Operation Epic Fury (21)

သမ္မတထရမ့်က မတ် ၃၁-ဧပြီ ၂ရက်အထိ တရုတ်ပြည်ကို သွားရောက်လည်ပတ်မယ့် ခရီးစဥ်ကို မပြီးပြတ်သေးတဲ့ အီရန်စစ်ပွဲကြောင့် တလခန့် ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။ တရုတ်ပြည်ကို သွားလည်ချင်ပေမယ့် စစ်ကြောင့် သူဒီမှာ ရှိနေချင်သလို ရှိနေဖို့လည်း လိုအပ်တာကြောင့်ဖြစ်ပြီး တခြားအကြောင်း မရှိဘူးလို့ ဆိုပါတယ်။ တချို့ကတော့ ဟော်မုဇ်ကို ကာကွယ်ဖို့ ဟော်မုဇ်ကို အားထားနေရတဲ့ နိုင်ငံတွေကို ဝိုင်းဝန်းကာကွယ်ဖို့ပြောတာကို တရုတ်က မတုန့်ပြန်တာကြောင့်လို့ ခန့်မှန်းကြပေမယ့် အစိုးရအဖွဲ့ဝင်တွေက မဟုတ်ကြောင်း တုန့်ပြန်ကြပါတယ်။ သမ္မတထရမ့် တရုတ်ကို သွားတာ မသွားတာက အမေရိကန်အတွက် မဖြစ်မနေလုပ်ရမယ့်ကိစ္စ မဟုတ်ပေမယ့် ပြည်တွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ဝိုင်းဝိုင်းလည်နေလို့ ထရမ့်ရဲ့ ခရီးစဥ်နဲ့ ဆွဲထိန်းနေရတဲ့ ရှီကျင်ပင်း အတွက်တော့ အောင့်သက်သက် ဖြစ်သွားစေနိုင်တာ ဖြစ်ပါတယ်။

ရှီက ဒီနှစ်စစ်ပွဲတွေမတိုင်ခင်က ထရမ့်ကို ခန့်မှန်းမရသူ၊ လေထွားသူလို့ မြင်ခဲ့မှာဖြစ်ပေမယ့် မနှစ်က ပြင်စရာရှိတာပြင်ဆင်အကွက်ရွှေ့ပြီး ဒီနှစ်ထဲ ခတ်စိပ်စိပ် ပွဲကြမ်းလာတာကို တွေ့လာအပြီးမှာ လေတောင် အရင်လို မမာရဲတော့တာ သတိထားမိကြပါလိမ့်မယ်။ အာဏာရှင်လိုလားသူ အာဏာရှင်စနစ်ကို အားကျသူတွေက အမေရိကန်ဟာ အစိုးရပြောင်းပြောင်းနေသလောက် တရုတ်နဲ့ ရုရှားတို့မှာ ဒီခေါင်းဆောင်တဦးတည်းက နှစ်ပေါင်းများစွာအုပ်ချုပ်တာဆိုတော့ သူတို့မှာ အတွေ့အကြုံ ပိုများသလို ရေရှည်စီမံကိန်းချနိုင်စွမ်းရှိတာက အားသာတယ်လို့ မြင်ကြပါတယ်။ အခုကျတော့ ထရမ့်က သူတို့ နှစ်ပေါင်းများစွာ လုပ်နေကျအကွက်တွေကို မြင်နေပြီး သူတို့တွေက ထရမ့်ဘယ်လို အကွက်ရွှေ့မယ် ဆိုတာ မသိနိုင်နေကြတာက သူတို့ရဲ့ အားနည်းချက် ဖြစ်သွားပါပြီ။ ဒါ့အပြင် ထရမ့်လက်ထက်မှာ ပြည်သူတွေဟာ လွတ်လပ်မှု အစိုးရရဲ့ စောင့်ရှောက်ကာကွယ်ပေးမှုကို ခံစားရတာက အာဏာရှင်စနစ်တွေမှာ ဘယ်လိုမှ မရနိုင်တဲ့ တန်ဖိုးရှိလှတဲ့ အမှန်တရားပါပဲ။

အီရန်ရဲ့ ခေါင်းဆောင်သစ်ကြီးဟာ အစိုးရအဆိုအရ ကျန်းမာပကတိ ချမ်းသာစွာရှိနေတယ်ဆိုပေမယ့် လူလုံးထွက်မပြသေးပဲ ကူဝိတ်သတင်းစာ Al-Jarida မှာတော့ တိုက်ခိုက်မှုတွေမှာ ရခဲ့တဲ့ဒဏ်ရာကို ကုသဖို့ လျို့ဝှက် ခေါ်ထုတ်ပြီး ရုရှားစစ်လေယာဥ်နဲ့ မော်စကိုကိုခေါ်သွားတယ်လို့ ရေးထားပါတယ်။ သူဟာ ခွဲစိတ်ကုသ ခံခဲ့ရပြီး ပူတင်ရဲ့ အိမ်တလုံးနဲ့ ဆက်နေတဲ့ ပုဂ္ဂလိကဆေးရုံတခုမှာ ကုသမှုခံယူနေတယ်လို့ အမည်မဖော်လိုသူရင်းမြစ်တွေကို ကိုးကားပြီး ရေးသားထားပါတယ်။

မော့တာဘာဟာ လိင်တူဆက်ဆံသူတဦးဖြစ်နိုင်တယ်ဆိုတဲ့ သတင်းထွက်လာတဲ့အချိန်မှာ အိမ်ဖြူတော်အဖွဲ့သားတွေ ပွဲကျကုန်ကြပါတယ်။ သူ့ရဲ့ဖြစ်တည်မှုက အမေရိကန်မှာ မဆန်းပေမယ့် လိင်တူချစ်သူတွေကို သေဒဏ်တောင် ပေးနိုင်တဲ့ နိုင်ငံမှာ ခေါင်းဆောင်တက်ဖြစ်နေတာက အကြီးဆုံးဟာသ ဖြစ်နေတာပါ။ သာမာန်ပြည်သူတဦးသာဆိုရင် အစတုံးခံရမှာဖြစ်ပေမယ့် အာဏာရှင်ခေါင်းဆောင်ကြီးရဲ့သားက ဥပဒေအထက်မှာ ရှိနေတယ်ဆိုတာကိုလည်း ထင်ရှားစေပါတယ်။

မော့တာဘာခါမေနီက IRGC ကွန်မန်ဒါဟောင်း အသက် ၇၁နှစ်ရှိ Mohsen Rezaei ကို စစ်ရေးအကြံပေးအဖြစ် ခန့်အပ်ကြောင်း အစိုးရပိုင် Mehr News Agency က ကြေငြာသွားပါတယ်။ သူက ၁၉၈၁ အသက် ၂၇ကတည်းက ခိုမေနီက IRGC ကိုဦးဆောင်ဖို့ ခန့်အပ်ခဲ့တာ ၁၉၉၇အထိပါပဲ။ သမ္မတရကပ ၅ကြိမ်ဝင်ပြိုင်ခဲ့တာမှာတော့ တခါမှ မနိုင်ခဲ့ပါဘူး။ လက်ရှိခေါင်းဆောင်တွေ မရှိကြတော့လို့ စစ်ခေါင်းဆောင်အိုကြီးကို ပြန်ဆွဲထုတ်လာတာများလားလို့ ထင်စရာပါ။

တီဟီရန်က organized command ပျက်စီးသွားတဲ့နောက် အီရန်မြို့ကြီးတွေမှာ IRGC နဲ့ရဲတွေ ပြေးကုန်ကြတာ၊ ပြည်သူနဲ့ ပူးပေါင်းကုန်ကြတာတွေ တနေ့တခြား မြင့်တက်လာနေပါတယ်။ လုံခြုံရေးတာဝန် ဆောင်ရွက်ရသူတွေကလည်း သူတို့ဟာ အထက်ကလူတွေအတွက် လူသားတံတိုင်းအဖြစ် ကာကွယ်ပေးနေရတာကို စိတ်ပျက် စိတ်နာကြတာက အဓိကကျတဲ့ တွန်းအားတခုဖြစ်ပြီး အစိုးရမှာ ပေးစရာပိုက်ဆံမရှိ/ လခမပေးနိုင်တော့လို့ စားဝတ်နေရေး ခက်ခဲကုန်တာက နောက်တွန်းအားကြီးတခု ဖြစ်ပါတယ်။

အခုဆိုရင် အရင်ပြည်သူကို ကြပ်ခဲ့တဲ့ checkpoint စစ်ဆေးရေးဂိတ်တွေ၊ ထောက်လှမ်းရေးရုံးတွေ၊ စစ်ကြောရေးစခန်းတွေက ပစ်မှတ်တွေဖြစ်လာပြီး အဖျက်ဆီးခံနေကြရပါပြီ။ အလှည့်ကျတော့ မနွဲ့ကြစတမ်းပေါ့။ ဒီနေ့မှာ အလီခါမေနီ စီးခဲ့တဲ့လေယာဥ်ကို တီဟီရန်လေဆိပ်မှာ ဖျက်ဆီးပစ်နိုင်ခဲ့တဲ့အတွက် အီရန်လေတပ် ရော ရေတပ်ရော ပြုန်းသလောက် ရှိနေပါပြီ။ အီရန်တို့က အဲဒီလေယာဥ်ကို စစ်လက်နက်သယ်ယူဖို့နဲ့ ဒေသတွင်း မဟာမိတ်များနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အသုံးပြုနေတယ်လို့ ဆိုကြပါတယ်။ ဖွက်ထားတာ ရှိသေးလို့ ထပ်ထွက်လာရင်လည်း စောင့်ကြည့်နေတဲ့ ရွှေလင်းယုန်များက ဖျက်ချဦးမှာပါ။

စစ်ဆင်ရေး တတိယပတ်ဝင်လာတဲ့အချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို အကြိမ်ပေါင်း ၇၆၀၀ကျော်နဲ့ လက်ဘနွန်ကို အကြိမ်ပေါင်း ၁၁၀၀ကျော် ပစ်ခိုက်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ကို တိုက်ခိုက်မှု ၇၆၀၀ကျော်ထဲမှာ ၂၀၀၀ကျော်က အီရန်အစိုးရရဲ့ အရေးကြီး အဆောက်အဦတွေ စစ်ဌာနချုပ်တွေကို တိုက်ခဲ့တာဖြစ်ပြီး ၄၇၀၀ခန့်က ဒုံးကျည်နဲ့ ဒရုန်းစက်ရုံတွေ သိုလှောင်ရုံတွေ လောင်ချာတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးမှာ အစိုးရထိပ်ပိုင်းအများစု အပါအဝင် ထောင်ချီတဲ့ စစ်ဖက် အစိုးရဖက်က သူတွေကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ Iran International ဆိုတဲ့ အတိုက်အခံမီဒီယာက အီရန်လုံခြုံရေးတပ်သား အနည်းဆုံး ၅၀၀၀ သေဆုံးပြီး ၁၅၀၀၀ကျော် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

လက်ဘနွန်ကို တိုက်ခဲ့တဲ့ အကြိမ်ပေါင်း ၁၁၀၀ကျော်ထဲမှာ Radwan အင်အားစုပစ်မှတ် ၁၉၀ခန့်၊ ဒုံးကျည်နဲ့ လောင်ချာပစ်မှတ်ပေါင်း ၂၀၀ကျော်၊ စစ်ဌာနချုပ်/ကွပ်ကဲရေးဌာန ၃၅ခုခန့်ကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ဟဇ်ဘိုလာအကြမ်းဖက်ပေါင်း ၃၈၀ကျော်ကို သုတ်သင်နိုင်ခဲ့ပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည် ၇ဦးနဲ့ လေယာဥ်မတော်တဆမှုကြောင့် ၆ဦး ကျဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူအရေအတွက်ကတော့ ယနေ့အထိ အနည်းဆုံး ၂၀၀ ဖြစ်ပါတယ်။ အစ္စရေးဘက်က စစ်သည် ၂ဦးနဲ့ အရပ်သား ၁၅ဦး သေဆုံးပြီး ၃၀၀၀ကျော် ဒဏ်ရာရရှိထားပါတယ်။ အစ္စရေးဖက်ကို အီရန်နဲ့ ဟဇ်ဘိုလာတို့က ဒုံးကျည်အစီးပေါင်း ၅၅၀ကျော် ပစ်ခတ်ခဲ့တာပါ။

အဲဒီ ဒေတာတွေကို ကြည့်ရင် အီရန်က နိုင်နေတယ်လို့ ဝါဒဖြန့်တာ ဖြစ်နိုင်/မဖြစ်နိုင် စဥ်းစားလို့ ရမှာပါ။

အရေးအကြီးဆုံးက အမေရိကန်နဲ့ အစ္စရေးဘက်မှာ ပစ်ခတ်လို့ရတဲ့ လက်နက်တွေ တိုက်ရေယာဥ် တိုက်လေယာဥ် အမျိုးပေါင်းများစွာ အလုံးရော အထည်ပါ မလျော့သေးသလို လက်နက်စက်ရုံတွေ ကလည်း လိုအပ်သလို ထပ်ထုတ်ပေးလို့ ရပါတယ်။ အီရန်မှာ စစ်မစခင် ဒုံးကျည် ၃၀၀၀အောက် ရှိတာကနေ ၂၄၁၀ သုံးပြီးပြီဖြစ်ပြီး လောင်ချာတွေရဲ့ ၇၅% ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ခရုအဆံကျွတ် ဖြစ်ဖို့ နီးနေပါပြီ။ ဒရုန်းတွေအတော်အတန်ကျန်နေသေးရင်တောင် အမေရိကန်မှာ ဒရုန်းသတ်ဒရုန်း ရှိနေပြီဖြစ်တဲ့အပြင် ဒရုန်းသက်သက်နဲ့ အစိုးရဆက်ရှင်သန်ဖို့မဖြစ်လို့ အဲဒီကဏ္ဍကလည်း သိပ်ပူစရာမလိုပါဘူး။ ဒုံးနဲ့ ကြိုကြားကြိုကြား တိုက်နေသေးပေမယ့် အဲဒါတွေကုန်သွားရင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ မေးခွန်းအတွက် သူတို့မှာ အဖြေရှိမယ်ထင်ပါသလား။

Leave a comment