Operation Epic Fury (15)

စစ်ဆင်ရေးပထမရက်မှာ Minab မြို့က မိန်းကလေးမူလတန်းကျောင်းကို ဒုံးကျည်ထိမှန်ခဲ့တာမှာ ကျောင်းသူနဲ့ ဆရာ/မပေါင်း ၁၆၅ဦးကျော် သေဆုံးခဲ့ပါတယ်။ အီရန်နဲ့ ဘက်တော်သားများက အမေရိကန်နဲ့ အစ္စရေးရဲ့ Tomahawk ပါဆိုပြီး ချက်ချင်းအပြစ်ဖို့ခဲ့ပါတယ်။ ဗီဒီယိုမှတ်တမ်းတွေနဲ့ ဗုံးကျတဲ့ နေရာကို သုံးသပ်ချက်တွေအရ ပေါက်ကွဲခဲ့တဲ့လက်နက်ဟာ အီရန်ရဲ့ KH-55 ခရုဇ်ဒုံးကျည် ပုံစံမျိုးဖြစ်နေတာ တွေ့ရပြီး အဲဒီကျောင်းဟာလည်း IRGC ရေတပ်စခန်းတခုနဲ့ ကပ်လျက်ရှိနေတာ ဖြစ်တော့ အမေရိကန်ဘက်က တိုက်ခိုက်တဲ့အချိန်မှာ သူတို့ဘက်က ပြန်ပစ်ရင်း မတော်တဆ အနားမှာ ကျသွားတာကို အမေရိကန်ပစ်တာလို့ ပုံမှားရိုက်လိုက်တာလို့ ယူဆနေကြပါတယ်။

အလီခါမေနီနဲ့ နီးစပ်သူဖြစ်တဲ့ IRGC နဲ့ ပုံမှန်စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ကြီးကြပ်ရတဲ့ အကြီးတန်းကွန်မန်ဒါတဦးဖြစ်သူ ဗိုလ်ချုပ် Ali Abdollahi Aliabadi ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီလို့ အစ္စရေးမီဒီယာ တချို့က တင်ပြကြပါတယ်။ တီဟီရန်က တရားဝင်ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

UAE အဘူဒါဘီစက်မှုဇုံက တနေ့ စည်၉သိန်းကျော် ချက်လုပ်နိုင်တဲ့ Ruwais ရေနံချက်စက်ရုံကြီးဟာ အီရန်ဒရုန်းထိမှန်ရာက မီးပွားကျခဲ့တဲ့ အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိတ်ထားလိုက်ပါတယ်။ အဲဒီတဝက်လောက်ရှိတဲ့ ဆော်ဒီက Ras Tanura ရေနံချက်စက်ရုံနဲ့ ကာတာက LNG တင်ပို့တဲ့ အဆောက်အဦလည်း ဒီလအစောပိုင်းက အီရန်ဒရုန်းစာ မိထားလို့ ယာယီပိတ်ထားရပါတယ်။

အီရန်က ဟော်မုဇ်ရေလက်ကြားမှာ မိုင်းတွေလိုက်ထောင်နေတယ်ဆိုတဲ့ သတင်းတွေ တက်လာနေပြီး အမေရိကန်တပ်တွေက မိုင်းလိုက်ချတဲ့ မော်တော်ဘုတ် ၁၆စီးကို ပစ်ခတ်ဖျက်ဆီးလိုက်ကြောင်း CENTCOM က ကြေငြာသွားပါတယ်။ သမ္မတထရမ့်က အီရန်က ဟော်မုဇ်ရေလက်ကြားမှာ မိုင်းတွေ ချတားတာရှိရင် အမြန်ဆုံး ဖယ်ပေးဖို့နဲ့ မဖယ်ရင် ဒီထက်ပိုပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံရမယ်  မကြာသေးခင်က မူးယစ်မှောင်ခိုလုပ်တဲ့ မော်တော်ဘုတ်လေးတွေကို ပစ်ခတ်ဖျက်ဆီးခဲ့တဲ့ နည်းပညာ လက်နက်မျိုးနဲ့ တုန့်ပြန်မယ်လို့ သတိပေးလိုက်ပါတယ်။

အဲဒီလို မိုင်းထောင်တဲ့သတင်းတွေကြောင့် အမေရိကန်ရေတပ်ကို စောင့်ရှောက်ပေးဖို့ သင်္ဘောကုမ္ပဏီ တွေက နေ့စဥ်နဲ့အမျှ တောင်းဆိုလာခဲ့ကြတဲ့အပေါ် သမ္မတထရမ့်က လောလောဆယ် Joint Chiefs တွေက အခြေအနေတွေကို သုံးသပ်နေပါကြောင်း၊ အခြေအနေတိုးတက်ပြီး risk လျော့သွားရင် စောင့်ရှောက်မှုပေးသွားမှာဖြစ်ကြောင်း၊ အချိန်အတိအကျကိုတော့ မပြောနိုင်ပါကြောင်း ဖြေကြားသွားပါတယ်။ ကျွမ်းကျင်သူတွေက ဒီရေလက်ကြားတလျောက်လုံးကို အပြည့်အဝ လုံခြုံအောင် စောင့်ရှောက်ပေးဖို့ လုံလောက်တဲ့ စစ်သင်္ဘောတွေ ဘယ်မဟာမိတ်မှာမှ မရှိကြောင်း မှတ်ချက်ပြုသွားပါတယ်။

သမ္မတထရမ့်က ရေနံကုန်စည် လွတ်လပ်စွာ ဆက်လက်စီးဆင်းနိုင်ဖို့ ဘက်ပေါင်းစုံက လုပ်ပေးနေသလိုပဲ​ နိုင်ငံတွေကလည်း ရေနံဈေးမတက်အောင် သူတို့နည်း သူတို့ဟန်နဲ့ ကြိုးစား နေကြပါတယ်။ G-7 နိုင်ငံတွေက အရံရေနံစည်သန်း ၃၀၀လောက်အထိ ထုတ်ပေးဖို့ စဥ်းစားနေသလို ဗီယက်နမ်က ဒီရက်ပိုင်းမှာ အိမ်ကနေ အလုပ်လို့ဖို့ လမ်းညွှန်ထားပြီး ပါကစ္စတန်က Operation Muhafiz-ul-Bahr နဲ့ ဖရီးဂိတ်တွေ ရဟတ်ယာဥ်တွေပါတဲ့ ရေတပ်သင်္ဘောအုပ်စုကို ပင်လယ်ကွေ့ကို လွှတ်ပြီး အာရေဗျပင်လယ်မှာ ကင်းလှည့်ကာ သူတို့ရဲ့ ရေနံတင်သင်္ဘောတွေကို စောင့်ရှောက်မယ့် အစီအစဥ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ စွမ်းအင် ၈၀% က ပြည်ပကနေ သွင်းရတာ ဖြစ်ပါတယ်။

အီရန်ဒရုန်းတစီးဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်နားက Diplomatic Support Center ဆိုတဲ့ ထောက်ပို့စင်တာတခုကို ထိမှန်ခဲ့ပါတယ်။ လေကြောင်းကာကွယ်ရေးတွေ ရှိနေပေမယ့် ဒရုန်း ၆စီးဝင်လာတာဆိုတော့ ၅စီးကိုပဲ ပစ်ချနိုင်ခဲ့ပြီး တစီးက ပစ်မှတ်ကို ထိသွားတာပါ။ ထိခိုက်မှု မရှိဘူးလို့တော့ သိရပါတယ်။ မတ်လအစောပိုင်းကလည်း ဘဂ္ဂဒက်က အမေရိကန်သံရုံးကိုရော ဒီစင်တာကိုပါ ဒရုန်းတွေနဲ့ ပစ်ခဲ့ပါသေးတယ်။  

အီရန်နိုင်ငံရဲ့ ရေနံထုတ်လုပ်ရေးမှာ အရေးပါတဲ့ Khuzestan ခရိုင်မှာ နေထိုင်ကြတဲ့ အာရပ်မျိုးနွယ်စု တွေကလည်း အစ္စလာမ္မစ်အစိုးရကို ဆန့်ကျင်ကြောင်း ကြေငြာချက် ထုတ်ပြန်ပါတယ်။ သူတို့ကလည်း လူ့အခွင့်အရေးကို အခြေခံပြီး ဒီမိုကရေစီကျကျ ရွေးချယ်ထားတဲ့ အစိုးရမျိုးကို အလိုရှိကြတာပါ။ သူတို့ရဲ့ ကြေငြာချက်ထဲမှာ

  • ခူဇက်စတန်ဟာ အီရန်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ခွဲထွက်မှုကို လုံးဝ လက်မခံပါ။
  • သူတို့နဲ့အတူ ကာ့ဒ်၊ ပါးရှန်း၊ အဇီရီ၊ ဘာလုချ် အပါအဝင် လူမျိုးစုအားလုံးကြားမှာ ညီညွတ်မှု ရှိကိုရှိရပါမယ်။
  • သူတို့အနေနဲ့ မင်းသားရီဇာပါလာဗီကို အသွင်ကူးပြောင်းရေးကာလ ခေါင်းဆောင်တဦးအဖြစ် လွတ်လပ်တဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့နဲ့ တည်ငြိမ်မှုထိန်းသိမ်းဖို့ ထောက်ခံပါတယ်။
  • လူမှုရေးနဲ့ စီးပွားရေးမှာ တရားမျှတမှု ရှိရပါမယ်။ ခူဇက်စတန်ရဲ့ ကြွယ်ဝတဲ့ရေနံဟာ တာဝန်သိတဲ့ အမျိုးသားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ သူ့ဒေသကလူတွေကိုလည်း အကျိုးရှိစေရမှာ ဖြစ်ပါတယ်။

အာဏာရှင်လက်အောက်မှာ သံယံဇာတကြွယ်ဝတဲ့ဒေသက ပြည်သူတွေ မွဲမြဲမွဲနေပေမယ့် ထိပ်ပိုင်းက လူတွေမှာ သုံးမကုန်တဲ့ စည်းစိမ်တွေရှိနေတာ သူတို့တတွေလည်း ကြုံနေရတယ်ထင်ပါရဲ့။ အခုလို ကြေငြာချက်ထုတ်တာဟာ မင်းသားပါလာဗီကို အသွင်ကူးပြောင်းရေးအတွက် တာဝန်ပေးဖို့ လက်တွန့်နေသူတွေ တာဝန်ပေးဖို့ စဥ်းစားနေသူတွေအတွက် ထည့်စဥ်းစားစရာ ဖြစ်လာနိုင်ပါတယ်။

လက်ဘနွန်နိုင်ငံဟာ အစ္စရေးနဲ့ တိုက်ရိုက်ဆက်ဆံမှုမပြုဖို့ ၁၉၅၅ကတည်းက ဥပဒေနဲ့ တားမြစ်ထားပေမယ့် ယခုအခါ သမ္မတ Joseph Aoun က အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ လိုလားကြောင်းပြသပြီး အစ္စရေးနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ကြိုးစားလာပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၀၂၄မှာပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်ဖို့ သဘောတူညီချက်က ပျက်ပြားသွားခဲ့ပြီး တိုက်ခိုက်မှုတွေ ပြန်စခဲ့ကြတာပါ။ လက်ဘနွန်မှာ အီရန်နောက်ခံထားတဲ့ ဟဇ်ဘိုလာတွေက ဆက်တိုက်ချင်ပြီး အစ္စရေးနဲ့ တိုက်ရိုက်ဆွေးနွေးတာကို အမြဲကန့်ကွက်နေခဲ့တဲ့အတွက် ခုလို ကမ်းလှမ်းတာဟာ ဟဇ်ဘိုလာတွေ အားနည်းလာနေကြောင်း ပြသလိုဖြစ်နေပါတယ်။ ဒီစစ်ဆင်ရေးမှာ အစ္စရေးက ဟဇ်ဘိုလာ ခေါင်းဆောင်တွေ ရုံးတွေ စခန်းတွေကို တိုက်ခိုက်ခဲ့တာမှာ ခေါင်းဆောင်အများစုရော infrastructure တွေပါ ပါသွားခဲ့တာက အခုလို ငြိမ်းချမ်းရေးလမ်းစ ဖြစ်တာတာပါပဲ။ ဒေသတွင်းတည်ငြိမ်မှု အေးချမ်းမှုရအောင် လက်တွေ့ကျတဲ့ အစီအမံ လုပ်နိုင်မယ်ဆိုရင် နှစ်နိုင်ငံလုံးအတွက်ရော ဒေသအတွက်ပါ အများကြီး အကျိုးရှိပါလိမ့်မယ်။

Leave a comment