Operation Epic Fury (17)

မနေ့က အီရန်အစိုးရတီဗီက ဟော်မုဇ်ကို ဆက်ပိတ်ထားဖို့နဲ့ လက်တုန့်ပြန်ဖို့ဆိုတဲ့ ဆူပရင်းမ်လီဒါ အသစ်ရဲ့ ထုတ်ပြန်ချက်ဆိုတာကို ဓါတ်ပုံနဲ့ ဖတ်ပြပေမယ့် ခေါင်းဆောင်ကြီးက လူလုံးထွက်ပြတာ၊ အသံဖမ်းထားပြီး ပြန်ဖွင့်ပြတာမျိုး လုံးဝမရှိနေသေးတဲ့အတွက် ခြေ ၂ဖက်လုံး ဖြတ်ထားရသလိုလို၊ အတွင်းကလီစာတွေ ထိခိုက်ထားသလိုလို၊ကိုမာရနေလို့ သူ့ကိုခန့်လိုက်တာတောင် သူမသိနေသလိုလို စတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်ပေါ်လို့ နေပါတယ်။ အာဏာရှင်နိုင်ငံတွေရဲ့ အစိုးရသတင်းမှာ နဲနဲ ဒဏ်ရာရတယ်လို့ ဆိုပြီး လူထွက်မပြနိုင်ရင် ဒဏ်ရာများနိုင်တယ်ဆိုတာ လူအများ ခန့်မှန်းနိုင်ကြပါတယ်။ မိသားစုကြီးတခုလုံး အကုန်သေတဲ့ တိုက်ခိုက်မှုမှာ အတူရှိနေတဲ့သူက ပွန်း ပဲ့ အရိုးအက်လောက်ပဲဆိုတာထက်တော့ အများကြီးပိုပါလိမ့်မယ်။

အီရန်ပြည်သူတွေဟာ IRGC နဲ့ Basij တွေ ပုန်းနေတဲ့နေရာတွေကို အင်တာနက်ပေါ်ကနေ Crowdsourcing နဲ့ ပေးပို့ခြင်းဖြင့် အမေရိကန်နဲ့ အစ္စရေးတပ်တွေကို လက်တွေ့ ကူညီနေကြပါတယ်။ ပြည်သူအပေါ် ရက်စက်ထားတဲ့သူတွေအတွက် ပြေးစရာ ပုန်းစရာ နေရာ အင်မတန်​ ရှားပါလိမ့်မယ်။

ခုနောက်ပိုင်းမှာ အီရန်က ဒရုန်းတွေ အပြုံလိုက်လွှတ်ပြီး တိုက်ခိုက်လာတာတွေကို တုန့်ပြန်ဖို့ Wild Hornets Group က ထုတ်လုပ်တဲ့ STING လို့ခေါ်တဲ့ quadcopter interceptor drone ကို အသုံးပြု ဖျက်ချပါတယ်။ အဲဒီဒရုန်းဖျက်ဒရုန်းက တနာရီကို ၃၀၀ကီလိုမီတာနှုန်းနဲ့ သွားနိုင်ပြီး ၂၅ကီလိုမီတာ အတွင်းက ပစ်မှတ်ကို မှန်အောင်လိုက်တိုက်နိုင်ပါတယ်။ တခုကို $ ၂၀၀၀-၂၅၀၀ လောက်ပဲကျပြီး သူ့ရဲ့ အစိတ်အပိုင်းတွေကို 3D printer ကနေ ထုတ်လို့ရတာကြောင့် အများကြီး တပြိုင်နက်ထဲ ထုတ်ဖို့ အဆင်ပြေလွယ်ကူပါတယ်။ ဒီဒရုန်းတွေကို ယူကရိန်းစစ်မြေပြင်မှာ စမ်းသပ်ခဲ့ရာမှာ အောင်မြင်မှု ၉၀-၁၀၀% ရှိတာဖြစ်လို့ ထိရောက်ပြီး ကုန်ကျစားရိတ် အများကြီးသက်သာတာ ဖြစ်ပါတယ်။ UAE နဲ့ ကာတာတို့က အဆိုပါဒရုန်းမျိုး ထောင်နဲ့ချီပြီး ဝယ်ယူချင်လို့ ဆွေးနွေးလာနေပါပြီ။

အမေရိကန်တပ်တွေက အီရတ်နိုင်ငံထဲက အီရန်ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွတွေကို အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ခဲ့မှုကြောင့် ဒရုန်းတွေနဲ့ လက်တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကလည်း လက်ဘနွန်ကို ဟဇ်ဘိုလာက အစ္စရေးမြောက်ပိုင်းကို ဒုံးတွေနဲ့ပစ်နေတာကို ရပ်ခိုင်းရင်ခိုင်း၊ မရပ်ရင် နယ်မြေဆုံးရှုံးရမယ်လို့ ရာဇသံ ပေးလိုက်ပါတယ်။ မနေ့ကတရက်ထဲကို ဒုံးပေါင်း ၂ရာကျော်နဲ့ ဒရုန်း ၂၀ လွှတ်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးက အဲဒီမြေကို အမြဲသိမ်းပိုက်ထားဖို့ ဆန္ဒမရှိပေမယ့် အခုလို နယ်မြေကျော်ပစ်ပြီး သူ့နိုင်ငံသားတွေကို အန္တရာယ်ပြုနေတာကိုတော့ သည်းခံနေမှာ မဟုတ်တော့ဘူးလို့ ပြောသွားတာပါ။

အမေရိကန်ရဲ့ ကောင်းကင်ဆီဖြည့်ပေးတဲ့လေယာဥ် KC-135 ဟာ အရှေ့အလယ်ပိုင်းက မိတ်ဆွေနိုင်ငံ ကောင်းကင်မှာ ဆီဖြည့်ပေးနေစဥ်မှာ အီရတ်အနောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့အတွက် ကယ်ဆယ်ရေး စလုပ်နေပြီ ဖြစ်ပါတယ်။ နောက်တစီးကတော့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ အခုလို ပျက်ကျတာဟာ ရန်သူတိုက်ခိုက်မှုကြောင့်မဟုတ်သလို မတော်တဆ ကျည်ထိသွားတာကြောင့်လည်း မဟုတ်ဘူးလို့ သိရပါတယ်။

တော်ပီဒိုစာ မိသွားတဲ့ အီရန်စစ်သင်္ဘောကို အမေရိကန်တပ်က နှစ်မြှုပ်ရာမှာ ပါဝင်ခဲ့တဲ့ အိန္ဒိယရဲ့ အခန်းကဏ္ဍကြောင့် အိန္ဒိယသင်္ဘောတွေကို အီရန်က ဟော်မုဇ်ကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ပါတယ်။ The Dena သင်္ဘော ဟာ အိန္ဒိယက အိမ်ရှင်အဖြစ်ပြုလုပ်ခဲ့တဲ့ ရေတပ်ချင်း ပူးပေါင်း စစ်ရေး လေ့ကျင့်ပွဲကနေ ပြန်လာစဥ်မှာ နှစ်မြှုပ်ခံရတာ ဖြစ်ပါတယ်။ အိန္ဒိယက လက်ထောက်ချလိုက်လို့ သူတို့ သင်္ဘောအပစ်ခံရတာလို့ အီရန်က ယူဆပေမယ့် အိန္ဒိယက ငြင်းဆိုထားပြီး စစ်မက်ဖြစ်ပွားနေချိန် ဖြစ်လို့ ဘေးကင်းအောင် ဒီမှာပဲ ဆက်နေဖို့ ကမ်းလှမ်းခဲ့တာကို တခြားသင်္ဘောတွေက လက်ခံခဲ့ပေမယ့် The Dena က လက်မခံပဲ ပြန်သွားတာလို့ ဆိုပါတယ်။ သမ္မတထရမ့်က စွမ်းအင်လိုအပ်ချက် ကြီးမားတဲ့ အိန္ဒိယကို ရုရှားရေနံ ဝယ်ယူခွင့်ပြုလိုက်တာကြောင့် အိန္ဒိယအနေနဲ့ အသက်ရှုချောင်သွားပါလိမ့်မယ်။

ဟော်မုဇ်ကို အီရန်နဲ့ ရင်းနှီးတဲ့ တရုတ်၊ ရုရှားနဲ့ ပါကစ္စတန်သင်္ဘောတွေအပေါ် ကန့်သတ်ထားမှု မရှိပဲ ဝင်ထွက်နေကြတာကြောင့် မိုင်းရှိတယ်ဆိုတဲ့ ခြောက်လုံးဟာ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။

IRGC တပ်တွေဟာ ပလီတွေ ကျောင်းတွေလို အရပ်ဖက်နေရာတွေမှာ ပုန်းအောင်းတပ်စွဲနေကြပြီး သတင်းစာ ရှင်းလင်းပွဲကိုတောင် ကျောင်းတွေမှာ လုပ်လာတာဟာ အနီးအနားမှာ နေကြတဲ့ အရပ်သားတွေ အတွက် အန္တရာယ်ကြီးမားသလို ဂါဇာမှာလို လူသားဒိုင်းလုပ်လာမှာကိုပါ စိုးရိမ်စရာ ဖြစ်နေပါတယ်။ အီရန်တပ်တွေဟာ အရပ်ဖက်ဆိပ်ကမ်းတွေကိုပါ တိုက်ခိုက်ရေးအတွက် အသုံးပြုလာကြပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ IRGC တပ်တွေ သုံးတဲ့ ဆိပ်ကမ်းတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

IRGC က ထွက်ပြေးလာတဲ့ မြေပြင်တပ်ဗိုလ်ကြီးဟောင်းတဦးက သူဟာ တိုင်းပြည်ကိုချစ်လို့ ကာကွယ်လိုစိတ်နဲ့ IRGC ကို လွန်ခဲ့တဲ့ ၁၂ နှစ်က စဝင်ခဲ့ကြောင်း၊ တပ်ထဲမှာ နေ့တိုင်းလည်း သူတို့က တိုင်းပြည်ကို နိုင်ငံခြားရန်သူတွေ အကြမ်းဖက်တွေရန်က အမှန်တကယ် ကာကွယ်နေသူတွေလို့ အထက်ကပြောတာ အမြဲကြားနေရကြောင်း၊ သူလည်း အဲဒီလိုပဲ ယုံကြည်ခဲ့လို့ ယူနီဖောင်းကို ဂုဏ်ယူစွာ ဝတ်ဆင်ခဲ့ကြောင်း၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ကာကွယ်ပေးနေရတာဟာ ပြည်သူ မဟုတ်ပဲ ထိပ်ပိုင်းက လူတစုရဲ့ ပိုင်ဆိုင်မှုနဲ့ လုံခြုံမှုဖြစ်နေပါလားဆိုတာကို လစ်လျူရှုမထားနိုင်အောင် ထင်ရှားလာခဲ့ကြောင်း၊

သူ့အနေနဲ့ ယုံကြည်မှု ပြိုလဲခဲ့တာ တိုက်ပွဲမှာမဟုတ်ပဲ ကိုယ့်မြို့ ကိုယ့်လမ်းတွေပေါ်မှာ ဖြစ်ကြောင်း၊ အခြေခံလူသားဂုဏ်သိက္ခာလောက်ကိုပဲ လိုချင်ခဲ့ကြတဲ့ ကျနော်တို့ရဲ့ ညီကိုမောင်နှမတွေ၊ ကျောင်းသားတွေ၊ ဖခင်တွေ၊ အမျိုးသမီးလေးတွေကို ဘုရားသခင်ရဲ့ ရန်သူလို့ သတ်မှတ်ပြီး လူထုထဲကို သေနတ်နဲ့ပစ်ခိုင်းတဲ့အချိန်မှာ ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ ညံလာခဲ့ကြောင်း၊ ကတ္တရာ လမ်းပေါ်မှာ သွေးအိုင်ထဲလဲနေတဲ့ လက်နက်မဲ့လူငယ်လေးရဲ့ မျက်လုံးကို ရဲရဲကြည့်ပြီး ကိုယ့်ကိုယ်ကို မှန်တဲ့ဘက်မှာပါလို့ ပြောနိုင်တဲ့အင်အား မရှိခဲ့ကြောင်း၊

IRGC မှာ သူ့လိုခံစားနေရမယ့်သူ ထောင်ချီရှိနေကြောင်း၊ သူတို့က စားဝတ်နေရေးအတွက်ကြောင့်ပဲ ဖြစ်ဖြစ်၊ မိသားစုလုံခြုံရေးကြောင့်ပဲ ဖြစ်ဖြစ်၊​ ထောက်လှမ်းရေးတွေက အချိန်မလပ်စောင့်ကြည့်နေလို့ ပဲဖြစ်ဖြစ် ထွက်မလာနိုင်ကြကြောင်း၊ ဒါပေမယ့် ယူနီဖောင်းဝတ်နေသေးတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တွေကို ပြောချင်တာက အစိုးရက မင်းတို့ကို သူတို့ခိုးထားတဲ့ တိုင်းပြည်ရဲ့ဓနနဲ့ ပြည်သူတွေရဲ့ ဒေါသကြားမှာ ကြားခံနံရံအဖြစ် အသုံးချနေတာဖြစ်ကြောင်း၊ အဲဒီနံရံ ပြိုလဲသွားတဲ့အခါ သူတို့က ကိုယ်ပိုင်လေယာဥ်တွေနဲ့ ကာရကာ့စ်တို့ မော်စကိုတို့လိုနေရာတွေကို ပြေးကြမှာဖြစ်ပြီး ဒေါသထွက်နေတဲ့ လူထုကြားထဲ မင်းတို့ကို ထားပစ်ခဲ့ကြမှာဖြစ်ကြောင်း၊

ငါကတော့ အားလုံးကို စွန့်ခွာခဲ့ပြီဖြစ်ကြောင်း၊ ကိုယ်နေတဲ့အိမ်မှာ ကိုယ်တိုင်အကျယ်ချုပ်ကျနေသလို အဖြစ်မခံနိုင်ကြောင်း၊ ငါ့ရဲ့ တခုတည်းသောမျှော်လင့်ချက်က အီရန်နိုင်ငံတွင်းက ပြည်သူတွေရဲ့ အသံကို တကမ္ဘာလုံးက ကြားစေချင်သလို လက်နက်ကိုင်ဆောင်ထားသူတွေအနေနဲ့ လက်နက်တွေကို ငါတို့လူငယ်လေးတွေရဲ့ ရင်ဝကို ချိန်ထားတာကနေ အောက်ကိုချပြီး ပြည်သူနဲ့အတူ ရပ်တည်ကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ဗိုလ်ကြီးမေဒီက ပြောသွားပါတယ်။

Leave a comment