အီရန်မှာ စစ်ဆင်ရေးသွားခဲ့တဲ့ F-35 တိုက်လေယာဥ်ဟာ အရှေ့အလယ်ပိုင်းက အမေရိကန် စစ်အခြေစိုက်စခန်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေသူရဲဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေကြောင်းနဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း CENTCOM ပြောရေးဆိုခွင့်ရှိသူက ရှင်းသွားပါတယ်။ IRGC က သူတို့ပစ်ချတာပါ၊ ပျက်ကျဖို့များပါတယ်လို့ ဗီဒီယိုတင်ထားပေမယ့် အဲဒီဗီဒီယိုထဲမှာ လေယာဥ်ကို ဖျက်ချတဲ့ ဒုံးက ပေါက်ကွဲတာကို ပြနေပေမယ့် လေယာဥ်ကို ထိထားတာ မတွေ့ရသလို ဒီစစ်ဆင်ရေး စကတည်းက အီရန်ဘက်က အမေရိကန်/အစ္စရေးလေယာဥ်တွေကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တာလည်း တစီးမှမရှိခဲ့ဘူးဆိုတော့ ဗီဒီယိုအစစ်မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
မတ်လ ၁၇ရက်နေ့က သုတ်သင်ခံလိုက်ရတဲ့ စစ်ခေါင်းဆောင် လာရီဂျာနီရဲ့ နေရာမှာ အသက် ၆၈နှစ်ရှိ ကာဝန်ဟောင်း Hossein Dehghan ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဟိုစိန်က ကာဝန်ရာထူးက အနားယူခဲ့တာ မဟုတ်ပါဘူး၊ ပြုတ်ခဲ့တာပါ။ သူ့လက်ထက် ၂၀၁၃-၁၇မှာ စာမျက်နှာ ၅၅,၀၀၀ ကျော်နဲ့ စီဒီ ၁၈၃ချပ် ရှိတဲ့ အီရန်ရဲ့ နျူနဲ့ပတ်သက်တဲ့ မှတ်တမ်းအားလုံးကို အစ္စရေးတို့ ခိုးထုတ်နိုင်ခဲ့လို့ အီရန်အကြီးအကျယ် အရှက်ရခဲ့တာပါ။ အဲဒါကြောင့် ခါမေနီက ဒေါပွပြီး ဟိုစိန်ကို အနားပေးခဲ့ပါတယ်။ ဒီလူဟာ ဘေရွတ်က မဟာမိတ်စစ်စခန်းကို ၁၉၈၃က ဗုံးကြဲခဲ့ရာက အမေရိကန် စစ်သည် ၂၄၁ဦး သေဆုံးခဲ့မှုနဲ့ ယခင်ထရမ့်အစိုးရက ၂၀၁၉မှာ ဆန်ရှင်ချထားခဲ့ပါတယ်။ တချို့က ဒီလို လုံခြုံရေးပေါ့ဆသူကို ခန့်တယ်ဆိုတာ သူတို့ထဲမှာ ဘာမှမကျန်တော့တဲ့သဘောလို့ မြင်ကြပေမယ့် သူ့ကြောင့် ကျဆုံးခဲ့ရတဲ့ အမေရိကန်စစ်သည်တွေအတွက် သွေးကြွေးဆပ်ဖို့ အခွင့်အလမ်းတခုလို့ မြင်ရင်လည်း ရတာပါပဲ။
အစ္စရေးတပ်တွေဟာ Basij တပ်တွေ စစ်ကားတွေကို ခတ်စိပ်စိပ် ရှင်းလင်းလာနေတဲ့အတွက် လာရီဂျာနီနဲ့ တနေ့တည်း သုတ်သင်ခံရတဲ့ Basij ကွန်မန်ဒါချုပ် ဂိုလမ်ရီဇာဆိုလေမာနီနေရာကို ယာယီ တာဝန်ဝင်ယူသူဟာလည်း ဒီနေ့သုတ်သင်ခံရပြန်ပြီလို့ သိရပါတယ်။ တရားဝင်ခန့်ထားခြင်း အမည်ဖော်ပြထားခြင်းတော့ မရှိပါဘူး။
IDF က ကက်စပီယံပင်လယ်မှာရှိနေတဲ့ အီရန်ဖရီးဂိတ်တိုက်သင်္ဘောတစီးကို နစ်မြှုပ်ပစ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ဆိပ်ကမ်း၊ သင်္ဘောကျင်း၊ ကွန်မန်းစင်တာတွေနဲ့အတူ အခြားစစ်ရေယာဥ်တွေ၊ ဒုံးကျည်တင်ထားတဲ့ မော်တော်ဘုတ်တွေနဲ့ ရေတပ်အဆောက်အဦတွေပါ ဖျက်ဆီးခံလိုက်ရတာပါ။ ဒီစစ်ဆင်ရေးစကတည်းက အီရန်မြောက်ပိုင်းကို ပထမဆုံးအကြိမ် ထိုးစစ်ဆင်တာဖြစ်ပါတယ်။ ကက်စပီယံဆိပ်ကမ်းမြို့တခုဖြစ်တဲ့ အီရန်ရဲ့ Bandar Anzali ဟာ ရုရှားကလက်နက်တွေ အီရန်ကို ဝင်တဲ့ အဓိကနေရာဖြစ်တာကြောင့် အဲဒီက ပစ်မှတ်တွေကို ဖျက်ဆီးလိုက်တာဟာ စစ်ရက်ရှည်စေမယ့် အသက်သွေးကြောတခုကို ဖြတ်လိုက်တာပဲဖြစ်ပါတယ်။
အာရှအလယ်ပိုင်း တရုတ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ တာဂျီကစ္စတန်ကနေ ထရပ်ကား ၁၁၀ကျော်က ဆေး၊ စားကုန်နဲ့ သန့်စင်ပစ္စည်းစတဲ့ တန် ၃၆၁၀ရှိ လူသားချင်းစာနာမှု အထောက်အကူပစ္စည်းတွေ ပေးဖို့ဆိုပြီး ထရပ်ကားပေါင်း ၁၁၀ အီရန်ထဲကို ဝင်ရောက်လာတယ်လို့ သတင်းထွက်နေပါတယ်။ တာဂျီကစ္စတန်ရဲ့ အနောက်ဖက်က Dushanbe မြို့မှာ အီရန်ရဲ့ ဒရုန်းစက်ရုံတခုဟာ ၂၀၂၂ကတည်းက စတင်လည်ပတ်နေတယ်လို့လည်း ဖော်ပြထားပေမယ့် အဲဒီကထုတ်တာက ရှာဟက်လို ကာမီကာဇီဒရုန်းမျိုးမဟုတ်ပဲ ကီလို ၁၀၀လောက်ပဲသွားနိုင်တဲ့ အသေးစားဒရုန်းမျိုးလို့ ဆိုပါတယ်။ တရုတ်စက်ရုံတွေက ရှာဟက်လို ကာမီကာဇီဒရုန်းတွေ အသည်းအသန်ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းမကြာသေးခင်က တွေ့ထားတော့ အဲဒီကဟာတွေ ဝင်လာတာမျိုးဆိုရင် မဟာမိတ်တပ်တွေက တခုခုတော့ လုပ်လိမ့်မယ်လို့ ယူဆရပါတယ်။
အစ္စရေးက အီရန်ရဲ့ South Pars ကို သွားတိုက်အပြီးမှာ အစ္စရေးတောင်ဖက်ကို အီရန်ဒရုန်းတွေ အစုအပြုံလိုက် တိုက်ခိုက်လာတဲ့အတွက် အဲဒါကို တန်ပြန်ဖို့ အမေရိကန် တိုက်ရဟတ်ယာဥ် Boeing Apache AH-64E တွေကို ပို့လွှတ်ထားပါတယ်။ အဆိုပါ တိုက်ရဟတ်ယာဥ်တွေမှာ 30mm chain guns တွေနဲ့ အပေါ့စားစတင်ဂါဒုံးကျည်တွေ ပါဝင်တဲ့အတွက် ဒရုန်းတွေကို တိုက်ခိုက်ဖို့ အကုန်သက်သာတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။
အီရန်ရဲ့ စစ်နဲ့မဆိုင်ပဲ ရမ်းတာကို ခံနေရတဲ့ ဆော်ဒီက အာရပ်နဲ့ အစ္စလာမ္မစ်နိုင်ငံ ၁၂နိုင်ငံက နိုင်ငံခြားရေးဝကတွေနဲ့ ထိပ်တန်းသံတမန်တွေကို အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ တက်ရောက်တဲ့ နိုင်ငံတွေက ဆော်ဒီ၊ တူရကီ၊ ကာတာ၊ ပါကစ္စတန်၊ ဂျော်ဒန်၊ ဘာရိန်း၊ ယူအေအီး၊ ကူဝိတ်၊ အီဂျစ်၊ အဇာဘိုင်ဂျန်၊ ဆီးရီးယားနဲ့ လက်ဘနွန်တို့ ဖြစ်ပြီး သူတို့က အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုတွေအတွက် အပြည့်အဝ တာဝန်ရှိကြောင်း၊ အီရန်ရဲ့ ရန်လိုမှုကို ချက်ခြင်းနဲ့ ချွင်းချက်မရှိ ရပ်တံ့ပေးဖို့ တောင်းဆိုကြောင်း၊ ဆက်ပြီးတိုက်ခိုက်နေဦးမယ်ဆိုရင် အိမ်နီးချင်းတွေနဲ့ရော မူဆလင်ကမ္ဘာကြီးနဲ့ပါ ဆက်ဆံရေး ပျက်ပြားမှာဖြစ်ကြောင်း ပူးတွဲကြေငြာလိုက်ကြပါတယ်။ မနေ့ကမှ အကြီးအကျယ်ထိထားတဲ့ ကာတာကတော့ အမေရိကန် အစ္စရေးနဲ့ အီရန်တို့ကို စစ်ကျယ်ပြန့်မလာဖို့ တောင်းဆိုထားပါတယ်။
ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က “သတင်းမီဒီယာတွေမှာ သိပ်မတွေ့ရပေမယ့် သူတို့မြင်နေရတာက အီရန်အစ္စလာမ္မစ်အစိုးရအဆင့်ဆင့်ကလူတွေ ထွက်ပြေးနေကြပါပြီ၊ အီရန်အစိုးရက မကြာခင် ပြိုလဲတော့မှာပါ၊ အီရန်နိုင်ငံထဲက သူတို့ငွေတွေ ဘယ်ကိုလွှဲ/ ပို့တယ် ဆိုတာကို ဘဏ္ဍာရေးဝကဌာနက အကုန်လုံးစောင့်ကြည့်မှတ်သားထားတာဖြစ်ပြီး အီရန်ပြည်သူတွေဆီ ပြန်ရောက်အောင် လုပ်ပေးမယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ရေနံဈေးတက်တာကို ယာယီကုစားဖို့အတွက် အမေရိကန်မှာ ပလန်ရှိပြီးသားဖြစ်ကြောင်း၊ ဆန်ရှင်လုပ်ထားတဲ့ အီရန်ရေနံတွေကို တင်ဆောင်လာတဲ့ (တရုတ်ကို ဦးတည်ခဲ့တဲ့) ရေနံတင်သင်္ဘော တွေကို အမေရိကန်တွေက ထိန်းသိမ်းထားတာ စည်သန်း၁၄၀လောက်ရှိကြောင်း၊ အဲဒါတွေကို ရုရှားရေနံတွေကို လုပ်ခဲ့သလိုပဲ လာမယ့်ရက်တွေမှာ ဆန်ရှင်ဖယ်ပေးလိုက်မယ်ဆိုရင် ၁၀ရက်ကနေ ၂ပတ်လောက်အထိ ရေနံဈေးငြိမ်သွားမှာဖြစ်ကြောင်း၊ တခြားနည်းလမ်းတွေလည်း ရှိပါသေးကြောင်း၊ အရင်အပတ်က G7 နိုင်ငံတွေက စည်သန်း၄၀၀ ထုတ်ပေးခဲ့တာဟာ သမိုင်းမှာအကြီးဆုံးဖြစ်ပြီး တနိုင်ငံချင်း ထပ်ထုတ်ပေးလို့ ရသေးသလို အမေရိကန်တဦးတည်းကလည်း ထပ်ထုတ်ပေးနိုင်ကြောင်း၊ အခုလိုထုတ်ပေးတာက future market တွေကို မထိပဲ အီရန်ကို ဖိအားပေးထားစဥ်မှာ အမေရိကန်နဲ့ မဟာမိတ်တွေကို ရေနံအခက်အခဲမရှိအောင် ပံ့ပိုးပေးတဲ့သဘောဖြစ်ကြောင်း စကော့ဘက်ဆန့်က ပြောသွားပါတယ်။
နေတိုးထွေတွင်းချုပ် Mark Rutte က အီရန်ဟာ နျူ/ ပဲ့ထိန်းဒုံးပိုင်လို့မဖြစ်ဖူးဆိုတာကို နေတိုးအဖွဲ့ဝင် အားလုံးက လက်ခံထားပြီးသားဖြစ်ကြောင်း၊ အမေရိကန်နဲ့ အစ္စရေးတို့ အခုလုပ်နေတာလည်း အီရန် နျူမပိုင်နိုင်အောင် လုပ်တာဖြစ်လို့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အစ္စရေးတို့အတွက် အလွန်အရေးကြီးပါကြောင်း၊ ဟော်မုဇ်အမြန်ဆုံး ပြန်ပွင့်ဖို့အတွက် နေတိုးအဖွဲ့ဝင်တွေဟာ သူတို့အချင်းချင်းကြားမှာရော အမေရိကန်နဲ့ပါ အကြိတ်အနယ် ဆွေးနွေးနေကြကြောင်း၊ မဟာမိတ်တွေဟာ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။ ဂျပန်ကလည်း အမေရိကန်နဲ့အတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို အာဂျင်တီးနားကလည်း ဖရီးဂိတ် ၂စီး လွှတ်ထားပြီးဖြစ်ပါတယ်။
ဂျပန်ရှိ အမေရိကန်စစ်စခန်းကနေ ထွက်ခွာလာတဲ့ ကမ်းတက်တိုက်ရေယာဥ် USS Tripoli အုပ်စုဟာ ၁၈ရက်နေ့က မလက္ကာရေလက်ကြားကို အရှိန်ပြည့် ခုတ်မောင်းဖြတ်သန်းပြီး အရှေ့အလယ်ပိုင်းကို ဦးတည်သွားနေပြီလို့ သိရပါတယ်။ USS Tripoli ဟာ အပေါ့စားလေယာဥ်တင်သင်္ဘောဖြစ်ပြီး သူ့မှာ F-35B Lightning II stealth jet အစီး၂၀နဲ့ ရဟတ်ယာဥ်တွေ ကမ်းကပ်ရေယာဥ်တွေ ပါဝင်ပါတယ်။ အီရန်ဘက်က အလျော့မပေးသေးလို့ လိုအပ်လာရင် Kharg ကျွန်းပေါ်က ရေနံလှောင်ကန်တွေ ပိုက်လိုင်းတွေကို ဖျက်ဆီးပစ်မယ့်အစား သိမ်းပိုက်လိုက်နိုင်ရင် အစ္စလာမ္မစ်အစိုးရကလွဲလို့ အားလုံးအတွက် အကျိုးရှိမှာဖြစ်ပါတယ်။ လောလောဆယ် ဘာဖြစ်လာမယ်ဆိုတာ မသိသေးပေမယ့် လိုအပ်လာရင် သုံးဖို့အတွက် ကမ်းတက်တပ်က ရောက်လာတော့မှာပါ။
ဇန်နဝါရီဆန္ဒပြပွဲမှာ ပါဝင်ခဲ့မှုနဲ့ နဘမ်းချန်ပီယံ ၁၉နှစ်သား Saleh Mohammadi ဟာ ဒီနေ့ အများရှေ့မှာ ကြိုးပေးအသတ်ခံလိုက်ရပါတယ်။ ဩစတေးလျမှာ ခိုလှုံခွင့်ယူထားတဲ့ အီရန်အမျိုးသမီးဘောလုံး အသင်းဝင် ၇ဦးထဲက ၅ဦးဟာ မိသားစုဝင်တွေ ပျောက်သွားတယ်/ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ သတင်းရအပြီးမှာ ခိုလှုံခွင့်ရုတ်သိမ်းပြီး ပြန်လာခဲ့ရပါတယ်။ အဲဒီလောက် ပြည်သူကို ဖိနှိပ်ခဲ့လို့လည်း ပြည်သူ့သတင်းပေးမှုနဲ့ တယောက်ပြီးတယောက် ငရဲပြည်ရောက်ကုန်ကြတာပါ။