ဟော်မုဇ်ရေလက်ကြားနဲ့ အကြပ်ကိုင်ချင်တဲ့ အီရန်ကို သူတို့စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေလက်ကြားရဲ့ အနောက်မြောက် ရေမိုင်၁၆မိုင်အကွာရှိ Kharg ကျွန်းပေါ်က စစ်ရေးပစ်မှတ် အားလုံးကို အမေရိကန်တပ်တွေက ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းသမိုင်းမှာ အကြီးဆုံးဗုံးကြဲမှုလို့ ဆိုပါတယ်။ အီရန်ရဲ့ ရေနံပို့ကုန် ၉၀-၉၅% က ဒီကျွန်းကနေ တင်ပို့တာဖြစ်ပြီး အဲဒီကျွန်းကို အရပ်သားတွေ ဝင်ရောက်ခွင့် မပေးထားပါဘူး။ သမ္မတထရမ့်က ကျွန်းပေါ်က ရေနံနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အဦကိုတော့ ယဥ်ကျေးသောအားဖြင့် ငါတို့မဖျက်ဆီးခဲ့ပါဘူး၊ ဒါပေမယ့် အီရန်(သို့) အခြားတဖွဲ့ဖွဲ့က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ ဖြတ်သန်းသွားလာနေတာကို နှောက်ယှက်ရင်တော့ အဲဒီဆုံးဖြတ်ချက်ကို ချက်ခြင်း ပြန်ပြင်ရပါလိမ့်မယ်လို့ ရေးသွားပါတယ်။
စွမ်းအင်အကြပ်အတည်း မဖြစ်ဖို့အတွက် ပင်လယ်ပြင်မှာ ရောက်နှင့်ပြီးဖြစ်တဲ့ ရုရှားရေနံတွေအပေါ် ဆန်ရှင်ထားရှိမှုကို ဧပြီ၁၁ရက်အထိ တလကြာ ရုတ်သိမ်းပေးထားမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝကက ကြေငြာသွားပါတယ်။ အိန္ဒိယကတော့ အမေရိကန်က ရုရှားဆီက ရေနံတလဝယ်ခွင့်ပြုထားပေမယ့် ဟော်မုဇ်မှာ ပိတ်မိနေတဲ့ သူ့ရေနံတင်သင်္ဘော ၂၃စီး ဖြတ်သန်းခွင့်ရဖို့ အီရန်နဲ့ ညှိယူခဲ့ပါတယ်။ မနေ့ကအထိ အိန္ဒိယအပေါ် မကျေနပ်နေခဲ့တဲ့ အီရန်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ အကြိမ်ကြိမ်ဖုံးခေါ်ဆိုမှုတွေအပြီးမှာ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။
အီရန်ဟာ သူ့ရဲ့ပဲ့ထိန်းဒုံးကျည်တွေကို တောင်တွေအောက်မှာ ဘန်ကာတွေဆောက်ပြီး လုံခြုံလှပြီ အထင်နဲ့ သိမ်းထားခဲ့ပေမယ့် အစ္စရေးတပ်တွေက ခြေရာခံမိခဲ့ပါတယ်။ အစ္စရေး ဂျက်လေယာဥ် ၈စီးက အဆိုပါဒုံကျည်ထားတဲ့နေရာကို ဓါတုနည်းဖြင့် ဖောက်ထွင်းနိုင်တဲ့ရေဒါ synthetic aperture radar, အပူဓါတ်နဲ့ ပုံဖော်ခြင်း thermal imaging, တုန်ခါမှုအာရုံခံစနစ် seismic sensors စတာတွေကို အသုံးပြုပြီး ပစ်မှတ်ကို တိတိကျကျထိအောင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
အဲဒီကရိယာ/ စနစ် တွေဟာ မြေအောက်က စက်တွေရဲ့ အပူဓါတ်၊ စက်လည်ပတ်တာက ဖြစ်လာတဲ့ တုန်ခါမှုတွေကနေ ဖော်ထုတ်တွေ့ရှိခဲ့တာပါ။ မြေအောက်လှိုဏ်ဂူ/အဆောက်အဦမှန်သမျှမှာ လေထွက်ပေါက် ရှိကြတာ ဖြစ်လို့ အဲဒီလိုဖော်ထုတ်သိရှိနိုင်ဖို့ဟာ သိပ်ခက်ခဲတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ အီရန်က မြေအောက်မှာ ဖွက်ထား/ ပုန်းခိုဖို့ ဘီလီယံပေါင်းများစွာအသုံးပြုပြီး နှစ်ပေါင်းများစွာ ကြံစည်အားထုတ်ခဲ့တာတွေဟာ အခုလို ရက်ပိုင်းအတွင်းမှာ ဖျက်ဆီးခံရလိမ့်မယ်လို့ ထင်ခဲ့မှာ မဟုတ်ပါဘူး။ ဂြိုလ်တုကနေတောင် မြင်ရတာဆိုတော့ ပုန်း/ဖွက်စရာ နေရာမရှိတော့ပါဘူး။
အမေရိကန်နဲ့ အစ္စရေးတပ်တွေက တီဟီရန်အနောက်တောင်ဘက် ၂၇ကီလိုအကွာက စက်မှုဇုံတခုကို တိုက်ခိုက်ခဲ့တာမှာ တချို့သတင်းတွေအရ အဲဒီခရိုင်ထဲမှာရှိတဲ့ IRGC ဗဟိုဌာနချုပ် ပျက်စီးသွားတယ်လို့ ရေးနေကြပါတယ်။ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ခဲ့ပြီး မီးခိုးလုံးကြီးတွေ တက်သွားခဲ့တာပါ။ အီရန်ဘက်ကလိုက်တဲ့ သတင်းဌာနတွေက မသုံးတော့တဲ့ဂိုထောင်ကို ထိတာပါလို့ ရေးကြပေမယ့် ပေါက်ကွဲမှုပြင်းထန်တာတွေနဲ့ ကိုက်ညီမှု မရှိနေပါဘူး။ နှစ်နိုင်ငံတပ်တွေဟာ အီရန်ရဲ့ ဒုံးလောင်ချာပေါင်း ၇၅% ကျော်ကို ဖျက်ဆီးပြီးပြီလို့လည်း သိရပါတယ်။
အမေရိကန်လေယာဥ်တင်သင်္ဘောတစီးဖြစ်တဲ့ USS Abraham Lincoln နားကို ကပ်လာတဲ့ အီရန်စစ်တပ်က မော်တော်ဘုတ်ကို လေယာဥ်တင်သင်္ဘောပေါ်က စက်သနတ်နဲ့ ပစ်ခတ်ပေမယ့် မထိခဲ့တဲ့အတွက် အဲဒီပေါ်က ရဟတ်ယာဥ်က Hellfire ဒုံးကျည်၂စီးနဲ့ သွားရောက်ပစ်ခတ်တော့မှ နစ်မြုပ်သွားခဲ့တာပါ။ IRGC က သူတို့တိုက်ခိုက်ခဲ့လို့ လင်ကွန်းသင်္ဘောက အလုပ်မလုပ်တော့ပါဘူးလို့ ဝါဒဖြန့်ပါတယ်။ အရင်ကလည်း အဲလိုအကြိမ်ကြိမ် လိမ်ခဲ့ပြီးသားပါ။
ပန်တဂွန်က ကမ်းကပ်လိုရပြီး ကမ်းတက်မရင်းတပ်သား ၅၀၀၀ လိုက်ပါလာတဲ့ တိုက်ရေယာဥ် USS Tripoli ကို ထပ်မံစေလွှတ်ထားပါတယ်။ အဲဒီရေယာဥ်ဟာ ဂျပန်ကထွက်ခွာလာမှာဖြစ်လို့ အရှေ့အလယ်ပိုင်းကို ရောက်ဖို့ ၁-၂ပတ်လောက် ကြာဦးမှာပါ။ ရေတပ်အသိုင်းအဝိုင်းက သတင်းတွေမှာ အခြားကမ်းတက်ရေယာဥ်တွဗဖြစ်တဲ့ USS New Orleans နဲ့ USS San Diego တို့ပါ လာနေကြပြီလို့ ဆိုပါတယ်။ အခုလို ကမ်းတက်တိုက်ရေယာဥ်တွေ စေလွှတ်တာဟာ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားမှာ တိုက်ခိုက်မှုတိုးမြှင့်လာချိန်ဖြစ်လို့ တန်ပြန်တိုက်စစ်အတွက် ခွန်အားဖြည့်ပေးဖို့လို့ ထင်မြင်ကြသူများရှိသလို မကြာသေးခင်က အမေရိကန်ထောက်လှမ်းရေးက တွေ့ရှိထားတဲ့ အီရန်ရဲ့ ယူရေနီယံတွေ သိမ်းထားတဲ့နေရာလို့ ယူဆရတဲ့ Pickaxe တောင်သတင်းနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။
အီရန်တွေဟာ Operation Midnight Hummer အပြီးမှာ ကျန်ရှိတဲ့ ယူရေနီယံတွေကို ဂရက်နိုက်ကျောက်တောင်ကြီးရဲ့ အောက်မှာ ထားပြီး သိပ္ပံပညာရှင်တွေနဲ့ နျူဗုံးလုပ်ဖို့ နေ့ရောညပါ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ The bunker buster ဗုံးမျိုး သုံးရင်တောင် ဖောက်ထွင်းဖို့ ခဲယဥ်းတဲ့ ကျောက်တောင်ဖြစ်တာကြောင့် အထူးတပ်ဖွဲ့တွေက ဝင်ရောက်ပြီး ပိတ်ပစ်မှပဲ ရနိုင်မယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ သူတို့မှာ နျူထိပ်ဖူး၁၁ခုစာလောက် ထုတ်နိုင်တဲ့ ယူရေနီယံပမာဏ ရှိနေသေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ထားတာရှိတော့ ယခုလို လေကြောင်းစစ်ဆင်ရေးသက်သက်နဲ့ ဖျက်ဆီး/ပိတ်ပင်နိုင်ဖို့ မလွယ်ပါဘူး။ မာကိုရူဘီယိုက ကွန်ဂရက်စ်ကို မြေပြင်တပ်လွှတ်နိုင်တယ်လို့ ပြောထားတာလည်း ရှိနေပါတယ်။ အီရန်ကို ဝင်တိုက်တာဟာ နျူလက်နက်ထုတ်လုပ်မှာကို တားဆီး ဖို့က အဓိကဖြစ်တော့ သူတို့ရဲ့ ယူရေနီယံတွေကို သိမ်းဆည်း/ ဖျက်ဆီးပြီးမှသာ ဒီစစ်ဆင်ရေးက ပြီးမှာဆိုတော့ ကမ်းတက်တပ်တွေလွှတ်တာဟာ အဲဒီအတွက်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။
နှစ်နိုင်ငံတပ်တွေဟာ တီဟီရန်က နေအိမ်အကျယ်ချုပ်ကျနေတဲ့ အီရန်သမ္မတဟောင်း Mahmoud Ahmadinejad ရဲ့အိမ်ဘေးက အစောင့်လုံခြုံရေးတွေရှိရာနေရာကို ဗုံးကြဲခဲ့လို့ အဆိုပါသမ္မတက မိသားစုနဲ့အတူ ထွက်ပြေးပုန်းအောင်းခွင့် ရသွားခဲ့ပါတယ်။ အဆိုပါသမ္မတဟောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဆန္ဒပြပွဲတွေစဖြစ်ကတည်းက ဘယ်မှပေးမသွားတော့ပဲ ဖုံးတွေအသိမ်းခံရကာ အစောင့် ၅၀လောက်ထိ တိုးချထားတာ ဖြစ်ပါတယ်။ သူကအစိုးရအဖွဲ့ထဲမှာ ခြစားမှုတွေရှိတာကို ဝေဖန်နေခဲ့ပေမယ့် နျူအစီအစဥ်ကို ထောက်ခံတဲ့ သဘောထားတင်းမာသူတဦး ဖြစ်ပါတယ်။ သူလွတ်လာပြီးနောက် မော့ရှ်တာဘာကို ဂုဏ်ယူကြောင်း မက်ဆေ့ချ်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
အစောပိုင်းသတင်းတွေမှာ သမ္မတဟောင်းသေဆုံးသွားပြီလို့ ဆိုပေမယ့် နီးစပ်သူတွေက သူမသေဘူးလို့ အတည်ပြုကြပါတယ်။ မာမွတ်က ၂၀၀၅-၂၀၁၃အထိ သမ္မတဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း သမ္မတရကပ မဝင်နိုင်အောင် ၁၂ဦးပါတဲ့ ဂါဒီယန်ကောင်စီက တားမြစ်ခဲ့ပါတယ်။ ၂၀၁၇ရကပအတွက် တားမြစ်ခံရ အပြီးမှာ ခါမေနီကို စတင်ဝေဖန်ခဲ့ရုံမက အရင် ရှားဘုရင်ကိုတောင် ဂုဏ်ပြုချီးမွမ်းခဲ့တဲ့အထိပါပဲ။
အီရန်မှာ သမ္မတရာထူးဟာ ဘာသာရေးနဲ့မဆိုင်တဲ့ နိုင်ငံရေးရာထူးသက်သက် ဖြစ်တာကြောင့် သမ္မတတွေဟာ ဗောင်းထုတ်/ ဝတ်ရုံကြီးတွေနဲ့ မဟုတ်ပဲ အနောက်တိုင်းဝတ်စုံပဲ ဝတ်ကြပါတယ်။ စပ်မိလို့ပြောရရင် လက်ရှိသမ္မတ Masoud Pezeshkian ဟာလည်း အမေရိကန်တွေရဲ့ ပစ်မှတ်ထဲမှာ မပါဝင်နေသလို အမေရိကန်တရားရေးဌာနက ဆုငွေ ၁၀သန်းထုတ်ထားတဲ့ အလိုရှိ အီရန်ခေါင်းဆောင်များစာရင်းမှာလည်း မပါနေပါဘူး။
မနေ့က ပျက်ကျတဲ့ အမေရိကန် ကောင်းကင်ဆီဖြည့်လေယာဥ် Stratotanker KC-135 မှာ လိုက်ပါသွားတဲ့ အမေရိကန် တပ်သား ၆ဦးစလုံး အသက်ဆုံးရှုံးသွားတဲ့အတွက် ဒီစစ်ပွဲမှာ အမေရိကန်ဖက်က ကျဆုံးစစ်သည်ပေါင်း ၁၃ဦး ရှိသွားပြီဖြစ်ပါတယ်။ အဆိုပါလေယာဥ်ဟာ တိုက်လေယာဥ်တစီးကို ဆီဖြည့်ရင်း တိုက်မိရာက တစီးပျက်ကျပြီး နောက်တစီးကတော့ အစ္စရေးမှာ ဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အီရန်ထောက်ခံတဲ့ အဖွဲ့တချို့က သူတို့ပစ်ချတာပါလို့ ပြောပေမယ့် အမေရိကန်ဘက်က ငြင်းဆိုထားပါတယ်။
အီရန်နဲ့ စစ်ပွဲစပြီလို့ သတင်းထဲမှာ တွေ့လိုက်တာနဲ့ အမေရိကန်တလွှားက စစ်ပြန်တွေ သူတို့ရဲ့ ယူနီဖောင်းတွေ ထုတ်ဝတ်ပြီး ဓါတ်ပုံရိုက်ကာ သမ္မတကြီးက စစ်မှုထမ်းဖို့ ဆင့်ခေါ်ရင် အဆင်သင့်ပါလို့ ရေးတင်နေကြတာကို တွေ့ရပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေလည်း စိတ်ဓါတ်ရေးရာအရ အမြင့်ဆုံး အနေအထားမှာ ရှိနေကြပါတယ်။ ကျဆုံးစစ်သည်တွေရဲ့ မိသားစုကို သမ္မတက ကိုယ်တိုင် ဖုံးခေါ်ပြီး ဂုဏ်ပြု နှစ်သိမ့်စကား အချိန်ယူ ပြောကြားပေးတာရယ်၊ ရဲစွမ်းသတ္တိ အပြည့်နဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုပြနိုင်ခဲ့တဲ့ စစ်သားတွေရဲ့ လုပ်ရပ်တွေကို သေချာသိနေပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးတာရယ်၊ ထိခိုက်ကျဆုံးမှု အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးတာရယ်က စစ်သည်တွေရဲ့ အကြီးမားဆုံးအားဆေးတွေပါပဲ။