အစ္စရေးတို့ရဲ့ လူဆိုးရှင်းလင်းတဲ့ပွဲမှာ ဒီနေ့အလှည့်ကျသူက အီရန်ထောက်လှမ်းရေးဝက Esmaeil Khatib ဖြစ်ပါတယ်။ သူသည်လည်း ဆန္ဒပြသူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ အဓိကတရားခံတဦး ဖြစ်သလို ကမ္ဘာတလွှားက အကြမ်းဖက်တွေကို ဦးဆောင်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ကို တိုက်ခိုက်စေသူ ဖြစ်ပါတယ်။ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့သူကို စေလွှတ်ခဲ့တာလည်း သူပါပဲ။
အစ္စရေးတပ်တွေဟာ အီရန်နဲ့ သူ့ရဲ့ proxy ဖြစ်တဲ့ လက်ဘနွန်က ဟဇ်ဘိုလာ ပစ်မှတ်တွေကို ဒီနေ့ လက်ဆောင်အကြီးကြီးပေးသွားဖို့ရှိတယ်လို့ အစ္စရေးကာဝန် Katz က ပြောသွားပါတယ်။ ဘီဘီနဲ့ ကက်ဇ်တို့က အီရန်ထိပ်ပိုင်းလက်ကျန်တွေကို ဆက်ရှင်းဖို့ အထက်ကို အမိန့်ထပ်တောင်းနေစရာ မလိုအောင် ခွင့်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်အဆိုးရရဲ့ Basij တပ်တွေဟာ အစ္စရေးတို့ရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကို ရှောင်ရှားဖို့ တံတားအောက်တွေ၊ အားကစားရုံတွေမှာ ပုံးအောင်းနေရာယူထားကြသလို ကင်းလှည့်ရင်လည်း တက္ကစီကားတွေနဲ့ လှည့်နေကြတာပါ။ ဒါပေမယ့် သူတို့ရှိနေတဲ့နေရာတွေကို ပြည်သူတွေက သတင်းပေးကြသလို လက်နက်ရှိတဲ့ပြည်သူတွေကလည်း ညဖက်မှာ ကားတွေနဲ့ checkpoint တွေကို ပတ်ပစ်နေကြတဲ့အတွက် တပ်သားတွေ တနေ့ထက်တနေ့ လျော့လျော့လာနေတာဖြစ်ပါတယ်။ သူတို့ရဲ့ checkpoint တွေဟာ အရင်က ၁-၂ကီလိုမှာ တခုကျ ရှိခဲ့ပေမယ့် အခုတော့ အများကြီး ကျဲသွားပါပြီ။ ဗီဒီယိုတခုမှာ သူတို့လမ်းပေါ်ရှိနေတုန်း ပြည်သူတဦးက ဝရန်ဒါကနေ ဒရုန်းသံပေးလိုက်တာနဲ့ ပြေးကုန်ကြတော့တာပါ။
Basij တပ်တွေဆိုတာက တကယ့်စစ်တပ်မဟုတ်ပါဘူး။ IRGC ရဲ့အောက်က လက်ကိုင်ဒုတ် စစ်သွေးကြွတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်သဘောမျိုးပါ။ ပြည်သူ့စစ်ဆိုတာကတော့ ပျူစောထီးတပ်တွေလို အမည်ခံပါပဲ၊ ပြည်သူဖက်ကမရပ်ပါဘူး။ တက္ကသိုလ်တွေမှာ ပုန်ကန်သူတွေမရှိ/မစုရုံးမိအောင် စောင့်ကြည့်တာတွေ၊ ဆန္ဒပြသူတွေကို နှိမ်နှင်းတာတွေအပြင် မိန်းမတွေ ခေါင်းမြှီးမခြုံတာမျိုးတွေအစ လိုက်ကြပ်နေကြတဲ့ အင်အားစုတွေပါ။
သူတို့ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားပေမယ့် ရာထူးအဆင့် တခုရောက်မှ အစိုးရဆီက ထောက်ပံ့ကြေးရတာဆိုတော့ ကျန်အဆင့်တွေက ပြည်သူအပေါ် လူမိုက်လုပ် မိုက်ကြေးခွဲပြီးပဲ စားရမှာပါ။ အာဏာရှင်နိုင်ငံတိုင်းမှာ အဲဒီလို လူမိုက်တွေ တမင် မွေးထားကြပါတယ်။ ဒီမိုကရက်တွေ လူမိုက်တွေ ရာဇဝတ်ကောင်တွေကို သိပ် ပ’စားပေးတာလည်း အဲဒီသဘောပါပဲ။ IRGC က တပ်အင်အား တသိန်းခွဲမှာ Basij က ၄သိန်းခွဲလောက် ရှိ(ခဲ့)တာပါ။ အများစုက လခစားတွေ မဟုတ်ကြပေမယ့် တနှစ်ကို ဘတ်ဂျက်ဒေါ်လာသန်းတရာကျော် ရနေတဲ့အဖွဲ့ကြီးပါ။
IRGC ကတော့ လက်ကျန်အစုတ်အပြတ်လေးတွေနဲ့ ပစ်နေရပါပြီလို့ IDF ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် Ronen Bar က ဆိုပါတယ်။ IRGC တွေအောင်းတဲ့လှိုဏ်ခေါင်းတွေဟာ တနေ့ထက်တနေ့ ဖြိုဖျက်ပိတ်ပစ်တာခံနေရပြီး ဒုံးကျည်တွေထပ်ရမယ့်လမ်းတွေကိုလည်း အကုန်ပိတ်ထားပြီး လောင်ချာတွေပါ ဖျက်ဆီးပြီးဖြစ်လို့ ပြန်အင်အားကောင်းလာမယ့် လက္ခဏာ တခုမှမရှိဘူးလို့လည်း ပြောသွားပါတယ်။
မနေ့က အစ္စရေးကို အီရန်ကပစ်တဲ့ Khorramshahr ပဲ့ထိန်းဒုံးကျည်လို cluster munition တွေဟာ အရပ်သားတွေအများအပြားထိခိုက်နိုင်ပြီး ထိခိုက်မှုကိုထိန်းချုပ်ဖို့ မဖြစ်နိုင်တာကြောင့် Geneva Convention ကရော နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကပါ ပြင်းပြင်းထန်ထန် တားမြစ်ထားတာ ဖြစ်ပါတယ်။ ကျပြီးမပေါက်ကွဲပဲ ကျန်နေတာတွေကလည်း တချိန်ချိန်မှာ ပေါက်ကွဲလာနိုင်တာကြောင့် ရေရှည်အန္တရာယ် ရှိနေစေတာပါ။ လူနေထူထပ်တဲ့နေရာတွေမှာ မသုံးဖို့ တရားမဝင်အဖြစ် တားမြစ်ထားပါတယ်။
မနေ့က အစ္စရေးမြို့တော်ကို အီရန်က cluster munition နဲ့ပစ်ခတ်ခဲ့တဲ့အတွက် အစ္စရေးက ဒေါသထွက်ပြီး အီရန်ရဲ့ ကမ္ဘာ့အကြီးဆုံး South Pars ဓါတ်ငွေ့သိုက်ကို သွားတိုက်ခိုက်ခဲ့ပါတယ်။ အီရန်တနိုင်ငံလုံးကထွက်တဲ့ ဓါတ်ငွေ့အားလုံးရဲ့ ၇၀-၈၀% နဲ့ တိုင်းပြည်လျှပ်စစ်ဓါတ်အားရဲ့ ၈၀% က အဲဒီ South Pars ဓါတ်ငွေ့သိုက်ကလာတာဖြစ်တော့ ခါတိုင်းလို အီရတ်ကို လျှပ်စစ် ကီလိုဝပ် ၄၀၀၀-၅၀၀၀ တင်ပို့နေတာတွေကို ရပ်တံ့လိုက်ရပါတယ်။ မီးပျက်တာတွေ ဖြစ်လာနိုင်တဲ့သဘောပါ။ South Pars က ကမ္ဘာ့အကြီးဆုံး LNG တင်ပို့သူ ကာတာရဲ့ ဓါတ်ငွေ့သိုက်နဲ့ ဆက်နေတာပါ။
South Pars ကိုတိုက်တာကို အီရန်က လက်တုန့်ပြန်တဲ့အနေနဲ့ ကာတာက Ras Laffan စက်မှုဇုံက LNG တင်ပို့တဲ့ terminal ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဒီညတင် ၂ကြိမ်ရှိသွားပါပြီ။ ကာတာရဲ့ လေကြောင်းကာကွယ်ရေးက လာသမျှ ဖျက်ချပေးနေပေမယ့် အနည်းဆုံး တခုကတော့ ထိခဲ့တဲ့အတွက် အပျက်အစီးတွေ ရှိခဲ့ပြီး လူတွေကယ်ထုတ်ခဲ့ရပါတယ်။ ဒီလအစောပိုင်းကလည်း အီရန်က Ras Laffan ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ထုတ်လုပ်မှုရပ်နားလိုက်ရပြီး ကမ္ဘာ့ LNG supply ရဲ့ ၂၀% ထိခိုက်သွားခဲ့တာပါ။ အဆိုပါစက်ရုံမျိုးတွေဟာ ထုတ်လုပ်မှုရပ်နားလိုက်ရရင် ပြန်စဖို့အတွက် ရက်သတ္တပတ်အနည်းငယ် ကနေ တလကျော်အထိ ကြာနိုင်တာဖြစ်ပါတယ်။
သမ္မတထရမ့်က အစ္စရေးက အရှေ့အလယ်ပိုင်းမှာ ဖြစ်ခဲ့တာတွေအပေါ် ဒေါပွပြီး South Pars ကို သွားတိုက်ခဲ့တာဖြစ်ကြောင်း၊ တခုလုံးမှာ အစိတ်အပိုင်းတခုပဲ ထိမှန်ခဲ့တယ်လို့ သိရကြောင်း၊ အဲဒီလို တိုက်ခဲ့တာကို အမေရိကန်ဘက်က လုံးဝမသိခဲ့ကြောင်း၊ ကာတာနိုင်ငံကလည်း အဲဒီတိုက်ခိုက်မှုမှာ လုံးဝ ပါဝင်ခြင်းမရှိခဲ့ကြောင်း၊ တိုက်မယ်ဆိုတာကိုတောင် မသိခဲ့ကြောင်း၊ အီရန်ကလည်း အဲဒါတွေကို မသိတဲ့အတွက် ကာတာကို မမျှမတ ပြန်တိုက်ခဲ့ကြောင်း၊ အခုအချိန်ကစပြီး အရေးပါပြီး တန်ဖိုးရှိတဲ့ South Pars ဓါတ်ငွေ့သိုက်ကို အစ္စရေးက လုံးဝတိုက်မှာမဟုတ်တော့ကြောင်း၊ ဒါပေမယ့် အီရန်ဘက်က အပြစ်မရှိတဲ့ ကာတာလိုနိုင်ငံမျိုးကို ဆက်တိုက်နေမယ်ဆိုရင် အစ္စရေးပါပါ မပါပါ အမေရိကန်က South Pars ဓါတ်ငွေ့သိုက်ကြီးတခုလုံးကို မင်းတို့တသက် မမြင်ဘူးတဲ့အင်အားနဲ့ ဖောက်ခွဲပစ်မယ်လို့ သတိပေးလိုက်ကြောင်း၊ ငါ့ရဲ့သဘောက အီရန်ရဲ့ အနာဂတ်အတွက် အဲဒီလောက် ပြင်းထန်တဲ့ ဖျက်ဆီးမှုမျိုး လုပ်ဖို့ဆန္ဒမရှိကြောင်း၊ ကာတာရဲ့ LNG ထပ်အတိုက်ခိုက်ခံလာရရင်တော့ ငါ့အနေနဲ့ လက်နှေးနေမှာမဟုတ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးရေးသားသွားပါတယ်။
ကာတာက ယခုလိုတိုက်ခိုက်မှုဟာ သူ့နိုင်ငံရဲ့ လုံခြုံရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်လိုက်တာ ဖြစ်တဲ့အတွက် အီရန်စစ်သံမှူးကို နှင်ထုတ်လိုက်ပါတယ်။ အာရပ်နိုင်ငံတွေကလည်း အီရန်ကို အမေရိကန်နဲ့ အစ္စရေးကို မနိုင်တိုင်း သူတို့ကို လှည့်ရမ်းနေလို့ရော ဟော်မုဇ်ကို အနုကြမ်းစီးထားလို့ပါ စိတ်ကုန်နေကြတဲ့အတွက် ဒီစစ်ပွဲကို အပြီးဖြတ်စေချင်နေကြပြီလို့ သတင်းတွေထွက်နေပါတယ်။ အာဏာရှင်လက်ငုတ်လက်ရင်းတွေ ကျန်နေရင် ဒေသတွင်းပြဿနာက အေးမှာမဟုတ်လို့ပါ။
ထရမ့်နဲ့ သူ့ရဲ့ အမေရိကန်တပ်တွေက စစ်ရေးပစ်မှတ်နဲ့ လက်ကျန်အစိုးရ ငွေမဝင်အောင်လောက်ပဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောင်တက်လာမယ့် ပြည်သူ့အစိုးရနဲ့ ပြည်သူတွေအတွက် အကျိုးပြုနိုင်တဲ့ တိုင်းပြည်ရဲ့ ဝင်ငွေရင်းမြစ်တွေကို အမြဲရှောင်ပြီး တိုက်ခိုက်ခဲ့တာပါ။
သမ္မတထရမ့်ကလည်း အမေရိကန်က အဲဒီဒေသက စွမ်းအင်အပေါ် မှီခိုနေရတာမဟုတ်ပေမယ့် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အမေရိကန်တဦးတည်းက တာဝန်ထမ်းနေရတာ တော်လောက်ပြီဆိုပြီး အဲဒီနားတဝိုက် ပက်ထရိုလှည့်တာတွေ ရပ်ဆိုင်းဖို့ စဥ်းစားနေတာပါ။
အဲဒီတော့မှ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Mark Rutte က မဟာမိတ်တွေဟာ ဒီရေလက်ကြား chokepoint ကို ဘယ်လိုပြန်ပွင့်အောင် လုပ်ရမလဲဆိုတာ အပူတပြင်း နည်းလမ်းရှာနေကြပြီလို့ ဝန်ခံ သွားပါတယ်။ စွမ်းအင်အကြပ်အတည်းဖြစ်ရင် အရင်ဆုံးခံရမှာ သူတို့တွေပါ၊ အမေရိကန်မဟုတ်ပါဘူး။
နေတိုးမဟာမိတ်တွေလို့ ဆိုတဲ့ပြင်သစ်နဲ့ စပိန်တို့က B-1B ဗုံးကြဲလေယာဥ်အပါအဝင် အမေရိကန် စစ်လေယာဥ်တချို့ သူတို့လေပိုင်နက်ထဲ ပျံသန်းတာကို ကန့်သတ်လိုက်တဲ့အပြင် သူတို့မြေပေါ်က နေတိုးစစ်စခန်းတွေ အသုံးပြုမှုကိုလည်း ကန့်သတ်ထားပါတယ်။ ဥရောပခေါင်းဆောင်တွေနဲ့ တသဘောထဲဖြစ်တဲ့ အိုဘမနဲ့ ဘိုင်ဒန်တို့တုန်းက လေယာဥ်ပျံတွေမှာ ထိုင်ခုံတွေဖြုတ်ပြီး ဘီလီယံချီတဲ့ ငွေသားအပြည့်နဲ့ အီရန်ကို သွားပသခဲ့တဲ့အထိ အာဏာရှင်ကို ဖင်မခဲ့ကြတာဖြစ်ပါတယ်။
အီရန်သင်္ဘောလေးတစီးဟာ အာရေဗျပင်လယ်မှာ ရှိနေတဲ့ USS Abraham Lincoln လေယာဥ်တင် သင်္ဘောကြီးဆီကို ဦးတည်ပြီးတည့်တည့်ဝင်လာနေလို့ ဖျက်သင်္ဘောက ပစ်ခတ်သတိပေးခဲ့ပါတယ်။ အီရန်သင်္ဘောက မရပ်တဲ့အတွက် MH-60R Seahawk ရဟတ်ယာဥ်က AGM-114 Hellfire ဒုံးကျည် ၂စင်းနဲ့ လှမ်းပစ်လိုက်တော့မှ တိုက်ရိုက်ထိပြီး ပွဲသိမ်းသွားတာပါ။ USS Gerald Ford မှာ မတော်တဆ မီးလောင်မှုဖြစ်ခဲ့လို့ ပြုပြင်ရန်အတွက် ဂရိစ်က စစ်စခန်းကို သွားနေပြီဖြစ်ပါတယ်။ သူ့နေရာကို ဝင်ဖို့ USS George H.W. Bush က အရှေ့အလယ်ပိုင်းကို လာရောက်နေပြီဖြစ်ပါတယ်။