အီရန်က Supreme Leader အသစ်အဖြစ် အရင်ကသတင်းပြေးနေတဲ့ အလီခါမေနီရဲ့သား မော့ချ်တာဘာ ကို ဆူပရင်းမ်ကောင်စီက ရွေးချယ်လိုက်ကြောင်း တရားဝင်ကြေငြာသွားပါတယ်။ မော့ချ်တာဘာဟာ သူ့ဖခင်ထက်ပိုပြီး တင်းမာသူတဦးလို့ ဆိုကြပေမယ့် အခုအခါမှာတော့ ဒဏ်ရာရရှိထားပြီး နောက်ထပ် သုတ်သင်မခံရအောင် နေရာခဏခဏ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတခုမှာ သူဟာ ခြေတဖက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပြီး နောက်တခုမှာတော့ သူဟာ သူ့ဖခင်၊ မိခင်၊ ဇနီး၊ တဦးတည်းသောသား၊ နှမ၊ ယောက်ဖ၊ တူ/တူမတွေအားလုံးလိုပဲ တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။ မရှိတော့တဲ့သူကို တင်ထားခြင်းဖြင့် အမေရိကန်နဲ့ အစ္စရေးကို အရူးလုပ်ရင်း အချိန်ဆွဲတာလည်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။
ခါမေနီတို့ မိသားစုပိုင်ဆိုင်မှုဟာ ၉၅-၂၀၀ ဘီလီယံ ဆိုတော့ ဗြိတိန်က တော်ဝင်မိသားစုတွေရဲ့ ပိုင်ဆိုင်မှုရဲ့ ၇ဆ ဖြစ်နေပြီး ကမ္ဘာ့ နံပါတ် ၆အချမ်းသာဆုံးအဆင့်လောက် ဖြစ်နေပါပြီ။ ဘာသာရေး ခေါင်းဆောင်တဦး အဲဒီလောက်ချမ်းသာပြီး Rolls-Royce ကြီးနဲ့ ဇိမ်ကျနေမှာ မြင်ယောင်ကြည့်ရင် အတော့ကို မထော်မနန်းပါပဲ။ မော့ချ်တာဘာက ကလေးလုပ်ဖို့ မစွမ်းဆောင်နိုင်တော့ လန်ဒန်ကိုသွားပြီး ၄ခါခွဲစိတ်ပြီး နောက်ဆုံးမှ ကလေးတယောက် ရလာခဲ့တာပါ။ အဲဒီကလေးလည်း ဒုံးစာမိသွားရှာပါပြီ။
တကယ်တော့ မော့ချ်တာ့ဘာဟာ အလီခါမေနီကို ဆက်ခံမယ့်စာရင်းမှာ နံပါတ် ၂၀ကျော်လောက်မှာ ရှိတာပါ။ သူ့ရှေ့ကလူအားလုံးကို ရှင်းပစ်ခဲ့ပြီးမှ သူက ရှေ့ကိုရောက်လာတာဖြစ်ပြီး သင်တန်းတွေနဲ့ သေချာ လေ့ကျင့်ထားတာဖြစ်ပါတယ်။ မင်းမျိုးမဟုတ်ပဲနဲ့ ဖခင်ရဲ့အာဏာကို ဆက်ခံဖို့ပြင်ထားတာရယ် အဲဒီသားမှာ မျိုးဆက်ကျန်အောင် ပိုက်ဆံ ပုံအောသုံးပြီးလုပ်ခဲ့တာရယ်က ခါမေနီဒိုင်နက်စတီကို ထူထောင်ချင်တာဆိုရင်တော့ တော်လှန်ရေးရဲ့ မူလအဓိပ္ပါယ် ပျောက်သွားပါပြီ။ ရာထူးအပေါ် တာဝန်ယူမှု တာဝန်ခံမှုထက် အာဏာနဲ့ ရလာတဲ့စည်းစိမ်ကို ပိုမက်သွားတာက အာဏာရှင်စနစ်တွေ သက်ဆိုးရှည်ရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။
ရာထူးအပေါ် တာဝန်ယူမှု တာဝန်ခံမှုထက် အာဏာအရသာကို ပိုမက်သွားမော့ချ်တာဘာက အရင်ခိုမေနီကြီးရဲ့ မြေး ဟာဆန်ခိုမေနီနဲ့ အသက်သိပ်မကွာတဲ့ တကျောင်းတည်းထွက်တွေ ဖြစ်ကြပြီး ဟာဆန်က အီရန်ခေါင်းဆောင်ပိုင်းဟာ fundamentalists တွေလို့ ဝေဖန်ခဲ့ပြီး သူကတော့ ပြုပြင် ပြောင်းလဲဖို့ ဆန္ဒရှိသူဖြစ်ကြောင်း ဖော်ပြကြပါတယ်။ သူက ဆူပရင်းမ်လီဒါကို ၈နှစ်တခါ ရွေးတဲ့ ၈၈ယောက်ပါတဲ့ The Assembly of Experts မှာ ဝင်အရွေးခံဖို့လုပ်တာ Guardian Council က ပယ်ချခဲ့ပါတယ်။
ကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရမ့်က သူ့အဖွဲ့နဲ့ ပူတင့်အဖွဲ့ ဖုံးပြောခဲ့ကြကြောင်း၊ ပူတင်က အီရန်နဲ့စစ်ကို အဆုံးသတ်ဖို့ ကူညီချင်ကြောင်းပြောတာမှာ ထရမ့်က ယူကရီန်းစစ်ကို ရပ်အောင်သာလုပ်ပါ၊ အဲဒါကူတာပါပဲလို့ ပြန်ပြောခဲ့ကြောင်း၊ ပူတင်နဲ့ ဇယ်လင်းစကီတို့ တယောက်နဲ့ တယောက် အင်မတန်မုန်းတီးနေကြပေမယ့် ယူကရိန်းစစ် တိုးတက်မယ်လို့ထင်ကြောင်း၊
အီရန်နဲ့စစ် မြန်မလား ကြာဦးမလားဆိုတာနဲ့ပတ်သက်ပြီး မြန်မှာဖြစ်ကြောင်း၊ သူတို့မှာ ဘာမှ သိပ်မကျန်တော့ကြောင်း၊ ခေါင်းဆောင်မှု ၂ဆင့်ရှိတာမှာလည်း ခုနောက်လူတွေကို ဘယ်သူမှ မသိတဲ့ အထိ ဖြစ်နေကြောင်း၊
ကျူးဘားကလည်း ညှိနှိုင်းချင်နေပြီဖြစ်ကြောင်း၊ ကျူးဘားနွယ်ဖွား ရူဘီယိုက ဦးဆောင်ပြီး ညှိနှိုင်းမှာဖြစ်ကြောင်း၊ သူ့ကို ဟိုဖက်ကရော ဒီဖက်ကပါ ယုံကြည်မှုရှိကြောင်း၊ သူတို့ဗင်နီဇွဲလားက ဘာမှမရတော့တာနဲ့ စွမ်းအင်ရော၊ နိုင်ငံခြားငွေရော အစစ ချွတ်ခြုံကျလာကြောင်း၊ friendly takeover ဖြစ်လာနိုင်ဖို့ မျှော်လင့်ကြောင်း၊ မဖြစ်လာရင်လည်း သူတို့မှာ ဘာမှမရှိတော့ကြောင်း၊ လူသားချင်း စာနာမှုဘက်ကကြည့်ရင် စိတ်မကောင်းစရာဖြစ်ကြောင်း၊
စစ်က မြန်မြန်ပြီးမယ်လို့ သမ္မတကပြောပြီး ကာဝန်က အခုမှစတာဆိုတာနဲ့ ပတ်သက်လို့ စစ်က မကြာခင်ပြီးမှာဖြစ်ကြောင်း၊ သူတို့မှာ ရေတပ်၊ လေတပ်၊ လေကြောင်းကာကွယ်ရေးစနစ်၊ ရေဒါစနစ်၊ ခေါင်းဆောင်မှု ဘာမှမကျန်သလောက်ဖြစ်ကြောင်း၊ ကာဝန်က ခုမှစတယ်ဆိုတာ နိုင်ငံပြန်လည် တည်ဆောက်ရေးအပိုင်းကို ပြောတာဖြစ်ကြောင်း ရှင်းလင်းသွားပါတယ်။
သမ္မတထရမ့်က နိုင်ငံခြားရေနံတင်သင်္ဘောတွေကို ဟော်မုဇ်ကို ရဲရဲဖြတ်ပြီး အာရှက စားသုံးသူတွေထံ ရေနံပို့ဆောင်ပေးကြဖို့ တိုက်တွန်းသွားပါတယ်။ အီရန်က ခြိမ်းခြောက်နေဆဲဖြစ်ပေမယ့် သူတို့မှာ မင်းတို့ကိုတိုက်ဖို့ ဘာစစ်သင်္ဘောမှ မရှိတော့ဘူး၊ ငါတို့မြှုပ်ပစ်တာ ၄၆စင်းရှိနေပြီ၊ ဒီတော့ သတ္တိမွေးပြီး ရဲရဲသာသွား၊ အီရန်မှာ ဒုံးကျည်ပစ်စင် ၁၅၀လောက်ပဲ ကျန်တော့တယ်၊ အီရန်က ဒီရေလက်ကြားမှာ ရေနံ/ကုန်စည် စီးဆင်းလို့မရအောင် ပိတ်ဆို့ရင် ငါတို့က အခုထက် အဆ ၂၀လောက်ပြင်းတဲ့အားနဲ့ တိုက်ခိုက်သွားမယ်လို့ ပြောသွားပါတယ်။
အရင်နေ့ကလည်း သူဌေးကြီးတဦးက သူပိုင်တဲ့ ကုန်သင်္ဘောတွေကို ဟော်မုဇ်ကိုရဲရဲဖြတ်ဖို့ တိုက်တွန်းခဲ့တာ ဘာပစ်ခတ်မှုမှ မခံခဲ့ရပါဘူး။ ဒီတော့မှ ဗြိတိန်က Lloyd အာမခံက ဒီဒေသအတွက် ရေကြောင်းကုန်သွယ်မှုအာမခံရပ်ထားတာကို နဲနဲချင်း ပြန်ဖွင့်ပေးလိုက်ပါတယ်။ အာမခံကြေးကတော့ အများကြီးတက်သွားတာပါ။ ခုအကြပ်အတည်းမှာ ဖြတ်ရဲတဲ့သင်္ဘောပိုင်ရှင်တွေက အမြတ်အစွန်း များစွာ ရနေကြတာဖြစ်ပါတယ်။ VLCC ဝင်ငွေက အရှေ့အလယ်ပိုင်းနဲ့ ပါးရှန်းပင်လယ်ကွေ့ကို တရက် ၄၈၀,၀၀၀ ရနေတာပါ။ အခုဖြတ်နေကြတဲ့ သင်္ဘောအများစုက သူတို့ရဲ့ Automatic Identification System (AIS) ကိုပိတ်ပြီး ဖြတ်ကြလို့ global tracking မှာ မပေါ်နေပါဘူး။
ရေနံဆန်ရှင်လုပ်ထားတဲ့နိုင်ငံအချို့ကို ပယ်ဖျက်ပေးမယ့်အကြောင်းနဲ့ ပတ်သက်ပြီး မေးရာမှာ သမ္မတထရမ့်က ငါတို့က ရေနံဈေးကျအောင် ဖြစ်နိုင်တဲ့နည်းမျိုးစုံ ရှာကြံနေတာဖြစ်ကြောင်း၊ ဆန်ရှင်ရုတ်ပေးလို့ သူတို့ကောင်းကောင်းမွန်မွန်နေတယ်ဆိုရင် ဆန်ရှင်ထပ်ထားစရာ မလိုကြောင်း၊ ပြောသွားပါတယ်။ အဲဒီဆန်ရှင်ရုတ်တဲ့ထဲမှာ ရုရှားရေနံ အိန္ဒိယကိုရောင်းခွင့် ပိတ်ထားတာကို ယာယီပြန်ဖွင့်ပေးခဲ့ပြီး ယူကရိန်းနဲ့စစ်မှာ တိုးတက်မှုရှိလာရင် ဆန်ရှင်တွေ ပိုပြီး ဖြေလျော့ပေးမယ်လို့ ဆိုပါတယ်။ ရုရှားကလည်း ရေနံကို ဒေါ်လာနဲ့ရောင်းဖို့ သဘောတူညီလိုက်တဲ့အတွက် ကမ္ဘာ့ စာမျက်နှာမှာ တရုတ်ကြီး ပိုပိုပြီး အထီးကျန်လာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ The Shields of The Americas ဆိုတဲ့ Counter-Cartel Coalition ကို အမေရိကန် ဦးဆောင်တဲ့ အမေရိကတိုက်က ၁၂နိုင်ငံက စစ်ရေးပူးပေါင်းဖို့ စာချုပ်ချုပ်နိုင်ခဲ့တာဟာလည်း မူးယစ်ဆေးဖြန့်နေတဲ့ တရုတ်ကြီးအရှိုက်ကို ထိုးလိုက်သလိုပါပဲ။
သတင်းထောက်တယောက်က စစ်ဆင်ရေးအစောပိုင်းမှာ တီဟီရန်က စာသင်ကျောင်းတခုကို Tomahwak ဗုံးဒဏ်ထိတာနဲ့ ပတ်သက်ပြီး အမေရိကန်က ဘယ်လိုတာဝန်ယူမှာလဲလို့ မေးခဲ့ရာမှာ သမ္မတထရမ့်က Tomahawk ဒုံးကျည်က အီရန်အပါအဝင် နိုင်ငံအတော်များများမှာရှိတယ်၊ ဘယ်ကပစ်လိုက်တဲ့ တိုမာဟော့ခ်လဲဆိုတာကို စုံစမ်းစစ်ဆေးနေဆဲလို့ ဖြေပါတယ်။ အီရန်စစ်သင်္ဘောက စစ်သည်တွေကိုတောင် မပစ်ခင် ပြေးဖို့ အချိန်ယူ သတိပေးခဲ့တဲ့ အမေရိကန်တွေက ကလေးကျောင်းကို တမင်မပစ်မှာကတော့ သေချာပါတယ်။
တဖက်ကြည့်ရင် အီရန်က စစ်ထဲလည်းမပါ၊ ကူညီနေတာလည်းမဟုတ်တဲ့ ပင်လယ်ကွေ့နိုင်ငံတွေက အရပ်ဖက်ပစ်မှတ်တွေကို တမင်ပစ်နေတာကိုတော့ သူတို့က collateral damage လို့ လိမ်ပါတယ်။ Collateral damage ဆိုတာ စစ်ဘက်ပစ်မှတ်တွေကိုတိုက်ရင်း မတော်တဆဖြစ်ဖြစ် အနီးအနားက အရပ်သားတွေ ထိခိုက်တာကို ဆိုလိုတာပါ။ တမင်တိုက်တာက collateral damage မဟုတ်ပဲ ကုလားမနိုင် ရခိုင်မဲတဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးမှာ အီရန်က အစ္စရေးကို ဒုံးကျည် ၆၀၀ ကျော်ပစ်ခဲ့ပြီး UAE ကာတာ ကူဝိတ်နဲ့ အခြားအာရပ်နိုင်ငံတွေကို ဒုံကျည်ပေါင်း ၂၅၀၀ကျော် ပစ်ခတ်ခဲ့တာပါ။ အဲဒါကို ကြည့်ခြင်းအားဖြင့် အီရန်ဟာ အရှေ့အလယ်ပိုင်းကို စိုးမိုးဖို့ စီစဥ်ထားတာ ထင်ရှားပါတယ်၊ ငါတို့ သူစတိုက်မှ တိုက်တာမျိုး စောင့်ကြည့်နေတာမျိုး လုပ်နေရင် အမေရိကန်အထိပါ ပစ်ခတ်နိုင်တဲ့ အနေအထားကို မကြာခင် ရောက်ရှိလာနိုင်ပါတယ်၊ အခုလို ဝင်တိုက်လိုက်တာဟာ ဒေသတွင်းတည်ငြိမ်ရေးအတွက် အကောင်းဆုံးပါပဲလို့ သမ္မတထရမ့်က ပြောသွားပါတယ်။
ပြင်သစ်က ချားလ်စ်ဒီဂေါလေယာဥ်တင်သင်္ဘောနဲ့ အခြံအရံဖရီးဂိတ်တိုက်ရေယာဥ်အုပ်စုဟာ အရှေ့အလယ်ပိုင်းကို ရောက်သင့်တဲ့ရက်ထက် ၃ရက်နောက်ကျသော်လည်း အဆုံးမတော့ ရောက်ရှိ လာခဲ့ပါပြီ။ အဲဒီအုပ်စုကို ဂရိစ်၊ အီတလီနဲ့ စပိန်တို့က တိုက်ရေယာဥ်အုပ်စုက လာပေါင်းတဲ့အတွက် အခြံအရံ ဖရီးဂိတ် ၈စီးအပြင် ရဟတ်ယာဥ်တင်သင်္ဘော ၂စီး ရှိလာပြီဖြစ်ပါတယ်။ သူတို့ဟာ ပင်လယ်နီက သင်္ဘောလမ်းကြောင်းတွေကို လုံခြုံအောင် စောင့်ရှောက်ပေးမှာဖြစ်ပြီး တိုက်ပွဲ အဆိုးဆုံး အခြေအနေကျော်လွန်သွားတဲ့အခါ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းမယ့် ကုန်သင်္ဘောတွေကို အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မက်ခရွန်က ဒါဟာ မဟာမိတ်တွေကို ကာကွယ်ဖို့နဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ပွင့်စေရုံသက်သက်ပါပဲ (ဆိုလိုချင်တာ အီရန်ကို တိုက်တဲ့ထဲ ငါတို့မပါပါဘူး) လို့ ထပ်ပြောသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ယူကေက စတမ်မာထက် နှာတဖျားသာတယ်ပဲ ပြောရမှာပါ။
အမေရိကန်တွေရဲ့ USS Gerald Ford နဲ့ USS Abraham Lincoln လေယာဥ်တင်သင်္ဘော အုပ်စု ၂ခုက အီရန်ကို တိုက်ခိုက်ဖို့နဲ့ အရှေ့အလယ်ပိုင်းက မိတ်ဆွေနိုင်ငံတွေကို ကူညီကာကွယ်ပေးဖို့ ရှိနေရာကို အားဖြည့်ဖို့အတွက် USS George HW Bush လေယာဥ်တင်သင်္ဘောအုပ်စုကို ထပ်မံ စေလွှတ် ထားပါတယ်။ နျူဒဏ်နဲ့ လျှပ်စစ်သံလိုက်လှိုင်း EMP တွေကို ခံနိုင်ရည်ရှိတဲ့အတွက် အဆိုးဆုံး အခြေအနေမှာတောင် command center အဖြစ် ဆက်လက်အသုံးပြုနိုင်တဲ့ Doomsday planes တွေဖြစ်တဲ့ E-6B Mercury တွေကို လည်း စစ်စကတည်းက စေလွှတ်ထားပါတယ်။
ဩစတေးလျမှာ အာရှဖလားသွားကန်ခဲ့တဲ့ အီရန်အမျိုးသမီးဟာ နိုင်ငံတော်သီချင်းကို မသီဆိုခဲ့လို့ ပြန်ရောက်ရင် အသက်အန္တရာယ်တွေ့နိုင်တယ်လို့ ခြိမ်းခြောက်ခံရတဲ့အတွက် သမ္မတထရမ့်က ဩစတေးလျဝကချုပ်ထံ ဆက်သွယ်ပြီး သူတို့ကို ခိုလှုံခွင့်ပေးဖို့နဲ့ ဩစတေးလျက မပေးရင် အမေရိကန်က ပေးမယ်လို့ ပြောခဲ့ပါတယ်။ ယခုအခါ ၅ဦးအတွက် စီစဥ်ပြီးသွားပြီဖြစ်ပြီး ကျန်သူတွေအတွက် ဆက်လက် စီစဥ်နေဆဲဖြစ်ပါတယ်။ တချို့ကတော့ မိသားစုရဲ့ အသက်အန္တရာယ် အတွက် ပြန်မယ်လို့ ဆုံးဖြတ်ကြောင်း သိရပါတယ်။