Operation Epic Fury (20)

မတ် ၁၂ရက် ကြာသပတေးနေ့က အစ္စရေးလေတပ်ဟာ Parchin-Taleghan 2 က နျူအဆောက်အဦကို ဗုံးကြဲဖျက်ဆီးခဲ့ရာမှာ နျူသုတေသနပညာရှင် ၂၀ခန့် ပါသွားခဲ့ပါတယ်။ မနှစ်ဇွန်လတုန်းက IDF က အီရန်နဲ့ နျူဆိုက် အများစုကို ဖျက်ဆီးပစ်ခဲ့ပေမယ့် အခုနေရာက ဆောက်လုပ်ဆဲဖြစ်ပုံရပါတယ်။ အောက်တိုဘာ ၂၀၂၄တုန်းက အီရန်တို့က ပဲ့ထိန်းဒုံးကျည် အများအပြားနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ပစ်မှတ် ၂၀ခန့်ကို တိုက်ခိုက်ခဲ့အပြီးမှာ ဒီနေရာကို ရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ IDF ထောက်လှမ်းရေး တွေက အီရန်ကို သွားရောက်နေတဲ့ နျူသိပ္ပံပညာရှင်တွေကို ခြေရာခံခဲ့ရာက ဒီနေရာကို တွေ့ရှိလာခဲ့တာပါ။

အများစုက ယူရေနီယံသန့်စင်တာကိုပဲ အာရုံစိုက် နေကြပေမယ့် သန့်စင်ပြီး ယူရေနီယံကနေ နျူလက်နက် ဖြစ်လာအောင်လုပ်ဖို့ လိုအပ်တဲ့ centrifuge အပိုင်းတွေကို ယခုနေရာမှာ ထုတ်လုပ်နေတာဖြစ်ပါတယ်။ ယခုဖျက်ဆီးလိုက်တဲ့နေရာဟာ တီဟီရန်ရဲ့ အရှေ့မြောက်ဖက်မှာ တည်ရှိပြီး မြေပေါ် မြေအောက် အဆောက်အဦတွေ ရောပြီး ပုံဖျက်ထားတာဖြစ်ပါတယ်။ အီရန်မှာ ၆၀% သန့်စင်ထားတဲ့ ယူရေနီယံ ၄၀၀ ကီလိုဂရမ်လောက် ရှိနေပြီးဖြစ်တော့ centrifuge enrichment ထုတ်နိုင်ပြီဆိုရင် လက်နက်အဖြစ် ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြင်  IRGC ဌာနချုပ်၊ စစ်တက္ကသိုလ်နဲ့ ထိန်းကွပ်ရေးစင်တာတွေ၊ ပဲ့ထိန်းဒုံးကျည် စက်ရုံတွေနဲ့ သိုလှောင်ရုံတွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေ၊ လေတပ်ပိုင်နေရာတွေကိုပါ ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေမှာ Basij ကွန်မန်ဒါ Mohammad Sarlak ကို ရှင်းနိုင်ခဲ့ပါတယ်။ ဆာလက်ခ်က မြို့တော်ရဲ့ အဓိကစစ်ရေးဇုံတွေကို ကြီးကြပ်ရပြီး ဆန္ဒပြသူ အနည်းဆုံး ၁၀ဦး သေဆုံးရာမှာ တိုက်ရိုက်တာဝန်ရှိသူဖြစ်ပါတယ်။ ခေါင်းဆောင်သေပြီး Basij တပ်သားတွေလည်း ထွက်ပြေးကုန်တယ်လို့ သိရပါတယ်။ ခုလို ဖျက်ဆီးရှင်းလင်းလိုက်တာဟာ အီရန်ပြည်သူတွေ အဆိုးရရဲ့ ဖိနှိပ်မှုမခံရပဲ လမ်းပေါ်ထွက် ဆန္ဒပြနိုင်အောင် ကူညီလိုက်ခြင်းတမျိုးပဲ ဖြစ်ပါတယ်။

IRGC က အကြီးတန်းကွန်မန်ဒါတဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မိုဟာမက် ကာရာမီဟာ အစ္စရေးဝကခကို ရှင်းပစ်မယ်လို့ ကျုံးဝါးပြီး နာရီပိုင်းအတွင်းမှာပဲ Isfahan မှာ သူကိုယ်တိုင် အရှင်းခံလိုက်တယ်လို့ သတင်းထွက်လာပါတယ်။ ဘီဘီအသတ်ခံရတဲ့ ကောလဟလတွေ ပြန့်နေလို့ ကော်ဖီဆိုင်မှာ ကော်ဖီထွက်ဝယ်သောက်နေတဲ့ ဗီဒီယိုတောင် တင်ထားရတာပါ။ အလားတူပဲ အီရန်အဆိုးရမီဒီယာက ကြွားထားတဲ့ Tabriz က မြေအောက်ဒရုန်းသိုလှောင်ရုံဟာလည်း ကြွားပြီး နာရီပိုင်းအတွင်းမှာ ပစ်ခတ် ဖျက်ဆီးခံလိုက်ရပါပြီ။

အမေရိကန်က အီရန်စီးပွားရေးမှာ အခရာကျတဲ့ Kharg ကျွန်းက စစ်ရေးပစ်မှတ်တွေ၊ လက်နက်တိုက် တွေကို UAE ကနေ HIMARS လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပေါ်  အီရန်နိုင်ငံခြားရေးဝကက ဒေါသတကြီး တုန့်ပြန်ခဲ့တာက အထိနာခဲ့တာကို ပြသနေတာပဲဖြစ်ပါတယ်။ “သူတို့က Kharg ကျွန်းကို HIMARS နဲ့ ငါတို့အိမ်နီးချင်းနိုင်ငံကနေ တိုက်တာ၊ အဲဒါ သိပ်အန္တရာယ်ကြီးတယ်” လို့ ပြောသွားတာပါ။ အဲဒီအိမ်နီးချင်းတွေကို သူတို့က စတိုက်ခဲ့တာဆိုတာ မေ့များနေသလားပါပဲ။

အီရန်တပည့် ဟာမာ့စ်တွေ ကတောင် ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ အဆိုပါအိမ်နီးချင်း အာရပ်နိုင်ငံတွေက ၅၃ဘီလီယံ ထည့်ဝင်မှာကို မထည့်နိုင်တော့မှာ (သို့) စိတ်ပြောင်းမှာစိုးလို့ အိမ်နီးချင်းတွေကိုမတိုက်ဖို့ ပြောလာပါပြီ။ ဟာမာ့စ်က အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာပါလို့ စစ်ပွဲစပြီး ၂ပတ်ကြာမှ ကြေငြာချက် ထုတ်ပါတယ်။ အဲဒီကြေငြာချက်မှာ အီရန်က ညီအကိုတွေ အိမ်နီးချင်းနိုင်ငံတွေကို မတိုက်ဖို့ တိုက်တွန်းထားပြီး စစ်ရပ်ဖို့အတွက် ဒေသတွင်းနိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ဆော်ဩထားပါတယ်။

၁၅ရက်နေ့မှာတော့ မဟာမိတ်တပ်တွေက Hamadan က တယ်လီကွန်းအဆောက်အဦကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်စကတည်းက အင်တာနက်တွေ နှေးအောင် သုံးမရအောင်လုပ်ထားတာတွေ အဆုံးသတ်သွားပြီး ပြည်သူတွေက ဆင်ဆာမရှိ အနှောက်အယှက်မရှိတဲ့ မြန်နှုန်းမြင့်အင်တာနက်ကို ပြန်ရခဲ့ကြပါတယ်။

စစ်စပြီး တတိယပတ်ကို ဝင်လာတဲ့အချိန်မှာ အီရန်က solid-fuel Sejjil ပဲ့ထိန်းဒုံးကျည်တွေကို ပထမဆုံးအကြိမ် ထုတ်သုံးပြီး အစ္စရေးကို ပစ်ခတ်ခဲ့ပါတယ်။ အဲဒီဒုံးကျည်မျိုးဟာ အဆင့် ၂ဆင့်ရှိပြီး ကီလို ၂၀၀၀ လောက် သွားနိုင်ပါတယ်။ အီရန်က အမြောက်အများအသုံးပြုခဲ့တဲ့ ပိုဟောင်းတဲ့စနစ်က ပစ်ခတ်ဖို့ နာရီပေါင်းများစွာ အချိန်ယူရတဲ့အတွက် အမေရိကန်နဲ့ အစ္စရေးတို့ဘက်က လက်ဦးအောင် ပစ်ခတ်တာတွေကို ခံရနိုင်တာဖြစ်ပါတယ်။ အခုလို ဒုံးကျည်သစ်တွေကို အခုမှ ထုတ်သုံးလာတာဟာ တခြားနည်းလမ်းတွေ ကုန်သွားလို့ဖြစ်နိုင်ကြောင်းနဲ့ ဒီလိုဒုံးကျည်သစ်တွေ အများအပြားရှိမှာ မဟုတ်တဲ့ အတွက် ကြာရှည်တိုက်စစ်ဆင်နေဖို့ ခဲယဥ်းမယ်လို့ သုံးသပ်ကြပါတယ်။

ဟော်မုဇ်မှာ လွတ်လပ်လုံခြုံစွာ ဖြတ်သွားခွင့်ကို ကာကွယ်ဖို့အတွက် သမ္မတထရမ့်က ဒီရေလက်ကြားက စွမ်းအင်ကို မှီခိုနေရတဲ့ နိုင်ငံကြီးတွေကို တာဝန်ယူကြဖို့ တိုက်တွန်းလိုက်တဲ့အပေါ် ပြင်သစ်နဲ့ ဂျာမဏီတို့က ပါဝင်ဖို့ ငြင်းဆိုလိုက်ပါတယ်။ ဂျာမဏီမှာ hydrogen fuel cell သုံးတဲ့ Type 212A ရေငုတ်သင်္ဘော ၆စီးရှိပြီး ရေပေါ်မတက်ပဲ ရက်သတ္တပတ်ပေါင်းများစွာ တိတ်တိတ်လေး သွားလာနေနိုင်တာကြောင့် အသံလှိုင်းနဲ့ ဖမ်းမိဖို့အရမ်းခက်သလို တော်ပီဒို အလေးစားကြီးတွေ တင်ဆောင်နိုင်ပြီး မီတာ ၇၀၀ကျော်အထိ ငုတ်လျိုးမောင်းနှင်နိုင်တာကြောင့် သူတို့သာ ကူညီမယ်ဆိုရင် အများကြီးအကျိုးရှိမှာပါ။ ပြည်တွင်းစွမ်းအင် ဖူလုံမှုရှိတဲ့ အမေရိကန်အတွက် အဆိုပါ ရေလက်ကြားက ပဓါနမကျပေမယ့် ကမ္ဘာ့စွမ်းအင်စီးဆင်းမှုမှာ အရေးပါတဲ့အတွက် ကူညီခိုင်းတာ ဖြစ်သလို မိတ်ဆွေကောင်း ဟုတ်/မဟုတ် စမ်းသပ်ချင်တာကြောင့် တိုက်တွန်းတာ ဖြစ်ပါလိမ့်မယ်။

အီရန်က အဆိုပါရေလက်ကြားကို တိုက်ခိုက်တဲ့ပုံစံဟာ မော်တော်ဘုတ်သေးသေးလေးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ၊ ဒုံးကျည်တွေတင်ပြီး သွားတိုက်တာဖြစ်လို့ အမေရိကန်ရဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ဖို့ သိပ်အဆင်မပြေနေပါဘူး။ ဒါပေမယ့် ဒါဟာ စိုးရိမ်စရာလားဆိုတော့လည်း မဟုတ်ပါဘူး။ တကယ်တော့ ဒီစစ်ပွဲမှာ နံပါတ်တွေပဲ အရေးကြီးတာပါ၊ လက်နက် ဘယ်လောက်ဖြုန်းနေသလဲ၊ ဘယ်လောက် ထပ်ထုတ်နိုင်သလဲ၊ သုံး/ဖြုန်းနေတဲ့ ပမာဏက ထပ်ထုတ်နိုင်တဲ့ ပမာဏထက် များနေမယ်ဆိုရင် စစ်ပွဲက ပြီးနေပါပြီ။ လက်ကျန်ကုန်ဖို့က အချိန်ပိုင်းပဲ လိုတော့တာပါ။ အမေရိကန် တပ်တွေက နာရီနဲ့အမျှ လက်နက်တိုက်တွေ၊ လက်နက်စက်ရုံတွေကို ဦးစားပေးပြီး လိုက်ဖြိုနေတာဟာ အဲဒီသီအိုရီအရ စစ်ပွဲကို မြန်မြန်အဆုံးသတ်အောင် တွန်းလုပ်နေတာပါ။

အီရန်က အမေရိကန်ဟာ သူတို့ရဲ့ တစီးသောင်းဂဏန်းတန် ဒရုန်းပေါင်းမြောက်များစွာကို ခုခံကာကွယ်ဖို့ လုံလောက်တဲ့ သန်းချီတန်တဲ့ဒုံးတွေ မရှိနိုင်တဲ့အတွက် အဆုံးမှာ သူတို့သာနိုင်မယ်လို့ တွက်ထားပုံရပါတယ်။ သူတို့မှာ ၁၅၀၀လောက်ရှိတဲ့ သောင်းဂဏန်းတန်မော်တော်ဘုတ်လေးတွေနဲ့ ဘီလီယံချီတန်တဲ့ တိုက်သင်္ဘော တွေကို တိုက်တာလည်း အဲဒီသဘောပါပဲ။

ဒါပေမယ့် အမေရိကန်ရဲ့ ဗျူဟာက အဲဒီမော်တော်ဘုတ်လေးတွေကို လိုက်တိုက်မယ့်အစား တိုက်စရာ လက်နက် မကျန်တော့အောင် ဒရုန်းထုတ်လုပ်တဲ့ Isfahan က Shahed Aviation Industries ၊ Khojir က မြေပြင်မှ မြေပြင်ပစ်ဒုံးစက်ရုံ၊ Parchin က solid propellent စက်ရုံ၊ အီရန်ရဲ့ အရေးအပါဆုံး ဒုံးကျည်ထုတ်လုပ်ရာ Shahrood က တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေမှာ တပ်ဆင်တဲ့ solid-fuel rocket motor ထုတ်လုပ်တဲ့စက်ရုံ စတာတွေကို ဖျက်ဆီးပစ်လိုက်တာပါ။ ပဲ့ထိန်းဒုံးကျည်တွေမှာ အစိတ်အပိုင်း ၄ခု ပါဝင်တဲ့အတွက် ထပ်မံ မထုတ်လုပ်နိုင်အောင်ဆိုရင် ပြန်ဆောက်ရတာ အခက်ခဲဆုံး လည်းဖြစ် နှစ်အတန်ကြာလည်း အချိန်ယူရမှာ ဖြစ်တဲ့ solid-fuel ပိုင်းကို ဖျက်ဆီးတာဟာ အထိရောက်ဆုံးဖြစ်လို့ solid-fuel ပိုင်းကို ဖျက်ဆီးခဲ့တာပါ။ ဒုံး/ဒရုန်း မရှိတော့ရင် မော်တော်ဘုတ်ဘယ်လောက်ရှိရှိ စက်သေနတ်ပါစေဦးတော့ ဟော်မုဇ်ကို ဆက်ပိတ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

အပစ်ခံရတဲ့ ကုန်သင်္ဘောတွေက ဘာလို့အပစ်ခံရသလဲဆိုတော့ အကင်းမပါးလို့လို့ ပြောရမှာပါပဲ။ အမေရိကန်က သွားပါပြောလဲ အမေရိကန်သင်္ဘောတွေကိုယ်တိုင် မသွားနေရင် (သို့) စောင့်ရှောက်ပေးဖို့ ငြင်းဆိုတယ်ဆိုရင် မသွားသင့်ဘူးလို့ ယူဆရမှာပါ။ အားလုံးက ကိုယ့်တွက်ကိန်းနဲ့ကိုယ်ဆိုတော့ risk ကြီးလေ အကျိုးအမြတ်များလေ ဖြစ်တာကြောင့် risk ယူပြီးသွားကြတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အီရန်မှာ စစ်တပ် ၂ မျိုးရှိပါတယ်။ IRGC က အစ္စလာမ္မစ်ဘာသာရေးခေါင်းဆောင်အစိုးရကို သစ္စာခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖြစ်ပြီး တပ်ဖွဲ့ဝင် တသိန်းခွဲခန့် ရှိပါတယ်။ နောက်တခုဖြစ်တဲ့ သမားရိုးကျ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတော်တပ် (Artesh) က အဖွဲ့ဝင် ၃သိန်းခွဲခန့် ရှိပြီး နယ်စပ်လုံခြုံရေးနဲ့ ပြည်တွင်းလုံခြုံရေးတို့ကို ဆောင်ရွက်ရပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ ဦးတည်တိုက်ခိုက်နေတာ IRGC ဖြစ်ပြီး Artesh ပစ်မှတ်တွေကို တိုက်တယ်လို့ မတွေ့ရတဲ့အတွက် စစ်ရပ်သွားတဲ့အချိန်မှာ အမေရိကန်က အပြောင်းအလဲအတွက် ချန်ထားတာများလားလို့ ထင်ကြေးပေးနေကြပါတယ်။ သမ္မတကို မတိုက်ခိုက်တာလည်း အဲဒီသဘောမျိုး ဖြစ်မယ်ထင်ပါတယ်။

ပြည်သူတချို့ကတော့ IRGC အားနည်းသွားတဲ့အချိန်မှာ Artesh က  IRGC ဆီက အာဏာသိမ်းပြီး လူထုလက်ထဲ (သို့) လူထုသဘောကျတဲ့ခေါင်းဆောင်ဆီ အာဏာလွှဲပေးတာမျိုး (သို့) အသွင်ပြောင်း ကာလကို  မျှမျှတတ ဦးဆောင်ပေးတာမျိုးဖြစ်လာဖို့ မျှော်လင့်ကြတာတွေ ရှိနေပါတယ်။ မင်းသားပါလာဗီပြောတဲ့ Immortal Guards ဆိုတာလည်း ရှိသေးတော့ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ ပြည်သူရှေ့ကို ထွက်လာမလဲ၊ ရာဇဝင်မှာ ဘယ်သူတွေက အဆဲခံပြီး ဘယ်သူတွေက သူကောင်းပြု ခံရမယ်ဆိုတာ သိရဖို့ သိပ်မကြာတော့ဘူးထင်ပါတယ်။

Leave a comment