝိုင်းလောက်နေရာလေးကို အင်အားပြင်းတဲ့ လေဆာနဲ့ချိန်ပြီး ဖာရင်ဟိုက် ထောင်နဲချီတဲ့အထိ အပူပေးလိုက်ရင် ပေါက်ကွဲထွက်တာ (သို့) ပျက်စီးသွားတာတွေ ဖြစ်စေတာပါ။ အဲဒါက iron dome လို ဒုံးနဲ့ပစ်တာနဲ့စာရင် အကုန်အကျ အလွန်သက်သာပါတယ်။ ပစ်မှတ်က ကြီးနေရင်လည်း စက်အများကြီးနဲ့ တနေရာထဲကို ဝိုင်းချိန် (သို့) နေရာခွဲချိန်လို့ ရပါသေးတယ်။ လေဆာတခါပစ်မှ $၃-၂၀ လောက်ပဲကျပြီး ဒုံးတွေက ထောင်ချီ ကျတာပါ။ ဒါပေမယ့် မိုးရွာ၊ မြူထူ၊ ဖုန်ထူနေရင်တော့ အလုပ်မဖြစ်တာကြောင့် သူ့ချည်းသုံးလို့မရပဲ လက်ရှိ iron dome တို့ တာလတ်-တာဝေးကာကွယ်တဲ့ David’s Sling တို့နဲ့ တွဲသုံးရတာဖြစ်ပါတယ်။
၂၀၂၁တုန်းက Belt & Road Initiative အတွက် အီရန်နဲ့ ၂၅နှစ်ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုထားတဲ့တရုတ်က အီရန်အဆိုးရ ကမ္ဘာပျက်နေချိန်မှာ သူရေနံဆက်ရဖို့ တခုတည်းကြည့်သလိုပဲ ၂၀၂၅ ထရမ့်မတက်လာခင် ၃ရက်အလိုကမှ အီရန်နဲ့ စစ်ရေး၊ စွမ်းအင်၊ နည်းပညာနဲ့ ကုန်သွယ်မှုကဏ္ဍ တွေမှာ ဗျူဟာမြောက်ပူးပေါင်းဖို့ လက်မှတ်ထိုးခဲ့တဲ့ရုရှားကလည်း “ငါတို့အကျိုးစီးပွားနဲ့ လိုက်လျောညီထွေရှိတာကိုပဲ ငါတို့ လုပ်ရပါလိမ့်မယ်၊ အခုလောလောဆယ် ကမ္ဘာဖြစ်ရပ်တွေကနေ သက်ရောက်မှုတွေ စနေပြီဖြစ်လို့ ရုရှားစီးပွားရေးကို အထိအခိုက်အနည်းဆုံးဖြစ်အောင် လုပ်ရမှာပါ၊ ကိုယ်ကျိုးကြည့်တယ်ပဲပြောပြော ဖြစ်နိုင်ခြေရှိ သလောက် ငါတို့အတွက်အကျိုးအမြတ်ရှိတာ သေချာဖို့ အရင်လုပ်သင့်တာ လုပ်ရပါမယ်”လို့ ပူတင့်လက်ထောက် Mario Nawfal က ပြောသွားပါတယ်။ ထရမ့်ကတော့ သူ့မဟာမိတ်မဟုတ်တောင် နိုင်ငံအချင်းချင်း စစ်ဖြစ်လာရင် ချက်ချင်း ဝင်စေ့စပ်ဖြန်ဖြေပေးတာမျိုး လုပ်တတ်တာ မကြာသေးသောသမိုင်းက သက်သေပါပဲ။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ပြည်တွင်းကို အရှိန်အဟုန်မြှင့် ပစ်ခတ်လာတဲ့အပေါ် နိုင်ငံတကာ မီဒီညာများက စိုးရိမ်မကင်းဖြစ်ပြကြပါတယ်။ ဖြစ်ပြကြတယ်လို့ ပြောရတာက သူတို့စိုးရိမ်ချင်တဲ့ ကိစ္စမှ ရွေးပြီး စိုးရိမ်ပြကြလို့ပါ။ ပြည်တွင်းမှာနေတဲ့သူတွေကို မေးမြန်းထားတဲ့ ပို့စ်တွေမှာတော့ ဗုံးကြဲတဲ့နေရာနဲ့ ၁မိုင်ကျော်လောက်သာ ကွာတဲ့နေရာမှာ နေနေတဲ့ အီရန်တွေက “အမေရိကန်နဲ့ အစ္စရေးဗုံးတွေက ပစ်မှတ်ကို တိတိကျကျပဲတိုက်တာ၊ ပတ်ဝန်းကျင်ကို မထိခိုက်သလောက်ပဲ၊ ဗုံးသံတချက်ကြားတိုင်း ငါတို့ကို တုပ်နှောင်ထားတဲ့ အစ္စလာမ္မစ်အစိုးရရဲ့ သံကြိုးတကွင်း ဖြတ်ချနိုင်ပြီ လို့ တွေးပြီး ကြည်နူးရပါတယ်၊ တကယ်၍များ ထိခိုက်မိလို့ ငါတို့သေသွားရရင်တောင် ဒီကောင်တွေကို ဖြုတ်ချနိုင်လိုက်တာနဲ့ ချိန်ကြည့်ရင် တန်ပါတယ်၊ သေခဲ့ရင်တောင် ပျော်ပါတယ်” လို့ ဖြေကြတာပါ။ တကယ်လည်း တိုက်ခိုက်မှုတွေက ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်တဦးရဲ့ ဓါးချက်တွေလို တိကျကြောင်း တင်စားရေးသားနေကြပါတယ်။
အီရန်မှာနေတဲ့ ကာ့ဒ်လူမျိုးစုတွေက ခါမေနီအစိုးရဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ယန္တရား ဖြစ်ပြီး လွတ်လပ်မှုတောင်းဆိုသူတိုင်းကို သတ်ဖြတ် နှောက်ယှက်နေတာကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေကို တီဟီရန်အစိုးရပြုတ်ကျအောင် ကူညီပေးဖို့ တောင်းဆိုလာခဲ့ကြတာပါ။ အမေရိကန်ရဲ့ ညှိနှိုင်းပေးမှုနဲ့ အီရန်မှာရှိတဲ့ the Democratic Party of Iranian Kurdistan (PDKI) အပါအဝင် ကာ့ဒ်အတိုက်အခံအုပ်စု ၅ခုက ဖေဖေါ်ဝါရီနှောင်းပိုင်းမှာ အစ္စလာမ္မစ်အစိုးရကို ဖြုတ်ချဖို့အတွက် တရားဝင် ပူးပေါင်းခဲ့ကြပါတယ်။ အဲဒီအုပ်စုတွေက အမေရိကန်အရာရှိတွေနဲ့ တွေ့ဆုံပြီး လက်နက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် ထောက်ပံ့မှုတွေ ဘယ်လိုရနိုင်မယ် ဆိုတာကို ဆွေးနွေးခဲ့ကြတာပါ။
အီရန်မှာ ပါးရှန်းက ၆၁% ပဲရှိပြီး အီရန်-အဇာဘိုင်ကျန်က ၁၆%၊ ကာ့ဒ် ၁၀-၁၅%နဲ့ ကျန်တာတွေက လူမျိုးစုငယ်လေးတွေ ဖြစ်ကြပါတယ်။ ကာ့ဒ်တွေက အိမ်နီးချင်း ၄နိုင်ငံနယ်စပ်မှာ ပျံ့နှံ့နေထိုင်ကြပြီး အားလုံးပေါင်းရင် လူဦးရေ သန်း ၃၀-၄၅ (တူရကီမှာ ၁၅-၂၀သန်း၊ အီရန်မှာ ၈-၁၂သန်း၊ အီရတ်မှာ ၅.၆-၈သန်းနဲ့ ဆီးရီးယားမှာ ၁.၅သန်း) ရှိပါတယ်။ သူတို့ဟာ အမေရိကန်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး အစဥ်အလာရှိခဲ့ပြီး IS တို့ Muslim Brotherhood တို့ကို တိုက်ဖျက်ရာမှာ ကူညီခဲ့ကြပါတယ်။ အခုလို ဝင်တိုက်ပေးတာဟာ သူတို့ကို ဗုံးလာလာကြဲနေတဲ့ IRGC တွေကို ဖြုတ်ချဖို့ အားသန်နေတာကြောင့် ဖြစ်ပြီး အပြန်အလှန်အနေနဲ့ သူတို့ကို နိုင်ငံတကာက အသိအမှတ်ပြုဖို့၊ သူတို့ကို ဗုံးထပ်မကြဲနိုင်အောင် No Fly Zone သတ်မှတ်ပေးဖို့ စတဲ့အချက်တွေမှာ သဘောတူထားတာတွေ ရှိလို့ဖြစ်ပါလိမ့်မယ်။ ကာ့ဒ်အဖွဲ့တချို့မှာ ခွဲထွက်ရေးသမားတွေ၊ အစွန်းရောက်မူစလင်တွေရှိပေမယ့် အနည်းစုပဲဖြစ်ပါတယ်။
အီရန်အမျိုးသားရေးဝါဒီတွေကတော့ ကာ့ဒ်တွေ ဝင်တိုက်တာဟာ အမျိုးသား ညီညွတ်ရေးအတွက် ခြိမ်းခြောက်မှုတခုလို့ ရှုမြင်ကြပြီး တချို့ကတော့ အိုဘမလက်ထက် အီရတ်စစ်၊ ဆီးရီးယား ပြည်တွင်းစစ်တွေတုန်းကလို ကာ့ဒ်တွေကို လိုတုန်းသုံးပြီး ပြီးရင် စွန့်ပစ်သွားတာ ခံရနိုင်တယ်လို့ ထင်မြင်နေကြပါတယ်။ ထရမ့်က ပြောတဲ့အတိုင်း လုပ်တတ်သူ မဟုတ်ရင် ငြိမ်းချမ်းဖို့ သူကြားဝင်စေ့စပ်ပေးနေတာတွေဟာ ဘယ်လိုမှ အောင်မြင်စရာမရှိပါဘူး။ ကာ့ဒ်တွေကတောင် အားလုံးကို ပုံအောပြီး မင်းဆိုးမင်းညစ်ကို အမြစ်ဖြုတ်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့ အချိန်မှာ လွတ်လပ်မှုကို မြတ်နိုးပါတယ်ဆိုတဲ့ ကမ္ဘာကြီးက မင်းဆိုးမင်းညစ်တွေဘက်က ရပ်နေဦးမှာလားလို့ ကာ့ဒ်အမျိုးသမီးစစ်သည်တဦးဖြစ်တဲ့ PDKI က ဆာဘားက မေးခွန်းထုတ်လိုက်ပါတယ်။
အီရန်ဒရုန်းတွေက အိမ်နီးချင်း အဇာဘိုင်ကျန်ထဲက အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် အဇာဘိုင်ကျန်က တပ်အားလုံးကို တိုက်ပွဲအတွက် အသင့်ပြင်ထားဖို့ ညွှန်ကြားထားပါပြီ။ အီရန်က မှားပစ်တာပါလို့ ပြောပေမယ့် ထိသွားတာက အပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုတော့ မတော်လို့ပါ ဆိုတာနဲ့ ပြီးလို့ရပါ့မလား။ UAE က သူ့တိုင်းပြည်မှားထားတဲ့ အီရန်ပိုင်ဆိုင်တဲ့ နိုင်ငံခြားငွေတွေကို ကုန်သွယ်မှုလုပ်လို့မရအောင် freeze လုပ်ထားဖို့ နည်းလမ်းရှာနေပါပြီ။ အမေရိကန်ရေနံတင်သင်္ဘောနဲ့ Palau အလံတင်ရေနံတင်သင်္ဘောတို့ ဒရုန်းနဲ့အပစ်ခံရအပြီးမှာ ဆော်ဒီက သူ့ရဲ့ ရေနံတင် သင်္ဘော တွေကို ပင်လယ်နီဘက်ကနေ ကွေ့သွားဖို့ အပူတပြင်းစီစဥ်နေပါပြီ။ အဲဒီလမ်းကြောင်းက ကုန်ကျစားရိတ် ၂ဆဖြစ်တဲ့အပြင် ဟူသီတွေရဲ့ ရန်ရှိပါတယ်။
ခါမေနီသေတာကို အီရန်အများစုက ဝမ်းသာကြရုံတင်မဟုတ်ပဲ နေရာကောင်းတွေမှာ ဆယ်စုနှစ်ပေါင်း များစွာ တင်ထားခဲ့တဲ့ ခါမေနီပုံ ဘေလ်ဘုတ်တွေ၊ ပိုစ်တာတွေကိုပါ မီးတင်ရှို့နေကြပါတယ်။ သမ္မတထရမ့်က ပထမ ၂ရက်လောက်ပဲ situation room မှာနေခဲ့ပြီး အခုတော့ တခြားအလုပ်တွေကို ပြန်အာရုံစိုက်နေပါပြီ။ CENTCOM က အီရန်ကမ်ပိန်းအတွက် နောက်ထပ် စစ်ဘက်ထောက်လှမ်းရေး အရာရှိတွေကို အနည်းဆုံး နောက်ထပ် ရက် ၁၀၀ ထပ်မံတောင်းခံတားထဲ့အတွက် ဒီစစ်ဆင်ရေးဟာ စက်တင်ဘာလောက်အထိ ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ စစ်ရေးမှာက ရန်သူခန့်မှန်းလို့ မလွယ်အောင် ပုံမှားရိုက်ကြတာတွေ ရှိတတ်သလို IRGC ကင်ဆာဆဲလ်တွေ ကျန်နေရင် ကမ္ဘာကိုပါ အန္တရာယ်ဖြစ်လာနိုင်တာကြောင့် အမြစ်ဖြတ်ဖို့ အချိန်ယူတာလည်း ဖြစ်နိုင်ပါတယ်။
NBC သတင်းထောက် က အီရန်နိုင်ငံခြားရေးဝကကို အမေရိကန်တပ်တွေ မြေပြင်မှာ ဝင်လာမှာကို မကြောက်ဘူးလားလို့ မေးတော့ အဲဒီလူက မကြောက်ပါဘူး၊ ငါတို့က စောင့်နေတာလို့ ဖြေလိုက်ပါတယ်။ ဒီလိုအခြေအနေမှာတောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံနဲ့ လေကျယ် နေနိုင်သေးတဲ့ ဝကရဲ့ အဖြေကြောင့် သတင်းထောက်တောင် ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့ အထိပါပဲ။ ဒါပေမယ့် ကာ့ဒ်တွေ ဝင်လာမယ်လို့ကြားတာနဲ့ အီရန်က ကာ့ဒ်စခန်းတွေကို စပစ်နေပါပြီ။ ကာ့ဒ်တွေကို အမေရိကန်ဂျက်တွေက ကူညီပြီး air cover ပေးပါလိမ့်မယ်။