အီရန်ရဲ့ Supreme Leader အသစ် အသက် ၅၆နှစ်ရှိ မော့ချ်တာဘာဟာ ခြေထောက်ကျိုးကြေ၊ ဘယ်မျက်ကွင်းအညိုအမဲ စွဲပြီး မျက်နှာမှာ ပြတ်ရှဒဏ်ရာတွေနဲ့ ပုန်းအောင်းနေလင့်ကစား အစိုးရမီဒီယာတွေကတော့ သူဟာ လက်ကျန်အစိုးရကို ဦးဆောင်နေပြီ လို့ ဖော်ပြကြပါတယ်။ သူက လူရှေ့ကို မထွက်တော့တာ စစ်ဆင်ရေးအစ သူ့ဖခင်ဆုံးပြီးကတဲက ဖြစ်ပြီး သူ့သံအမတ်ကြီးက သူဘာလို့ လူမြင်ကွင်းက ပျောက်နေတယ်ဆိုတာကို ပြောချင်ပုံမရဘူးလို့ ဆိုပါတယ်။ သမ္မတထရမ့်ကတော့ အမေရိကန်ထောက်ခံတဲ့သူမဟုတ်ရင် သက်ဆိုး ရှည်မှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
အီရန်လက်ကျန်အစိုးရမှာ ရှင်းလင်းဖို့ အလှည့်ကျလာသူ ၄ဦးရဲ့ အမည်တွေ ထွက်လာပြီဖြစ်ပါတယ်။
- Mojtaba Khamenei ဆူပရင်းမ်လီဒါအသစ်
- Mohammad Bagher Ghalibaf လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ
- Ali Larijani ဆူပရင်းမ်လုံခြုံရေးကောင်စီအတွင်းရေးမှူး
- Gholam Hossein Mohseni Ejei တရားသူကြီးချုပ်
ပြည်သူတွေက အမာလိုင်းသမား Saeed Jalili နဲ့ရဲချုပ် Ahmad Reza Radan တို့ကိုပါ အဲဒီစာရင်းထဲ ထပ်မံဖြည့်စွက်စေချင်နေကြပါတယ်။
အီရန်က အိုမန်နိုင်ငံ Salalah ဆိပ်ကမ်းမှာရှိတဲ့ ရေနံသိုလှောင်ကန်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ရေနံ tank ၂ခု မီးလောင်သွားခဲ့ပေမယ့် ထိခိုက်သူမရှိသလို သင်္ဘောတွေကိုလည်း ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ အီရတ်နိုင်ငံ al-Faw ဆိပ်ကမ်းက နိုင်ငံခြားရေနံတင်သင်္ဘော ၂စီးလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အီရန်က အမေရိကန်နဲ့ အစ္စရေးစစ်ဖက်ပစ်မှတ်တွေကို မယှဥ်နိုင်တော့ အကာအကွယ် မဲ့နေတဲ့ အရပ်ဖက်က စွမ်းအင်အတွက် အရေးပါတဲ့ နေရာတွေကို ရေနံဈေးတက်လာစေဖို့နဲ့ စွမ်းအင် အကြပ်အတည်းဖြစ်လာစေဖို့ တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားရေနံကို ၂ဆတိုး ထုတ်လုပ်ဖို့ ညှိနှိုင်းထားပြီးဖြစ်သလို အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီကလည်း အဖွဲ့ဝင်နိုင်ငံတွေမှာ သိုလှောင်ထားတဲ့ အရံရေနံစည် သန်း၄၀၀ ကို စွမ်းအင်ဈေးတွေ တည်ငြိမ်စေဖို့အတွက် ဖြန့်ဖြူးပေးဖို့ သဘောတူညီလိုက်ပြီလို့ သမ္မတထရမ့်က ကြေငြာသွားပါတယ်။ IEA ရဲ့သမိုင်းမှာ အကြီးဆုံး ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တက္ကဆက်စ်ပြည်နယ် Brownsville မှာ ရေနံချက်စက်ရုံတခုကို အိန္ဒိယရဲ့ Reliance Industries နဲ့ America First Refining တို့ အနှစ် ၂၀စီမံကိန်းနဲ့ ပူးပေါင်းပြီး လာမယ့်ကွာတားမှာ စတင်ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒါဟာ အနှစ် ၅၀အတွင်းမှာ ပထမဆုံးဆောက်တဲ့ အကြီးစားရေနံချက်စက်ရုံဖြစ်လာမှာပါ။
တရုတ်ပြည်မြို့ကြီးတွေမှာ ဆီပြတ်/ဈေးတက်မှာကြောက်တဲ့သူများ ဆီဆိုင်တွေမှာ သူ့ထက်ငါ ဦးအောင် သွားတန်းစီကြတဲ့အတွက် တန်းအရှည်ကြီးဖြစ်လို့ နေပါပြီ။ အမေရိကန်မှာလည်း အဲဒီလိုမျိုး အခြေအနေ ၁၉၇၃နဲ့ ၁၉၇၉တုန်းက ဖြစ်ခဲ့ပေမယ့် ယခုအခါ ပြည်တွင်းစွမ်းအင်ဖူလုံဖို့ကို ဦးစားပေး ဆောင်ရွက်နေတဲ့အတွက် အကြပ်အတည်းဖြစ်လာစရာ မရှိတော့ပါဘူး။
အမေရိကန်လေတပ်ဟာ B-1B Lancer ဗုံးကြဲလေယာဥ်တွေမှာ ပုံမှန်တပ်ဆင်မြဲဖြစ်တဲ့ တာဝေးပစ် ဒုံးကျည်တွေကို ဖယ်ထုတ်ပြီး JDAM တိတိကျကျ ချိန်ရွယ်ပစ်လွှတ်တဲ့ ပေါင် ၂၀၀၀ ဗုံးပေါင်း ၂ဒါဇင်နဲ့ ပြောင်းလဲတပ်ဆင်လိုက်ပါတယ်။ ဒါဟာ အီရန်က မြေအောက်ကွန်ကရစ်ထုလှိုဏ်ဂူတွေအောက်မှာ ထားရှိတဲ့ ဒုံးကျည်ပစ်စင်တွေ လက်နက်တိုက်တွေကို ဖြိုခွင်းဖို့ရည်ရွယ်တာ ဖြစ်ပုံရပါတယ်။ ပစ်ခတ်မှု တခုမှာ Bushehr လေတပ်စခန်းက ကွန်ကရစ်လှိုဏ်ဂူထဲမှာ ထားရှိတဲ့ S-200 မြေပြင်က ဝေဟင်ပစ် ဒုံးလောင်ချာထားတဲ့နေရာနားကို ဗုံးထိမှန်ခဲ့လို့ လောင်ချာဖွက်ထားတဲ့ လှိုဏ်ဂူဝ ပေါ်လာတဲ့အတွက် နောက်ဗုံးတလုံးနဲ့ အဆိုပါလှိုဏ်ခေါင်းကို ရှင်းပစ်ခဲ့ရပါတယ်။
အီရန်ဂျာနယ်လစ်တွေက တင်ထားတဲ့သတင်းတွေမှာ အမေရိကန်လေတပ်က အီရန်အလယ်ပိုင်း Qods ဒေသက ဒုံကျည်တွေထားတဲ့ မြေအောက်သိုလှောင်ရုံကို Massive Ordinance Air Blast (Mother of All Bombs လို့ လူသိပိုများ) MOAB လို့ခေါ်တဲ့ နျူကလွဲလို့ ပြင်းအားအကောင်းဆုံး ဗုံးတမျိုးဖြစ်တဲ့ GBU-43/B နဲ့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဗီဒီယိုတွေထဲမှာ မှိုပွင့်ကြီးလို မီးခိုးလုံးမဲမဲကြီးတွေကို ကောင်းကင်မှာ တွေ့ရတာက ပြင်းအားကောင်းတဲ့ ဗုံးပေါက်ကွဲမှုတွေမှာ ဖြစ်နေကျမို့လို့ အခုလိုခန့်မှန်းတာ ဖြစ်နိုင်ပေမယ့် အမေရိကန်ဘက်က အတည်ပြုထားခြင်း မရှိသေးပါဘူး။ MOAB က ဖောက်ထွင်းဝင်ရောက်နိုင်တာမဟုတ်ပဲ မြေပြင်ပေါ်မှာပဲ ပေါက်ကွဲတာဖြစ်လို့ အီရန်ရဲ့ မြေအောက်မှာ အထားများတဲ့ အနေအထားနဲ့ ကိုက်ညီပါ့မလားဆိုတာ စဥ်းစားစရာပါ။
အစ္စရေးရဲ့ Tel Aviv မြို့ပေါ်ကို အီရန်ဒုံးကျည်မိုးတွေရွာခဲ့လို့ အရပ်သား ၂ဦးသေဆုံးပြီး အခြားလူတွေ ဒဏ်ရာရကြစဥ်က အမေရိကန်ရေတပ်ရဲ့ electronic warfare jet ဖြစ်တဲ့ EA-18G Growler က ရန်သူရဲ့ ရေဒါစနစ်ကို အင်အားကောင်းကောင်းနဲ့ jamming ဖြစ်အောင် လုပ်ခဲ့သလို လေယာဥ်လို ထုတ်လွှင့်မှုအတုနဲ့ spoofing လုပ်ခဲ့တဲ့အတွက် ရန်သူ့ဒုံးကျည်တွေက ပစ်မှတ်ကို လွဲကုန်တာတွေ၊ ပစ်မှတ်အစစ်အစား အတုကို လိုက်တိုက်ခိုက်မိနေတာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ဘာဗုံးမှ မလိုအပ်ပဲ လျှပ်စစ်သံလိုက်စက်ကွင်းတွေကို အသုံးပြုပြီး ပျံနေတဲ့ ဒုံးတွေကို ရှင်းပစ်နိုင်ခဲ့တာပါ။
စစ်ရပ်ဖို့အတွက် အီရန်သမ္မတ Masoud Pezeshkian က အချက်၃ချက် တောင်းဆိုလာပါတယ်။
- တီဟီရန်အစိုးရရဲ့ တရားဝင်မှုနဲ့အခွင့်အရေးကို အသိအမှတ်ပြုဖို့
- စစ်လျော်ကြေးပေးဖို့နဲ့
- နောက်တကြိမ် ကျူးကျော်မှုတွေဖြစ်မလာအောင် နိုင်ငံတကာက ခိုင်ခိုင်မာမာ အာမခံပေးဖို့
တို့ဖြစ်ပါတယ်။ အခြေအနေမှန်ကို မမြင်နိုင်တော့တာပဲဖြစ်ဖြစ်၊ ဟန်ကိုယ့်ဖို့ လုပ်ပြီး သူတို့ ၄၇နှစ်လုံး လုပ်ခဲ့တဲ့အတိုင်း ကြောက်တတ်သူများတဲ့ ကမ္ဘာကြီးကို ဆက်ဖြဲခြောက်နေတာပဲဖြစ်ဖြစ် တောင်းဆိုချက်တွေက ဖြစ်နိုင်မှာမဟုတ်တာ သူတို့ကိုယ်တိုင်လည်း သိမှာပါပဲ။
IRGC ကလည်း အစ္စရေးနဲ့ အမေရိကန်သံအမတ်တွေကို နှင်ထုတ်တဲ့ ဘယ်အာရပ်/ ဥရောပနိုင်ငံမဆို ဟော်မုဇ်ရေလက်ကြားကို စိတ်ချလက်ချ လွတ်လွတ်လပ်လပ် ဖြတ်ခွင့် ရစေရမယ်လို့ ကြေငြာလိုက်ပါတယ်။ ခုထိတော့ ဒီစစ်ပွဲကြောင့် ဘယ်နိုင်ငံမှ အမေရိကန်နဲ့ အစ္စရေးသံအမတ်တွေကို နှင်ထုတ်တယ်လို့ မကြားမိသေးပါဘူး။ ဆိုရှယ်လစ်ချင်ပြီး လွန်ခဲ့တဲ့ နှစ် ၃၀အတွင်း မူဆလင်လူဦးရေ ၁၀ဆတိုးလာခဲ့တဲ့ စပိန်က သူ့သံအမတ်ကို ပြန်ခေါ်ပြီး တာဝန်ခံသံမှူးအဆင့်ပဲ ထားလိုက်ပါတယ်။ အစ္စရေးကလည်း မဒရစ်မှာ တာဝန်ခံသံမှူးပဲထားတာဆိုတော့ ထူးခြားမှု ရှိမနေပါဘူး။ ရိုမေးနီးယားက သူ့နိုင်ငံအရှေ့ဖျား ပင်လက်နက်ကမ်းခြေနားက MK လေတပ်စခန်းကို အမေရိကန်တပ်တွေကို ယခု စစ်ဆင်ရေးအတွက် ပေးသုံးလိုက်ပါတယ်။
ABC News က အီရန်ဟာ ပစိဖိတ်သမုဒ္ဒရာထဲက အမည်မသိသင်္ဘောတွေကနေ ကာလီဖိုးနီးယားကို ဒရုန်းနဲ့ လက်တုန့်ပြန်တိုက်ခိုက်ချင်တယ်လို့ ဖော်ပြထားတဲ့အတွက် FBI က ကာလီဖိုးနီးယားတဝှမ်းက ရဲဌာနတွေကို သတိပေးထားပါတယ်။ ဘာကြောင့် ကာလီဖိုးနီးယားလဲ ဆိုတော့ အီရန်အစိုးရ မီဒီယာတွေက အစ္စရေး၊ ဒူဘိုင်းနဲ့ အဘူဒါဘီတို့မှာရှိတဲ့ Google, Amazon, Microsoft, IBM, Plantir, Nvidia, Oracle စတဲ့ အမေရိကန် tech company တွေရဲ့ infrastructure ကို ဖျက်ဆီးချင်တာနဲ့ ဆက်စပ်နေပါလိမ့်မယ်။
အရှေ့အလယ်ပိုင်းက ရေနံသူဌေးနိုင်ငံတွေဟာလည်း AI ခေတ်ကို အမှီ လိုက်ချင်ကြတဲ့အတွက် မက်လုံးများစွာပေးပြီး နည်းပညာဇုံတွေ ထူထောင်ဖို့ ကြိုးစားနေကြတာပါ။ ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ အဆိုပါနေရာတွေကို တိုက်ခိုက်မှုတွေ မရှိသေးပေမယ့် အမည်ပါတဲ့ ကုမ္ပဏီတွေက သတိအနေအထားနဲ့ ရှိနေကြပြီး တချို့က ရုံးခေတ္တပိတ်တာ၊ ဝန်ထမ်းတွေ ကယ်ထုတ်တာတွေအထိ လုပ်နေကြပါပြီ။ UAE က ဩစတေးလျကို အကူအညီတောင်းတဲ့အတွက် ရေဒါစနစ် တပ်ဆင်ထားတဲ့ စစ်လေယာဥ် E-7A Wedgetail နဲ့ ADF ၈၅ဦး UAE ကို သွားရောက်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကာလီဖိုးနီးယားကို ပစ်ဖို့ကျတော့ ဒရုန်းကယ်ရီယာသင်္ဘောတွေမှာ ပျံတက်ဖို့ ပြေးလမ်း အကော့လေးတွေ ရှိတတ်ကြပြီး အဲဒါတွေလည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီဖြစ်တဲ့အပြင် ဒီသတင်းထွက်လာတဲ့ နောက်ပိုင်းမှာ ဂြိုလ်တုက စောင့်ကြည့်တာတွေ ဖြစ်လာနိုင်တဲ့အတွက် အရမ်းကြီး စိုးရိမ်ရမယ်လို့တော့ မထင်ပါဘူး။
သမ္မတထရမ့်က အီရန်က ပစ်မှတ် ၅၅၀၀ကျော်ကို ပစ်ခတ်အပြီး သူတို့ဆီမှာ ပစ်စရာ ဘာမှကြီးကြီးမားမား မကျန်တော့တဲ့အတွက် စစ်က အဆုံးသတ်ဖို့ နီးနေပြီလို့ ဆိုပါတယ်။