Operation Epic Fury (25)

ဒီကနေ့ အစ္စရေးရဲ့ ဒရုန်းနဲ့ ရှင်းလင်းခံရသူ ၂ဦးက IRGC ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ali Mohammad Naini နဲ့ ၂၀၂၀တုန်းက နပမ်းချန်ပီယံ Navid Afkari ကို သေဒဏ်ပေးခဲ့တဲ့ (မ)တရားသူကြီး Mohammad Khosravani တို့ ဖြစ်ပါတယ်။ အဆိုးရကို ဆန့်ကျင်သူတွေ အတော်များများကို သေဒဏ်ပေးခဲ့တဲ့ ခိုစရာဗာနီကို သူ့ကားထဲမှာရှိနေစဥ် ဒရုန်းနဲ့ ရှင်းလိုက်တာဖြစ်ပါတယ်။ မနေ့က လူမြင်ကွင်းမှာ ကြိုးပေးခံခဲ့ရတဲ့ နပမ်းချန်ပီယံလေးကို သေဒဏ်ပေးတာ သူဟုတ်/မဟုတ် မသိရပေမယ့် အာဏာရှင်အောက်ဆွဲများထုံးစံအတိုင်း အစိုးရကိုဆန့်ကျင်လို့ သေဒဏ်ချခံရတယ် ဆိုတာမျိုး အမြင်မခံလိုကြပါဘူး။ အဲဒါကြောင့် ဘုရားသခင်ကို စစ်ဆင်သူလို့ ဝန်ခံလာအောင် နှိပ်စက်ပြီးမှ အဲဒီအမှုနဲ့ သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

တန်းဝင်တဲ့ အားကစားသမားတဦး ဖြစ်လာအောင် နှစ်ပေါင်းများစွာ အချိန်ပေးကြိုးစားရင်တောင် အောင်မြင်သူတဦးဖြစ်လာဖို့က ခက်ခဲပါသေးတယ်။ အခုလို နိုင်ငံ့ဂုဏ်ဆောင် ချန်ပီယံဖြစ်လာပြီးမှ မကောင်းတဲ့သူကို မကောင်းမြင်မှုနဲ့ အသတ်ခံရတာက နှမျောစရာကောင်းလွန်းပါတယ်။ သူတို့ ဥပဒေအရ သေဒဏ်ကျသင့်တာ ထင်ရှားတဲ့ မော့ဂျ်တာဘာကိုကျတော့ မသတ်တဲ့အပြင် မျိုးဆက် ကျန်အောင် ပိုက်ဆံတွေအများကြီးအကုန်ခံလုပ်ခဲ့တဲ့အပြင် သူတို့ဘုရားလိုကိုးကွယ်ရတဲ့ ဘာသာရေးနဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ်တောင် တင်လိုက်သေးတာပါ။

နောက်ထပ်ရှင်းလင်းခံရသူတဦးဖြစ်တဲ့ Basij Spymaster Ismail Ahmadi က အမည်ဆိုးနဲ့ကျော်ဇောတဲ့ Basij လူမိုက်တပ် ရဲ့ ကြမ်းကြုတ်ရက်စက်သူထောက်လှမ်းရေးခေါင်းဖြစ်ပြီး ဆိုလေမာနီနဲ့အတူ ရှင်းတဲ့ထဲပါသွားတာ ဖြစ်ပေမယ့် အခုမှ IDF က အတည်ပြုတာပါ။ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နှင်း၊ စောင့်ကြည့်၊ ဖမ်းဆီး၊ နှိပ်စက်တာတွေ လုပ်ခဲ့သူ/ ခိုင်းစေခဲ့သူဖြစ်ပါတယ်။ အပြစ်မဲ့ ပြည်သူတွေအပေါ် ရက်စက်ခဲ့ကြသူတွေ တယောက်ပြီးတယောက် အလှည့်ကျကြတော့မှာပါ။

မနေ့က စကော့ဘက်ဆန့်ပြောခဲ့သလိုပဲ အထဲမှာ တပ်ပျက်နေပြီဆိုတာ အာဖဂန်ဘက် ပြေးကြတဲ့ သူတွေလည်း များလာသလို လက်ရှိလုပ်ကိုင်နေသူတွေထဲမှာလည်း ပွတ်တိုက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ IR ရဲတပ်ဖွဲ့ရဲ့ ကွန်မန်ဒါချုပ် Ahmad-Reza Radan နဲ့ IRGC ခေါင်းဆောင် Ahmad Vahidi တို့ကြားမှာ ရာဒန်က လူထုကို ထိန်းချုပ်တဲ့ Basij လူမိုက်တပ် ဗရမ်းပတာဖြစ်နေလို့ အကူအညီ တောင်းတာကို ဗဟီဒီက မင်းအသုံးမကျလို့ဖြစ်တာလို့ စွပ်စွဲတာက စခဲ့တာပါ။ Basij ရော IRGC တပ်တွေပါ မိခင်တပ်ရင်းကိုသတင်းမပို့ကြတော့ပဲ လစ်ကုန်ကြတာတွေ များသထက် များလာပါပြီ။  

အမေရိကန်ရေတပ်ဟာ ဟော်မုဇ်ရေလက်ကြားက ဆိပ်ကမ်းမြို့ကြီးတခုဖြစ်တဲ့ Bandar Abbas က အီရန်လေတပ်စခန်း 9th Tactical Fighter Base ကို တိုက်ခိုက်ခဲ့တဲ့အတွက် F-4E Phantom II Jet ၁၄စီး ထားရှိနိုင်တဲ့ ကွန်ကရစ်ထု လေယာဥ် shelter တွေနဲ့ အနားပေးထားတဲ့ ပက်ထရိုလှည့်တဲ့ P-3F Orion ၂စီး၊ ဖော်ကာ F-27 သယ်ယူပို့ဆောင်ရေးလေယာဥ် ၂စီးတို့ ပါဝင်တဲ့ လေယာဥ်ဂိုထောင်ပါ အကြီးအကျယ် ပျက်စီးသွားပြီဖြစ်ပါတယ်။ အီရန်လေတပ်နဲ့ ရေတပ် ၂ခုလုံး ကုန်သလောက်ပါပဲ။

အီရန်ဖက်က တိုက်ခိုက်မှုတွေကလည်း တနေ့တခြား လျော့ကျလာခဲ့တာ ယနေ့ ၂၀ရက်နေ့မှာ ယူအေအီးကို ဒုံးကျည် ၄စီးနဲ့ ဒရုန်း ၂၆စီးပဲ ပစ်နိုင်ပါတော့တယ်။ ဒါလည်း လေ/ကာစနစ်က ကြားဖြတ်ပစ်ချနိုင်ခဲ့လို့ တခုမှ မထိခဲ့ပါဘူး။ အစောပိုင်းက တနေ့ကို နှစ်မျိုးပေါင်း ၅၀၀ကျော်အထိ ပစ်ခဲ့တာနဲ့ ယှဥ်ကြည့်နိုင်ပါတယ်။

ယခုလိုအခြေအနေကျမှ ပူတင်က “မင်းတို့ယူကရိန်းကို ထလရဒေတာတွေ မပေးတော့ဘူးဆိုရင် ငါတို့လည်း အီရန်ကို ထလရဒေတာတွေ မပေးတော့ဘူးလေ” လို့ ကမ်းလှမ်းလာပါတယ်။ ကမ်းလှမ်းမှုကို ရုရှားသံတမန် Kirill Dmitriev က ထရမ့်အဖွဲ့က Steve Witkoff နဲ့ Jared Kushner တို့နဲ့ မိုင်ယာမီမှာတွေ့တုန်းက ကမ်းလှမ်းခဲ့တာပါ။ ထရမ့်အဖွဲ့သားတွေက ချက်ခြင်းကို ပယ်ချခဲ့ပါတယ်။ ထလရဒေတာရှိဦးတော့ လေတပ် ရေတပ်မရှိပဲ ဒရုန်းတပ်လောက်နဲ့ ဘာများလုပ်နိုင်မှာတဲ့လဲ။ ပူတင်ကိုရော ရှီကိုပါ ကြောက်လွန်းမက ကြောက်လှတဲ့ ဥရောပလူစွမ်းကောင်းများက သူတို့ဖက် စစ်မီးကူးလာမှာကို တွေးကြည့်ဖို့တောင် မရဲဘူးဖြစ်နေကြပုံပါပဲ။

အီရန်နိုင်ငံခြားဝကက သူတို့နိုင်ငံဟာ ဟော်မုဇ်ကိုဖြတ်ပြီး ရေနံတနေ့ကို စည်တသန်း တင်ပို့နေဆဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။ သင်္ဘောတွေကို အာမခံရောင်းတဲ့ Lloyd က သင်္ဘောတွေအကြောင်း ထောက်လှမ်းထားတဲ့နောက်သတင်းတခုမှတော့ အီရန်ဟာ ဟော်မုဇ်မှာ tollbooth ထားရှိပြီး သူတို့သတ်မှတ်ပေးတဲ့ ကော်ရစ်ဒါအတိုင်း အန္တရာယ်ကင်းကင်းဖြတ်သွားချင်ရင် ၂သန်းပေးရမယ်လို့ အကြပ်ကိုင်နေကြောင်း ဖော်ပြထားပါတယ်။ လောလောဆယ် ဟော်မုဇ်ကို မဖြတ်နိုင်ပဲ သောင်တင်နေတဲ့ ကုန်သင်္ဘောတွေအများကြီးရှိသေးသလို တချို့ကလည်း သံတမန်ရေးအရ၊ တချို့က ပိုက်ဆံပေးပြီး ဖြတ်သန်းကြရပါတယ်။ သူ့ဆီကဝယ်ရင်တော့ ပေးဖြတ်ပြီး သူ့ဆီကမဝယ်တဲ့သူကို ကြပ်ထားတာပါ။

ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအတွက် ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်နဲ့ ယူကေတို့က ကူညီဖို့ ကတိပြုလိုက်ကြပြီဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က ယခုလို ထရုသ်ဆိုရှယ်မှာ တင်ထားပါတယ်။

“ငါတို့ဟာ ငါတို့ရဲ့ ရည်မှန်းချက်တွေကို ရောက်ရှိဖို့ အင်မတန် နီးကပ်နေပြီဖြစ်တဲ့အတွက် အရှေ့အလယ်ပိုင်းက တပ်တွေကို လျော့ချသွားဖို့ စဥ်းစားနေပြီဖြစ်ပါတယ်။ အီရန်ရဲ့ အကြမ်းဖက်အစိုးရနဲ့ ပတ်သက်ပြီး

၁။ သူတို့ရဲ့ ဒုံးကျည်စွမ်းပကားတွေ၊ လောင်ချာတွေ၊ အားလုံးကို ဖျက်ဆီးပစ်ခဲ့ပါပြီ။

၂။ သူတို့ရဲ့ ကာကွယ်ရေးစက်မှုယန္တရားကိုလည်း ဖျက်ဆီးခဲ့ပြီးပါပြီ။

၃။ သူတို့ရဲ့ ရေတပ်နဲ့ လေတပ်အပြင် လေယာဥ်ပစ်လက်နက်တွေလည်း မရှိတော့ပါဘူး။  

၄။ အီရန်နျူထုတ်ဖို့ အနားတောင်မသီနိုင်အောင် လုပ်ထားမှာပါ၊ ထပ်လုပ်ခဲ့သည်ရှိသော် အမေရိကန်က ချက်ခြင်း အင်နဲ့အားနဲ့လာပြီး ဖျက်ဦးမှာပါ။

၅။ အရှေ့အလယ်ပိုင်းက အစ္စရေး၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ဘာရိန်း၊ ကူဝိတ် စတာတွေအပါအဝင် ငါတို့ရဲ့ မဟာမိတ်နိုင်ငံတွေကို အမြင့်ဆုံးလုံခြုံရေး ပေးသွားမှာပါ။

ဟော်မုဇ်ရေလက်ကြားကိုလည်း သုံးစွဲတဲ့နိုင်ငံတွေက အကာအကွယ်ပေးပြီး လိုအပ်ရင် ရဲတွေလို စောင့်ကြပ်သွားမှာပါ။ အမေရိကန်က သုံးနေတာမဟုတ်လို့ အမေရိကန်က ပါဝင်မှာ မဟုတ်ပါဘူး။ သူတို့က အကူအညီတောင်းလာရင်တော့ ကူညီသွားမှာပါ၊ ဒါပေမယ့် အီရန်ရဲ့ ခြိမ်းခြောက်မှုက အားသိပ်မရှိတော့တဲ့အတွက် လိုမှာလည်း မဟုတ်တော့ပါဘူး။ အရေးကြီးတာက ဒီဟာသည် သူတို့အတွက် လွယ်ကူတဲ့စစ်ဆင်ရေးတခုပဲ ဖြစ်မှာပါ။” လို့ ရေးသွားပါတယ်။

အမေရိကန်ဝင်မပါဘူးဆိုတော့လည်း တခုစိတ်အေးရပါတယ်။ သတင်းတပုဒ်မှာ မတ်လ ၁၃ရက်နေ့က ပြင်သစ်ပိုင် Charles de Gaulle လေယာဥ်တင်သင်္ဘောအုပ်စု ဆိုက်ပရပ်စ်ဘက်ကို လာနေတုန်းက ရေတပ်အရာရှိတဦးက ကုန်းပတ်ပေါ်မှာ အပြေးလေ့ကျင့်ခန်း လုပ်ခဲ့တာကို Strava fitness app မှာ တင်ထားခဲ့ပါတယ်။ GPS က မြေထဲပင်လယ်အရှေ့ဖက်က သူရှိနေတဲ့နေရာ ( ဆိုက်ပရပ်စ်အနောက် ၁၅၀ကီလို၊ တူရကီကမ်းခြေကနေ ကီလို ၁၀၀ခန့်ဆိုပြီး) အတိအကျနီးပါးကို ပြနေခဲ့တာပါ။ အဲဒီလို ဖြစ်ရပ်မျိုး ၂၀၁၈တုန်းက အမေရိကန်တပ်တွေမှာ ဖြစ်ခဲ့လို့ ကာဝန်က စစ်စခန်းတွေမှာရော ဖုံးတွေလို device တွေမှာပါ အဲဒီ app တွေ အသုံးပြုခွင့် ကန့်သတ်ထားခဲ့ရတာပါ။ စစ်နဲ့ ဝေးနေကြသူတွေဆိုတော့ ပေါ့ဆမှုတွေ ရှိနိုင်လို့ ဟော်မုဇ်က သူတို့အတွက် တန်ဖိုးရှိတဲ့ လေ့ကျင့်ခန်း ဖြစ်လာနိုင်ပါတယ်။

တရုတ်ပြည်က ရေဒါကျွမ်းကျင်သူ ၃ဦး၊ DJI ဒရုန်းပညာရှင် ၇ဦးနဲ့ အခြားပညာရှင် ၄၀၀ခန့်ဟာ အီရန်မြေအောက်ဘန်ကာတွေထဲက လက်နက်စက်ရုံတွေမှာ သွားရောက်ကူညီနေခဲ့ရာက ခုအချိန်မှာ အဆက်အသွယ်မရဖြစ်နေတယ်လို့ လွတ်လပ်တဲ့တရုတ်သတင်းဌာနတခုဖြစ်တဲ့ China Observer က တင်ပြထားပါတယ်။ တရုတ်ပြည်ရဲ့ အဆင့်အမြင့်ဆုံး ရေဒါသုနေသနဌာနတခုဖြစ်တဲ့ 14th Research Institute မှ တရုတ်ရေဒါပညာရှင် ၃ဦးဟာ အီရန်ကို ရောင်းထားတဲ့ လေ/ကာစနစ်ကို ပြုပြင်ထိန်းသိမ်း ပေးဖို့ သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီစနစ်က ပွဲစကတည်းက အဖျက်ခံခဲ့ရတာပါ။ 14th RI အပြင် ဟီဖေက 38th RI နဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေနဲ့ ရေဒီယိုလှိုင်း တွေကို လေ့လာတဲ့ 22nd RI တို့လည်း အီရန်မှာသုတေသနတွေ လုပ်နေတာပါ။ AI သုံးတဲ့ ဒရုန်းနည်းပညာမှာ တရုတ်က သာပေမယ့် ဈေးချိုတဲ့ ကာမီကာဇီဒရုန်းမျိုးကိုထုတ်ဖို့တော့ အီရန်ဆီက အတုခိုးရပါတယ်။

အမေရိကန်က အီရန်ရဲ့ ဈေးသက်သာတဲ့ ကာမီကာဇီဒရုန်းတွေအပြုံလိုက်လွှတ်ပြီး တိုက်ခိုက်တာကို တုန့်ပြန်ဖို့ Lucus ဒရုန်းတွေ အမြောက်အများထုတ်လုပ်လျက်ရှိပါတယ်။ Lucus ဒရုန်းတွေကို ယမန်နှစ် နှောင်းပိုင်းမှာစပြီး တပ်တွေဆီပို့ထားခဲ့ပေမယ့် စစ်မြေပြင်မှာ အသုံးပြုမှုကိုတော့ ဒီစစ်ဆင်ရေးမှာမှ စခဲ့တာဖြစ်ပါတယ်။  

ဒီစစ်ပွဲအတွက် ထရမ့်အစိုးရက ကွန်ဂရက်စ်ကနေ ဘီလီယံ ၂၀၀ ထပ်တောင်းထားပါတယ်။ ပမာဏအားဖြင့် များပေမယ့် အနှစ်နှစ်အလလက ဝိုင်းခိုးခဲ့/ ခိုးနေတာတွေ၊ ကဗကာလ အကြီးအကျယ် ခိုးကြတာတွေ၊ ပြည်ပကို အကူအညီ အရောင်ပြပြီး ဒီကလူတွေအိတ်ထဲ ပြန်ဝင်လာတာတွေနဲ့ ယှဥ်ရင် ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။​ ဒါ့အပြင် ဒီစစ်ဆင်ရေးက ရလိုက်တဲ့ အတွေ့အကြုံက ခေတ်သစ်စစ်ပွဲတွေ ဘယ်လိုဖြစ်လာနိုင်တယ်၊ ဘယ်လိုပြင်ဆင်ထားရမယ်ဆိုတာ သိလိုက်ရတာ အတွေ့အကြုံတွေ​ ရလိုက်တာက အမြတ်လို့ ယူဆနိုင်ပါတယ်။ မကောင်းဆိုးဝါးတွေကို ပြည်သူတွေကိုယ်စား လက်စားခြေပေးနိုင်တာရော ဒေသနဲ့ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ ကင်ဆာကျိတ်ကြီးကို ဖြတ်ထုတ်ပစ်နိုင်တာက ငွေကြေးတက် တန်ဖိုးကြီးတဲ့ အမြတ်တွေပဲ ဖြစ်ပါတယ်။

ဒီစစ်ပွဲကြောင့် မဟာမိတ်နိုင်ငံတွေလည်း ခေတ်ပေါ်စစ်ပွဲတွေအတွက် ဘယ်လိုပြင်ဆင်ရမယ်၊ ဘယ်သူ့ရဲ့ လုံခြုံရေးစနစ်၊ စစ်လက်နက်က အားကိုးရတယ်ဆိုတာ သိရှိပြီး အမေရိကန်လက်နက်တွေ လေ/ကာစနစ်တွေ ဝယ်လာတာကလည်း တိုင်းပြည်အခွန်ရသလို ပြည်သူတွေ အလုပ်အကိုင်ရ၊ GDP တက်တာပါပဲ။ တိုင်ဝမ်နားမှာ တရုတ်ကြီးအင်အားသွားပြတိုင်း တိုင်ဝမ်က အမေရိကန်လက်နက်တွေ လှိမ့်ဝယ်တာဆိုတော့ တရုတ်ကြီးက အမေရိကန်လက်နက်ထုတ်လုပ်သူတွေအတွက် မားကက်တင်း ဆင်းပေးနေသလို ဖြစ်ပြန်ပါတယ်။ ဆိုလိုတာက လောကကြီးဟာ အကောင်းအဆိုး ဒွန်တွဲနေတဲ့အတွက် တဖက်ထဲကြည့်ရင် မလုံလောက်ပါဘူးလို့။

Leave a comment