မနေ့က ရှင်းလင်းတဲ့ထဲ ပါသွားတယ်ဆိုတဲ့ အလီခါမေနီရဲ့သား Mojtaba Khamenei ဟာ မသေသေးပဲ ဒဏ်ရာရသွားတာဖြစ်ကြောင်း အစ္စရေးအရာရှိတွေက ဆိုပါတယ်။ ရှိနေသေးတယ်ဆိုတော့လည်း ရှင်းရဦးမယ့်သဘောပါပဲ။ တခြားပစ်မှတ်တွေဖက် လှည့်မလာအောင် လှည့်စားနေတာများလားလို့ ထင်စရာဖြစ်နေပါတယ်။ အီရန် ပြည်တွင်း အတိုက်အခံတွေက ထောက်လှမ်းရေး ဒုဝက Haji Akbar Ghaffari သုတ်သင် ရှင်းလင်းတဲ့ထဲ ပါသွားပြီလို့ ရေးကြပေမယ့် အစ္စရေးသတင်းတွေက အတည်ပြု ထားတဲ့ထဲမှာ အစ္စရေးကိစ္စ ဒုဝက၊ သူလျိုဌာနအကြီးအကဲတို့ ပါသွားတာပဲ တွေ့ရပါသေးတယ်။
IRGC Quds Force ရဲ့ commander ဗိုလ်ချုပ် Esmail Qaani ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို သိုးကာသီကာ လွတ်ခဲ့တာ ဒီနှစ်ထဲမှ မဟုတ်ပါဘူး။ ၂၀၂၅ အီရန်နဲ့ အစ္စရေး ၁၂ရက်စစ်ပွဲမှာ IRGC ခေါင်းဆောင်တချို့ကို ရှင်းခဲ့တုန်းကလည်း ကာနီလွတ်ခဲ့သလို ၂၀၂၄နှောင်းပိုင်းမှာ အစ္စရေးက ဗုံးတွေ သွားကြဲတုန်းကလည်း လူမြင်ကွင်းက ခဏပျောက်နေခဲ့တာပါ။ ကာနီကို အစ္စရေးရဲ့ သူလျိုမဟုတ်ပါဘူး လို့ ဖာစီဘာသာနဲ့တင်နေတဲ့ မော့ဆက်ရဲ့ X မှာ ဇွန်၂၉, ၂၀၂၅တုန်းက ဖော်ပြထားဖူးပါတယ်။ တချို့ သတင်းဌာနတွေက အီရန်လုံခြုံရေး အရာရှိတွေက ကာနီကို စစ်မေးတာတွေ၊ နှိပ်စက်တာတွေအထိ ရှိနိုင်တယ်လို့ ရေးခဲ့ကြသလို တချို့ဘလော့တွေက နေအိမ်မှာ အကျယ်ချုပ်ကျနေသလိုလို စစ်ဆေးရင်း နှလုံးရောဂါနဲ့ ကြွသွားပြီ လိုလိုတွေ ရေးကြတာတွေလည်း ရှိခဲ့ပါတယ်။
၁၂ရက်စစ်ပွဲတုန်းက အစ္စရေးက ဒုံးကျည်လက်နက်တိုက်ကို အတိအကျ တိုက်ခိုက်ဖြိုဖျက်နိုင်ခဲ့တော့ အတွင်းလူရှိတယ်ဆိုတဲ့ သံသယတွေ ကြီးထွားလာပြန်ပါတယ်။ အီရန်ကတော့ ဒါက စိတ်ဓါတ်စစ်ဆင်ရေးပါဆိုပြီး အတွင်းလူရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး မကြာခင်မှာပဲ ကာနီကို လူထုကြားမှာ ပြန်တွေ့ခဲ့ကြပါတယ်။ ကာနီက ထရမ့်ပထမသက်တမ်းတုန်းက ဒရုန်းနဲ့ သွားရှင်းပစ်ခဲ့တဲ့ ဆိုလေမာနီရဲ့နေရာကို ဆက်ခံပြီး အရှေ့အလယ်ပိုင်းက အီရန်ရဲ့ proxy စစ်သွေးကြွ များကွန်ယက်ကို ကြီးကြပ်ရပါတယ်။ သူက US နဲ့ EU ရဲ့ ဆန်ရှင်အလုပ်ခံထားရသူလည်း ဖြစ်ပါတယ်။ အခုလည်း တချို့က သေပြီလို့ ရေးကြသလို တချို့ကလည်း သူက အစ္စရေးသူလျိုပါ၊ အစ္စရေးမှာ လုံခြုံစွာ ရောက်ရှိနေပါပြီလို့ ရေးကြပါတယ်။ သူလျိုဟုတ်ခဲ့ရင်တောင် မြေပြင်တပ်ဝင်တာမဟုတ်ပဲနဲ့ အစ္စရေးကို ဘယ်လို ခိုးထွက်မလဲဆိုတာကတော့ ပဟေဠိတခုပဲ ဖြစ်နေပါသေးတယ်။ ကာနီသည်လည်း Mojtaba လိုပဲ သေသလိုလို ရှင်သလိုလို သတင်းတွေကြားမှာ ရောက်နေပေမယ့် ဘယ်သတင်းကိုမှ ဆိုင်ရာတွေက အတည်ပြုမထားသေးပါဘူး။
သမ္မတထရမ့်က အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေ မရပ်တံ့ခဲ့ရင် အကြီးအကျယ် တိုက်ခိုက်ခံရလိမ့်မယ်လို့ သတိပေးလိုက်ပြီးနောက် အီရန်သမ္မတ Masoud Pezeshkian က “အိမ်နီးချင်းတွေပေါ် တိုက်ခိုက်မှုတွေ မလုပ်တော့ဘူး၊ သူ့တို့ကစပြီး လာမတိုက်သ၍လို့” ပြောလိုက်ပြီး အိမ်နီးချင်းနိုင်ငံ တွေကိုလည်း တောင်းပန်လိုက်ပါတယ်။ ဒါပေမယ့် သမ္မတထရမ့်ရဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ တောင်းဆိုချက်ကိုတော့ ပယ်ချသွားပါတယ်။ အဲဒီလိုကြေငြာပြီး မကြာမီမှာပဲ အီရန်က ကူဝိတ် အပြည်ပြည်ဆိုင်ရာလေဆိပ်က ဆီသိုလှောင်တဲ့နေရာတွေနဲ့ ညဖက်မှာ ဒူဘိုင်းက အထပ်၉၀ မြင့် ဇိမ်ခံအဆောက်အဦတခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါဒရုန်းတွေကို တိုက်ဖျက်ဖို့အတွက် စမ်းသပ်ထားပြီးသား “Drone-Killer” စနစ်ကို အရှေ့ အလယ်ပိုင်းသို့ ရှေ့အပတ်ထဲမှာရောက်အောင် သယ်ယူတပ်ဆင်ပေးမယ်လို့ သိရပါတယ်။ AI ပါဝါနဲ့ လုပ်ထားတဲ့ တန်ပြန်ဒရုန်းနည်းပညာဟာ ယူကရိန်းမှာ စမ်းသပ်ထားပြီးဖြစ်ပြီး အီရန်ရဲ့ ရှာဟစ်ဒရုန်း ပေါင်း ၁၀၀၀ကျော်ကို ဖျက်ချပြီးဖြစ်ပါတယ်။ အဲဒီစနစ်ဟာ ဝန်ကျဥ်းပြီး ကုန်ကျစားရိတ် သက်သာတဲ့ အတွက် သောင်းဂဏန်းတန်ဒရုန်းတွေကို သန်းဂဏန်းတန် ဒုံးတွေနဲ့ နှိမ်နှင်းရတာနဲ့စာရင် အများကြီး တွက်ခြေကိုက်တာဖြစ်ပါတယ်။
The Merops anti-drone system က အမေရိကန်လုပ်ဖြစ်ပြီး လူစောင့်စရာမလို၊ ရွှေ့ပြောင်းလွယ်တဲ့ စနစ်ဖြစ်ပြီး ၃ ပေခန့်ရှိတဲ့ Surveyor interceptor ကြားဖြတ် ဒရုန်းတွေကိုသုံးကာ ရန်သူဒရုန်းတွေကို AI နဲ့ လိုက်ရှာပြီး ဖျက်ဆီးတဲ့ စနစ်ဖြစ်ပါတယ်။ အဲဒီစနစ်ဟာ electronic warfare jamming ရှိနေတဲ့ အချိန်မျိုးမှာတောင် မပျက်မယွင်း တာဝန်ထမ်းဆောင်နိုင်ပြီး စနစ်တခုကိုမှ တသောင်းခွဲလောက်ပဲ ကျတာပါ။ အရွယ်အစားကလည်း ပစ်ကပ်ကားအလတ်လောက်ရဲ့ နောက်ထဲမှာ ဆန့်ပြီး အရှိန်အားဖြင့် ၁၇၅mph သွားနိုင်ပါတယ်။ ပစ်မှတ်ကို ရေဒါ၊ ရေဒီယိုလှိုင်း (သို့) အပူဓါတ်နဲ့ ရှာနိုင်တာဖြစ်ပါတယ်။
ယူကေက အရှေ့အလယ်ပိုင်းကို လေယာဥ်တင်သင်္ဘော ၂စီး စေလွှတ်ပေးဖို့ စဥ်းစားနေပြီဆိုတဲ့အပေါ် သမ္မတထရမ့်က “မလိုတော့ဘူး၊ ဒါပေမယ့် မှတ်ထားမှာပါ၊ ငါတို့စစ်နိုင်နေမှ လာပေါင်းတဲ့သူမျိုးကို ငါတို့အလိုမရှိဘူး” လို့ ရေးသွားပါတယ်။ ကာ့ဒ်တွေ စေလွှတ်မှာနဲ့ပတ်သက်လို့ အီရန်တွေက ကာ့ဒ်တွေ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တောင်းမှာကို စိုးရိမ်နေကြတယ်ဆိုတဲ့ သတင်းထောက်တဦးကို ထရမ့်က ငါတို့က ကာ့ဒ်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်း၊ ဒါပေမယ့် သူတို့ကို ဒီစစ်ပွဲမှာ အသုံးပြုမှာ မဟုတ်ကြောင်းနဲ့ ဒီစစ်ကို ခုထက်ပိုပြီး ရှုပ်ထွေးအောင် မလုပ်ချင်ကြောင်း ပြောသွားပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ မော်လ်တာအလံတပ် the Prima ရေနံတင်သင်္ဘောဟာ ရေလက်ကြားကို မဖြတ်ဖို့ အကြိမ်ကြိမ် သတိပေးထားတာကို လစ်လျူရှုခဲ့တဲ့အတွက် ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ IRGC က ကြေငြာပါတယ်။ အမေရိကန်ရေတပ်က ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို အကာအကွယ်ပေးပြီး ထွက်လို့ရအောင် လုပ်ပေးမယ်ဆိုပေမယ့် ပြင်ဆင်နေဆဲဖြစ်တဲ့အတွက် နောက်အပတ်တွေအထိ ရောက်လာဦးမယ့်ပုံ မရှိသေးပါဘူး။ ဒီတိုက်ခိုက်မှုကြောင့် ရေနံဈေး ထပ်တက်သွားတဲ့အပေါ် သမ္မတထရမ့်က ဒါက မြန်မြန်ပြန်ကောင်းသွားမှာပါလို့ ပြောသွားပါတယ်။
အမေရိကန်က သီရိလင်္ကာကမ်းလွန်မှာ တော်ပီဒိုစာမိပြီး နစ်မြှုပ်သွားတဲ့ စစ်သင်္ဘော Dena ပေါ်က စစ်သားလေးက အပစ်မခံရခင်မှာ သူ့ဖခင်ဆီ ဖုံးခေါ်ပြီး အမေရိကန်တွေက မပစ်ခင် သူတို့ကို သင်္ဘောကို စွန့်ခွာဖို့ ၂ကြိမ်သတိပေးခဲ့ကြောင်း၊ ဒါပေမယ့် သင်္ဘောအရာရှိက စွန့်ခွာခွင့် မပြုခဲ့ကြောင်း၊ အဲဒါကြောင့် သင်္ဘောအရာရှိနဲ့ တပ်သားတချို့ အခြေအတင်ဖြစ်ခဲ့ကြောင်း၊ သီရိလင်္ကာက အသက်ရှင်လျက် ဆယ်နိုင်ခဲ့တဲ့ ၃၂ဦးက အသက်ကယ်လှေတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေထဲက ဖြစ်နိုင်ကြောင်း၊ ဖုံးဆက်ပြောခဲ့တဲ့ သူ့သားကတော့ အသက်မရှင်ပါကြောင်း အဆိုပါဖခင်က ပြောကြားသွားတယ်လို့ သိရပါတယ်။
မတ်လ ၇ရက်နေ့ ည အမှောင်ယံထဲမှာ တီဟီရန်မှာ မီးတွေ ဝိုင်းနေသလို ကောင်းကင်ယံဟာလည်း တောက်ပတဲ့မီးခိုးလုံးတွေ နေရာယူနေပါတယ်။ အီရန်က ရေနံသိုလှောင်ရုံတွေနဲ့ စစ်တပ်ရဲ့ ရေနံချက် စက်ရုံတွေကို အကြမ်းဖက်တွေကို ထောက်ပံ့မှာစိုးလို့နဲ့ စစ်ရေးအတွက် သုံးမှာစိုးလို့ အမေရိကန်နဲ့ အစ္စရေးတပ်တွေက ဖျက်ဆီးပစ်နေတာပါ။ ရေနံကို မီးရှို့တော့လည်း လောင်အားကောင်းပြီပေါ့။ ဒီလို မြို့တော်နဲ့ အခြားနေရာတွေမှာ ပျက်စီး မီးလောင်မှုတွေ ရှိနေပေမယ့် ပြည်သူတွေက ဝမ်းနည်းမနေဘူးလို့ ဖော်ပြနေကြပါတယ်။
အိမ်ဖြူတာဝန်ရှိသူတွေက အီရန်ရဲ့ အရံရေနံကို အကြမ်းဖက်တွေလက်ထဲ မရောက်ဖို့အတွက် အမေရိကန်တွေက ထိန်းချုပ်ထားမှာဖြစ်ကြောင်း ပြောသွားပါတယ်။ အီရန်က ရေနံကရတဲ့ ဝင်ငွေနဲ့ စစ်သွေးကြွေတွေ အကြမ်းဖက်တွေကို ထောက်ပံ့ပေးပြီး ဒေသတွင်း မတည်ငြိမ်မှု ဖန်တီးနေတာဖြစ်လို့ အဲဒီလို အမေရိကန်က ထိန်းချုပ်ခြင်းဖြင့် အီရန်တွေရဲ့ ခြိမ်းခြောက်မှုကို အဆုံးသတ်စေနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ် အမေရိကန်က ဖမ်းမိထားတဲ့ အီရန်ရေနံတင်သင်္ဘောတွေက ရေနံတွေကိုလည်း အမေရိကန်ကပဲ စီမံမယ်လို့ ဆိုပါတယ်။
အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ ခါမေနီကို ထောက်ခံကြတဲ့ဆန္ဒပြပွဲတွေ ဖြစ်လာတဲ့အချိန်မှာ တလောက ဟော့နေခဲ့တဲ့ အိုက်စ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ၊ ဖရီးပါလက်စ်တိုင်း ဆိုတာတွေ၊ နိုးကင်း နိုးဖက်ဆစ်ဆိုတဲ့သူတွေ၊ ဖက်ဆစ်အီလွန်ဆိုတဲ့သူတွေ ဘယ်များ ရောက်ကုန်ပါလိမ့်လို့ စဥ်းစားမိကြပါလား။ အဲဒါတွေအားလုံးက ဇတ်တိုက်ထားတဲ့ ၅၀၀၀စားများဖြစ်လေတော့ ဇတ်ထဲမှာလို တချိန်မှာ ဇတ်ရုပ်တခုပဲ ကလို့ရတာကြောင့် ခေါင်းဆောင်းတခု ဝတ်ထားချိန်မှာ ကျန်တာတွေကို ချွတ်ထားရတာဖြစ်ပါတယ်။