မင်းသားရီဇာပါလာဗီက မသေသောအစောင့်တပ် “Immortal Guards” ကို အစိုးရတပ်တွေကို တိုက်ခိုက်မှုတွေ စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီတပ်က ဇန်နဝါရီလ ဆန္ဒပြပွဲတွေမှာ သန္ဓေတည်ခဲ့ပြီး ဘုရင်စနစ်ကို လိုလားတဲ့ တော်လှန်ရေးအုပ်စုဖြစ်ပါတယ်။ ရှားမင်းသားက ပြီးခဲ့တဲ့ ၃လအတွင်း ပြခဲ့တဲ့ ရဲစွမ်းသတ္တိအတွက် အဆိုပါတပ်ကို ချီးကျူးလိုက်ပြီး အခုအခါ အကူအညီတွေ ရောက်လာပြီဆိုတော့ အစ္စရေးက Basij ရဲကင်း/ စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပေးနေတဲ့ အချိန်မှာ အစ္စလာမ္မစ်အစိုးရရဲ့ ဖိနှိပ်မှုယန္တရားကို အားပျော့သွားအောင် ပစ်မှတ်ထား တိုက်ခိုက်သွားဖို့ ညွှန်ကြားထားပါတယ်။ ဒါဟာ လူထုဆန္ဒထွက်ပြတာမျိုးမဟုတ်ပဲ အဆုံးအဖြတ်ပေးမယ့်အချိန်အထိ တပ်သားတွေရဲ့ အသက်ကို လုံခြုံအောင်ထားဖို့လိုကြောင်း၊ အဲဒီအခါကျရင် သန်းနဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ပြန်ထွက်လာကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူက အဆိုပါတပ်တွေကို ပါးရှန်းရာဇဝင်ထဲက မကောင်းဆိုးဝါးတွေကိုနိုင်အောင် ချခဲ့တဲ့ သူရဲကောင်းတွေလို့ တင်စားသွားပါတယ်။ အဲဒီ IRGC နဲ့ Basij စခန်းတွေကို ပြည်သူတွေပေးတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး အစ္စရေးက ဒရုန်းနဲ့ ပစ်တာ ဖြစ်ပါတယ်။
စစ်ဆင်ရေး ၁၄ရက်မြောက်ညပိုင်းမှာ မီးလောင်မှုတွေ၊ မီးခိုးတွေကြားမှာ အီရန်ပြည်သူတွေက လမ်းမတွေပေါ် ထွက်လာကြပြီး အာဏာရှင်ပြုတ်ကျဖို့ ဆန္ဒပြမှုတွေ ပြန်လုပ်လာကြတဲ့ သတင်းတွေ တက်လာတာနဲ့ ကမ္ဘာအရပ်ရပ်က ထောက်ခံအားပေးသူတွေက “အီရန်မှာ တော်လှန်ရေး စပါပြီ၊ အောင်မြင်ပါစေ” လို့ ဝိုင်းဆုတောင်းပေးကြပါတယ်။ အီရန်ပြည်သူ ၃သန်းခန့်ဟာ စစ်ဘေးရှောင်နေကြရပြီး ကုန်ပစ္စည်း ရှားပါးပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။ IRGC က ဆန္ဒပြတဲ့ သူတွေကို ရန်သူဘက်ကလို့ သတ်မှတ်ပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် အစိုးရက ပြုလုပ်တဲ့ ထောက်ခံဆန္ဒပြပွဲတွေလည်း ရှိနေတော့ သေချာခွဲပြောဖို့တော့ လိုပါလိမ့်မယ်။
အီရန်ဘောလုံးသမလေးတွေတင် နိုင်ငံခြားမှာ ခိုလှုံမှုခံယူတာ မဟုတ်ပါဘူး။ နိုင်ငံရပ်ခြားရောက် အီရန်သံတမန်တွေလည်း ခိုလှုံခွင့် ခံယူလာကြတာမှာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်က Alireza Sohbati, ဩစတေးလျနိုင်ငံ ကင်ဘာရာက သံရုံးတာဝန်ခံသံမှူးဟောင်း Mohammad Pournajaf, ဂျနီဗာ ယူအန်ရုံးက Alireza Jeyrani Hakamabad နဲ့ ဩစတီးယားနိုင်ငံ ဗီယင်နာက သံရုံးတာဝန်ခံသံမှူး Gholamreza Derikvand တို့လည်း ခိုလှုံခွင့် ယူထားကြပြီဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ပြည်သူကို မပစ်သတ်နိုင်ဘူးဆိုပြီး ပြည်သူနဲ့အတူ ရပ်တည်တဲ့ စစ်သားစစ်စစ်စိတ်ဓါတ်ရှိတဲ့ ရဲဘော်တွေ တိုးတိုး လာပါပြီ။
အီရန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုပြီး နိုင်ငံပိုင်ရုပ်သံမှာ ထွက်လာတာက ဗိုလ်အဆင့်ပဲ ရှိသေးသူ ဖြစ်နေပါတယ်။ ရာထူးငယ်ပေမယ့် အမေရိကန်နဲ့ အစ္စရေးကို လက်တုန့်ပြန်မယ်လို့ ခြိမ်းခြောက် ကြိမ်းမောင်းသွားပြီး ပင်လယ်ကွေ့ဆိပ်ကမ်းတွေကနေ ထွက်ခွာကြဖို့ တိုက်တွန်းသွားပါတယ်။ ဒီလောက်ရာထူးငယ်တဲ့သူကို ထုတ်သုံးလာတာဟာ သူ့အထက်ကလူတွေ သေကုန်လို့လား၊ ပြေးကုန် လို့လား၊ ကြောက်လို့ ရှေ့ထွက်မလာရဲတာလား၊ စသဖြင့် မေးစရာတွေ ဖြစ်လာစေသလို Chain of command ပျက်နေပြီဆိုတဲ့ ခန့်မှန်းချက်တွေကိုလည်း ခိုင်မာစေပါတယ်။
ခါမေနီမိသားစုကသာ ဗြိတိန်တော်ဝင်မိသားစုထက် အဆပေါင်းများစွာ ချမ်းသာပြီး နိုင်ငံကြီးတွေမှာ ပိုင်ဆိုင်မှုတွေ အလျံပယ် ရှိထားကြပေမယ့် အောက်ခြေရဲ/ စစ်သားတွေကတော့ ငွေလဲနှုန်း ဇီးရိုးက ရက်ကြာလာပြီဖြစ်တော့ မငတ်အောင် မနည်း ကြိုးစားနေရပါတယ်။ ကလေး ၃ဦးနဲ့ အိမ်ငှားနေရတဲ့ (ဒုရဲအုပ်အဆင့်လောက်ရှိမယ့်) အငယ်စား ရဲအရာရှိ Mostafa Loghmani ဟာ သူ့ရဲ့ ကျောက်ကပ် တဖက်ကို ရောင်းဖို့ ကြော်ငြာနေရပါပြီ။ သူက “ထိပ်က ခေါင်းဆောင်တွေကတော့ အာဏာနဲ့ဆိုတော့ အေးဆေးပေါ့ဗျာ၊ ကျနော်တို့ စစ်သားတွေ ရဲတွေကျတော့ စိတ်ရှည်သည်းခံမှုဆိုတာက အကန့်အသတ်နဲ့ဗျ၊ အခုလိုပြောတာလည်း ခါမေနီဆီရောက်ချင်ရောက်ပါစေ၊ ဒီထက်လည်း ဆုံးရှုံးစရာ ဘာမှ မရှိတော့ပါဘူး” လို့ ပြောသွားပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေကတော့ ကြောက်နေသေးတဲ့အတွက် တိုးတိုးတိတ်တိတ်ပဲ ဆဲဆိုနေကြတယ်လို့ ဆိုပါတယ်။
အီရန်ရဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေ အစပြုတဲ့နေရာဟာ တီဟီရန်ရဲ့ အနောက်ဖက် မြို့အစွန် တောင်ခြေ တလျောက်က ရှည်မျောမျော နေရာလောက်ပဲ ကျန်တော့တယ်လို့ တီဟီရန်နဲ့ Karaj က Crowdsource ရီပို့တွေမှာ ဖော်ပြထားပါတယ်။ တီဟီရန်နဲ့ Karaj ကြားက Shahrek, Bagheri, Garmdareh, Shahriar, Qods နဲ့ အနားက နေရာတွေ ဖြစ်ပါတယ်။ Bidganeh စခန်းမှာတော့ လောင်ချာတွေ ဒုံးတွေ ကုန်သွားပြီဖြစ်ပြီး လောင်ချာပေါင်း ရာနဲ့ချီကိုလည်း ဖျက်ဆီးပစ်ခဲ့ပြီးပါပြီ။ သူတို့ပစ်ရင် ပစ်တဲ့နေရာကို တမိနစ်အတွင်း မဟာမိတ်ဂျက်တွေက တိုက်ခိုက်မှာဖြစ်လို့ တခါပစ်ပြီး နေရာရွှေ့ပြေးနေကြရတာပါ။ အနားက IRGC နေရာတွေဖြစ်တဲ့ Qods စစ်တန်းလျားတွေနဲ့ Shahid Modares တပ်စခန်းတွေက လက်ကျန်အစိုးရတပ်တွေရဲ့ နောက်ဆုံး ခံပစ်ပစ်တဲ့နေရာ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားတာနဲ့ အပေါ်က ပြည်သူတွေ ညွှန်ပြတဲ့နေရာ တူညီနေတာကို တွေ့ကြရမှာပါ။
မနေ့ကရေးခဲ့တဲ့ ကမ်းတက်မရင်းတပ်တွေနဲ့ ပတ်သက်လို့ မရင်းစစ်ပြန်တဦးက အခုလို ရှင်းပြထားပါတယ်။ USS Tripoli လို ကမ်းတက်ရေယာဉ်မှာ တပ်ဖွဲ့ဝင် ၂၅၀၀ လောက် ပါဝင်တဲ့ 31st Marine Expeditionary Unit လိုက်ပါပြီး အဲဒီတပ်ဖွဲ့ဝင်တွေကို crisis တွေကို တုန့်ပြန်ဖို့ အဖွဲ့တွေ ဖွဲ့ပေးထားကြောင်း၊ MEU ဟာ နယ်မြေသိမ်းဖို့ လေ့ကျင့်ပေးထားတဲ့ တပ်မဟုတ်ပဲ ကမ်းတက်မယ်၊ လူကယ်မယ်၊ ပင်လယ်ဓါးပြတွေကို တိုက်ခိုက်မယ်၊ ရေကြောင်း လုံခြုံမှုအတွက် ဆောင်ရွက်မယ်၊ စတဲ့လုပ်ငန်းတွေအတွက်သာ လေ့ကျင့်ထားတာ ဖြစ်ကြောင်း၊ အခုစစ်ဆင်ရေးမှာ သင်္ဘောလမ်းကြောင်းတွေ လုံခြုံစေဖို့၊ ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်တာတွေကို တုန့်ပြန်ဖို့၊ အရပ်သားပြည်သူကို ကယ်ထုတ်ဖို့၊ ကျွန်းလေးတွေဖြစ်ဖြစ် သိမ်းပိုက်ဖို့ စတာတွေအတွက်ပဲ ဖြစ်နိုင်ကြောင်း၊ တကယ်ကမ်းတက်သိမ်းမယ်ဆိုရင် ထောင်ဂဏန်းလောက်သော စစ်အင်အားနဲ့ မရပါကြောင်း၊ ရှင်းပြသွားပါတယ်။ အီရန်ဟာ မြန်မာပြည်ထက် ၂.၇ဆလောက် ကြီးပြီး မြန်မာပြည် လူဦးရေရဲ့ ၂ဆနီးပါး ရှိပါတယ်။
အီရန်ဘက်က တခုတည်းသော အကြပ်ကိုင်နိုင်စွမ်းဟာ ဟော်မုဇ်ရေလက်ကြားပဲ ကျန်တော့တဲ့အတွက် အဲဒါကို ထိန်းချုပ်ဖို့ပဲ ဦးတိုက်ကြိုးစားလာတာ တွေ့ရပါတယ်။ မိတ်ဆွေနိုင်ငံရယ်လို့ ပြစရာ ဘာမှ ဟုတ်ဟုတ်ဟတ်ဟတ် မရှိတဲ့အခါကျတော့ ရှိတဲ့ထဲက သူတို့ထက် အင်အားကြီးတဲ့ တရုတ်ကို ဖားဖို့ အတွက် တရုတ်ယွမ်နဲ့ ငွေချေတဲ့သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးမယ်လို့ ကြေငြာပါတယ်။ အရင်နေ့က အမေရိကန်နဲ့ အစ္စရေးသံတမန်တွေ နှင်ရင် ဖြတ်သန်းခွင့်ပြုမယ်ဆိုတာ မအောင်မြင်တော့ တမျိုးပြောင်း ခြောက်ရပြန်တာပါပဲ။ တကယ်တော့ တရုတ်ယွမ်နဲ့ ငွေချေရတာ အင်မတန်ကို လက်ဝင်တဲ့ ကိစ္စပါ။ ဘယ်သူမှ မလုပ်ချင်ပါဘူး။ အိန္ဒိယလည်း ဆန်ရှင်မိထားတဲ့နိုင်ငံက ဆီကို ဈေးပေါပေါနဲ့ ဝယ်ချင်လို့သာ အလုပ်ရှုပ်ခံပြီး လုပ်ရတာပါ။ အခုတော့ အဲဒီလို လုပ်ချင်ရင်တောင် ထရမ့်က tariff ဆိုတာကြီးနဲ့ ခြိမ်းခြောက်ရင် တော်ရုံနိုင်ငံ မခံနိုင်ပါဘူး။
အခုတော့ သမ္မတထရမ့်က ဗျူဟာတမျိုး ပြောင်းသုံးပါတယ်။ အမေရိကန်တပ်တွေက အီရန်ရဲ့ ရေတပ် လေတပ်တွေနဲ့ စစ်ဖက်ပစ်မှတ်တွေကို ကုန်သလောက်နီးပါး ဖျက်ဆီးခဲ့ပြီးပြီ။ အီရန်က ကမ္ဘာ့စွမ်းအင် အကြပ်အတည်းဖြစ်လာအောင် ကမ္ဘာ့စွမ်းအင် ၂၀% ဖြတ်သန်းနေတဲ့ ဟော်မုဇ်နဲ့ ခြိမ်းခြောက်နေတယ်။ အမေရိကန်ရေတပ်က ရေနံတင်သင်္ဘောတွေကို မကြာခင် စောင့်ရှောက်ပေးနိုင်တော့မယ်။ အမေရိကန်ရေတပ်နဲ့အတူ အကြီးစားရေနံတင်သွင်းတဲ့ နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ ယူကေတို့က သူတို့ရဲ့ စစ်ရေယာဥ်တွေကို ဒီဒေသကို ပို့ပြီး အတူဝိုင်း စောင့်ရှောက်ပေးကြပါလို့ တိုက်တွန်းသွားပါတယ်။ အဲဒီလိုသာ အားလုံးစုထိန်းလိုက်မယ်ဆိုရင် ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုကို ရပ်တံ့အောင်လုပ်ချင်တဲ့ အီရန်ရဲ့ အကြံအစည်ဟာ ကျဆုံးမှာဖြစ်တယ်လို့ ပြောသွားပါတယ်။
ဒါက ထရမ့်ရဲ့ ပင်ကိုယ်စတိုင်ပါပဲ။ အားလုံးအကျိုးရှိမယ့်ကိစ္စကို အားလုံးပါဝင်လုပ်ကိုင်စေချင်တာပါ။ စစ်တိုက်တာ ငါတို့မဟုတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ အီရန်မှာရော ကမ္ဘာအရပ်ရပ်က ခြစား မင်းဆိုးမင်းညစ်တွေနောက်မှာ တရုတ်ရှိနေပြီး ကမ္ဘာ့ကုန်သွယ်ရေး chokepoint တွေအားလုံးကို ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာလည်း တရုတ်ကြီးပါပဲ။ တချိန်မဟုတ်တချိန်မှာ ဒုက္ခပေးလာနိုင်တာပါ။ အီရန်နျူလက်နက်ပိုင်ဖို့ ကြိုးစားသလိုပါပဲ။ ရှိလာတဲ့အထိ၊ သူ့ဖက်က ရန်စလာတဲ့အထိ စောင့်နေရင် သိပ်နောက်ကျသွားပါလိမ့်မယ်။ တရုတ်ရှီကလည်း ထရမ့်မလာခင် မျက်နှာမပျက်ရအောင် တောင်းချင်တာလေးတွေ ရအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်နေချိန်ဆိုတော့ ဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။