Operation Epic Fury (12)

အယာတိုလာအသစ်အဖြစ် မကြာသေးမီကမှ ရွေးချယ်ခံထားရတဲ့ Mojtaba Khamenei ကို ရာထူးခန့်အပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ရှင်းလင်းသုတ်သင်ခဲ့ပြီဆိုတဲ့ သတင်းတက်လာပါတယ်။ ဒီသတင်းမှန်ရင် စစ်ဆင်ရေးမှာ သုတ်သင်ခံရတဲ့ အယာတိုလာ ၃ဦးရှိသွားပါပြီ။ Mojtaba ဟာ အရင်ကလည်း သုတ်သင်ခံရတယ်လို့ သတင်းထွက်လာပြီးနောက် လစ်ဗြဲမီဒီယာများက ရှိပါသေးတယ် ပုန်းနေတာပါလို့ ဖြေရှင်းခဲ့ကြပါတယ်။ ပြီးတော့မှ ရွေးချယ်ခံရတယ်ဆိုတဲ့ သတင်း ထပ်ထွက်လာတာပါ။ ဒါပေမယ့် ဘယ်သူ့ကိုမှ ရုပ်ထွက်ပြတာမရှိတော့ အစစ်အမှန်က ဘာဆိုတာ မသိနိုင်သေးပါဘူး။ နောက်တယောက်ကို ရွေးရင်လည်း ထပ်သုတ်သင်ခံရဦးမှာပဲဆိုတာက သေချာနေတော့ ဒီပုံနဲ့ အာဏာကို ဘယ်လိုများ ဆက်ပြီး ဖက်တွယ်ထားကြဦးမှာပါလဲ။

ခါမေနီက သေဆုံးတဲ့အချိန်မှာ ဘန်ကာထဲမှာ ရှိနေတာမဟုတ်ပဲ သူ့နေအိမ်ဝင်းထဲမှာ ရှိနေခဲ့တာလို့ တွေ့ရှိလာရပါတယ်။ Weekend လည်းဖြစ်၊​ အမေရိကန်က ညဖက်စတိုက်လေ့ရှိတာကြောင့် အိမ်မှာ စိတ်အေးလက်အေး နံနက်စာစားနေတာ ဖြစ်ပါတယ်။ အဲဒီလို အလစ်အငိုက်မိသွားတဲ့အတွက် သူရော သူ့ဇနီးနဲ့ သူ့သားမက်၊ ချွေးမတို့ အကုန်ပါသွားခဲ့တာဖြစ်ပါတယ်။

အီရန်ရေတပ်က စစ်သင်္ဘောတွေ ဖျက်ဆီးနစ်မြှုပ်ခံနေရတာဟာ ခုဆို ၄၃စင်းရှိသွားပြီဖြစ်ပါတယ်။ တီဟီရန်က အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း တိုက်ခိုက်မှုတွေကြောင့် လေယာဥ်တွေအပါအဝင် မီးအကြီးအကျယ် လောင်နေပြီဖြစ်သလို အီရန်တလွှားက အရေးပါတဲ့ ပစ်မှတ်ပေါင်း ၃၀၀၀ ကျော်ကို ပစ်ခတ် ဖျက်ဆီး နိုင်ခဲ့ပြီး အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်မှု ၉၀% ကျဆင်းသွားကာ ဒရုန်းတိုက်ခိုက်မှုတွေ လည်း အများကြီး လျော့နည်းသွားခဲ့ပြီလို့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ လေဆိပ်ကို သက်သက် တိုက်ခိုက်တာမဟုတ်ပဲ IRGC က လေဆိပ်မှာ တပ်စွဲထားတာကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ ကာ့ဒ်ဒေသမှာရှိတဲ့ IRGC command centers တွေ၊ ရဲစခန်းတွေ၊ ထောက်လှမ်းရေး ရုံးတွေနဲ့ တူရကီနားက နယ်စပ်ရုံးတွေပေါင်း ၂၀ကျော်ကို ယူအက်စ်-အစ္စရေးတပ်များက ကနေ့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

အစ္စရေးထောက်လှမ်းရေးက Operation Rising Lion နဲ့ အီရန်အရာရှိတွေရဲ့ ဖုံးတွေဆီ မက်ဆေ့ချ်တွေ ပို့နေခဲ့တာ ၂၀၂၅ ဇွန်လကတဲက ဖြစ်ပါတယ်။ အဲဒါက ထောက်လှမ်းရေး အတွက် ဖြစ်သလို စိတ်ဓါတ် စစ်ဆင်ရေးအတွက်လည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေကို ပစ်မှတ်ထားပြီး ၁၂နာရီအတွင်း ထွက်ပြေးရင်ပြေး၊ မပြေးရင် ငါတို့ရဲ့ targeted strike နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပို့ခဲ့တာပါ။ မော့ဆက်က အီရန်တွေသုံးတဲ့ BadeSaba Calendar လို app မျိုးကို ဟက်ခ်ပြီး စစ်သားတွေကို ထွက်ပြေးဖို့ တိုက်တွန်းကြသလို တချို့ကိုလည်း ဆိုရှယ်မီဒီယာတွေကနေ အချိုနဲ့ မျှားပါတယ်။ တချို့နဲ့က စကားတွေအပြန်အလှန်ပြောဖြစ်ကြတဲ့အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။

အီရန်မှာ ခေါင်ပြုတ်ရုံတင်မက chain of command ပါ ပျက်နေတဲ့အတွက် Mosaic Defense ကို သုံးဖို့စီစဥ်နေရတယ်ဆိုတာနဲ့ ကာ့ဒ်တွေဝင်လာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် Lorestan ခရိုင်က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရလို့ တပ်ထဲရောက်လာသူက တပ်ထဲကအခြေအနေကို အခုလို ပြောကြားသွားပါတယ်။ “တပ်စခန်းတွေကနေ ကွန်မန်ဒါတွေ ရုတ်တရက် ပျောက်ကုန်ကြ ပါတယ်။ ပြေးကုန်တာ/ သေကုန်တာ/ ကြွက်တွေလို တွင်းတူးပုန်းနေတာ တခုခု ဖြစ်ပါလိမ့်မယ်။ ဖွဲ့စည်းပုံလည်း ပျက်သွားပါပြီ။ စခန်းမှာ ငါတို့တပ်သားတွေချည့် ကျန်နေခဲ့တာပါ၊ ဘယ်သူက ဘာတာဝန်ယူရမယ်ဆိုတာလည်း ဘယ်သူမှ မသိနေပါဘူး။ ဆက်နေရင် ကိုယ့်ကို ဘာလုပ်မယ် မသိပေမယ့် စခန်းထဲမှာ ဆက်ရှိနေရင် ငါအပစ်ခံရမှာဆိုတဲ့ အကြောက်တရားနဲ့ အိပ်မပျော်တဲ့ ညတွေလည်း ဆက်နေပါပြီ”။ အတိုက်အခံတွေရဲ့ Iranian International က ဒီမျိုးသတင်းတွေ ရှိနေကြောင်း အတည်ပြုလိုက်ပါတယ်။ တချိန်က အများကြောက်ရွံ့ခဲ့ရတဲ့ IR စစ်ယန္တရားကြီးဟာ အခုအခါမှာတော့ ခေါင်းပြတ်နေတဲ့ ကြက်လိုပဲ ဆောက်တည်ရာမရ ဖြစ်နေတဲ့ပုံ ဖြစ်နေတာပါ။

ရုရှားက အီရန်စစ်ဟာ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောထားခဲ့ပေမယ့် နောက်ကွယ်မှာတော့ အမေရိကန် စစ်စခန်း၊ လက်နက်တိုက်၊ စစ်သင်္ဘော၊ တိုက်လေယာဥ် စတဲ့ ပစ်မှတ်တွေရဲ့ တည်နေရာကို အီရန်ကို ပြောပြပေးနေခဲ့တာပါ။ အီရန်က ဒရုန်းနဲ့ပတ်သက်ပြီး အဆင့်မြင့်တယ်၊ တာတိုဒုံးကျည်တွေ အများကြီး ထုတ်နိုင်တယ်ဆိုတဲ့ နည်းပညာတွေရှိပေမယ့် ဂြိုလ်တုကရတဲ့ ဒေတာတွေနဲ့ ထောက်လှမ်းရေးပိုင်းမှာ ရုရှားကို မှီခိုနေရသေးတာပါ။ ရုရှားဘက်က ဒီလိုကူပေးနေတာတောင် ထိအောင်ပစ်နိုင်တဲ့အပိုင်းမှာ သူ့ဟာသူလုပ်ရတာဖြစ်လို့ ထိရောက်မှု အားနည်းနေပါသေးတယ်။ အီရန်နိုင်ငံခြားဝန်က တရုတ်နဲ့ ရုရှားက သူတို့ကို နိုင်ငံရေးအရရော အခြားနည်းတွေအရပါ ကူညီနေတယ်လို့ NBC ကို အတည်ပြု သွားပါတယ်။ ကရင်မလင်ကို ဝါရှင်တန်ပို့စ်က လှမ်းမေးတော့ ရေငုံနေပါတယ်။

တရုတ်ကလည်း အီရန်ကို ငွေကြေး ထောက်ပံ့မှုတွေ၊ လေယာဥ်အပိုပစ္စည်းတွေ၊ ဒုံးကျည် အစိတ်အပိုင်းတွေနဲ့ နောက်ဖေးပေါက်ကနေ တိတ်တိတ်လေး ကူဖို့ ကြိုးစားခဲ့တာကို အမေရိကန် ထောက်လှမ်းရေးက သိသွားတဲ့အတွက် အသာလေး ကိုယ်ရှိန်သတ်လိုက်ရပါတယ်။ သူတို့ရေနံ လိုအပ်ချက်ရဲ့ ၂၀% က အီရန်ကနေ ဈေးပေါပေါရနေတာကို မဆုံးရှုံးချင်ပေမယ့် ပေါ်ပေါ်ထင်ထင် ဝင်ကူဖို့ကျတော့လည်း ကိုယ့်ဝမ်းနာကိုယ်သာသိဖြစ်နေတော့ မလွယ်လှပါဘူး။

တရုတ်က တိုင်ဝမ်အပေါ် တိုက်လေယာဥ်တွေ ပျံသန်းပြနေကြဟာက ဒီစစ်ဆင်ရေးစကတဲက ငြိမ်သွားခဲ့တာရယ် သူ့ရဲ့ ပြည်တွင်းထုတ်ကုန်တိုးတက်မှုက အရင်ကရဲ့ တဝက်လောက်ပဲလို့ မှန်းနေတာရယ်၊ သမ္မတထရမ့် ရှေ့လသွားလည်မှာရယ်၊ ပါတီတွင်း တပ်တွင်း အရှုပ်အထွေးတွေရယ်၊ သူ့တပ်တွေက တိုက်ပွဲအတွေ့အကြုံမရှိတာရယ်၊ သူတို့လေကြောင်း ကာကွယ်ရေး စနစ်တွေ သုံးမရတာ ပေါ်သွားတာရယ် အစရှိတာတွေကြောင့် သူတို့ အီရန်ဘက်က မဖြစ်မနေ ကူမယ် ဆိုရင်တောင် cyberattack ပဲ ဖြစ်ဖို့များပါတယ်။

မနေ့က FBI ရဲ့ network တွေမှာ မသင်္ကာစရာ လှုပ်ရှားမှုတွေ တွေ့ရလို့ နည်းပညာအားအကုန်သုံးပြီး တုန့်ပြန်ခဲ့ရပါတယ်။ ပစ်မှတ်ထားခံရတဲ့ network တွေက Freedom of Information Act နဲ့ ရလာတဲ့ လူတွေရဲ့ ဒေတာတွေကို စောင့်ကြည့်တဲ့ “digital collection system” ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ဟာ

အရင်က တရုတ်ဟက်ကာလို့ သံသယရှိသူတွေရဲ့ လက်ချက်နဲ့ အမေရိကန်အစိုးရကွန်ယက်တချို့ ထိခိုက်သွားခဲ့တဲ့ Salt Typhoon breach နဲ့ ဆက်နွယ်နေမလားဆိုတာ မသိရသေးပါဘူး။ အရင် ၂ရက်ကလည်း ကမ္ဘာ့အကြီးဆုံးဟက်ကာဖိုရမ်တခုမှာ ခိုးထားဖောက်ထားတဲ့ ဒေတာတွေကို ရောင်းဝယ်နေကြတာကို မိထားတယ်လို့ FBI က ကြေငြာထားပါတယ်။

အီရန်က ဒရုန်းနည်းပညာမှာ တိုးတက်တဲ့အကြောင်း ဆက်ရရင် ရုရှားက အီရန်ဒရုန်းတွေကို ဝယ်ပြီး ယူကရိန်းကို တိုက်တဲ့နေရာမှာ သုံးပါတယ်။ အီရန်ရဲ့ Shahed-136 ဒရုန်းဟာ ၂၀၀၀ ကီလိုမီတာအထိ သွားနိုင်ပြီး ဒုံးကျည် ၄၀-၅၀ ကီလိုသယ်ဆောင်နိုင်ကာ GPS ကိုအသုံးပြုထားပါတယ်။ အမေရိကန်ရဲ့ Lucus FLM-136 ဒရုန်းတွေက အီရန် ဒရုန်းကို reverse engineer လုပ်ပြီး အမေရိကန်နည်းပညာနဲ့ ပြန်ဆောက်ကာ ဒီစစ်ဆင်ရေးမှာမှ စအသုံးပြုတာဖြစ်ပါတယ်။

လက်ရှိလူးကပ်စ်က ဆယ်ပေရှည်ကာ လက်နက် ၁၈ ကီလို တင်နိုင်ပြီး ၆၅၀ကီလိုမီတာအထိကို 185km/hr အရှိန်နဲ့ သွားနိုင်ပါတယ်။ GPS တွေက jamming တို့ spoofing တို့ ဖြစ်လာရင် (သို့) ဖြစ်အောင် cyber attack အလုပ်ခံရရင် သုံးမရ ဖြစ်သွားမှာဖြစ်လို့ လူးကပ်စ်မှာ GPS သုံးမထားပဲ ငြိမ်အောင် တပ်ဆင်ထားတဲ့ ကင်မရာနဲ့ စတားလင့်ခ် သုံးကာ ပိုအဆင့်မြင့်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒီဒရုန်းတွေကို ကာမီကာဇီ(သို့) ဆူဆိုက် ဒရုန်းတွေလို့ ခေါ်ရတာက သူတို့က တကြောင်းပဲသွားပြီး ပစ်မှတ်ဆီကို တိုးဝင်ပျံသန်းပေါက်ကွဲစေတာ ဖြစ်လို့ပါ။

ယူကရိန်းက ရုရှားက အသုံးပြုနေတဲ့ အီရန်လုပ်ဒရုန်းတွေကို တိုက်ဖျက်ရာမှာ အတွေ့အကြုံများတဲ့ ဆရာတဆူ ဖြစ်နေပြီဆိုတော့ ယူကရိန်းက အီရန်ဒရုန်းတွေကို ဖျက်ချရာမှာ ကျွမ်းကျင်သူတွေဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်တပ်တွေ လုံခြုံရေးအတွက် ကူညီဖို့ လာရောက်နေပြီ ဖြစ်ပါတယ်။

အီရန်အပေါ် စစ်ဆင်ရေးစတာ တပတ်ပြည့်ပြီးတဲ့ ဒီညမှာ အကြီးဆုံးဗုံးကြဲကမ်ပိန်း ပြုလုပ်လိမ့်မယ်၊ စောင့်ကြည့်ကြပါလို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောသွားပါတယ်။ ဒုံးကျည်စက်ရုံတွေနဲ့ ဒုံကျည်ပစ်လွှတ်စင်တွေကို ဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ အီရန်က စီးပွားရေးအရ ကမ္ဘာကိုပါ ရိုက်ခတ်စေဖို့ ကြိုးစားနေပေမယ့် ငါတို့ဘက်က အဲဒါတွေကို ကြိုတင်ထည့်တွက်ထားပြီးဖြစ်လို့ ပလန်အတိုင်း ဆက်သွားနေပါတယ်၊ သူတို့ကြိုးစားမှုက အောင်မြင်မယ်မထင်ပါဘူးလို့ ဝန်ကြီးက ဆိုပါတယ်။

အီရန်ဘက်က တိုက်ခိုက်မှုတွေ မြင့်တက်နေသလိုလို ဝါဒဖြန့်နေပေမယ့် CENTCOM ရဲ့ ဒေတာတွေအရ အီရန်ဒုံးတွေရဲ့ တိုက်ခိုက်မှုဟာ တနေ့ထက်တနေ့ နည်းသွားတယ်လို့ ပြနေသလို အစ္စရေးမှာလည်း တနင်္ဂနွေကစပြီး နိုင်ငံခြားသားတွေ ပြန်ပို့တဲ့ လေယာဥ်ခရီးစဥ်တွေ ပြန်စတော့မှာ ဖြစ်ပါတယ်။ လေယာဥ်တစီးကို လူ ၇၀ပဲ ပေးပျံဦးမှာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း အရှေ့အလယ်ပိုင်းရောက် အမေရိကန်နိုင်ငံသားတွေ လုံလုံခြုံခြုံ နေရပ်ပြန်နိုင်ကြဖို့ ကူညီပေးနေပါပြီ။

Leave a comment