Operation Epic Fury (26)

ဒီနေ့ သမ္မတထရမ့်က “ဟော်မုဇ်ကို ခြိမ်းခြောက်မှုမပါပဲ ၄၈နာရီအတွင်း အပြည့်အဝ ပြန်ဖွင့်ပါ၊ သတ်မှတ်ချိန်အတွင်း ပြန်မဖွင့်ခဲ့ရင် ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်သွားမယ်၊ အကြီးဆုံးကို အရင်ဆုံးစဆော်မယ်” လို့ ရာဇသံပေးလိုက်ပါပြီ။ ပြည်သူနဲ့ တိုင်းပြည်နစ်နာမှာမကြောက်တဲ့ အီရန်က ဖွင့်ပါပြီလို့ ပြောမှာမဟုတ်တော့ ပြန်ဖွင့်/မဖွင့် ဘယ်လိုစမ်းမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။

အီရန်ဘက်ကလည်း ငြိမ်းချမ်းရေးအတွက်ဆိုပြီး တောင်းဆိုမှုတွေ ပြုလုပ်လာပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ

  • စစ်ကို ဘယ်သောအခါမှ ပြန်မစဖို့ အပြည့်အဝ အာမခံချက်ပေးဖို့
  • အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေ အကုန် အပြီးအပိုင်ပိတ်သိမ်းဖို့
  • စစ်ကြောင့် ပျက်စီးခဲ့တာတွေအတွက် အမေရိကန်နဲ့ အစ္စရေးက အပြည့်အဝ ပြန်လျော်ဖို့
  • အီရန်နဲ့ proxy တပ်တွေအပါအဝင် ဒေသတွင်း ပဋိပက္ခတွေအကုန်လုံးကို ချက်ခြင်းရပ်ဆိုင်းဖို့
  • အီရန်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်မယ့် ဥပဒေမူဘောင်သစ် ချမှတ်ဖို့
  • အီရန်အကြောင်း မကောင်းရေး/ပြောတဲ့ ရန်လိုသူမီဒီယာတွေကို တရားစီရင်ဖို့ အီရန်ကို လွှဲပေးဖို့ စတာတွေ ပါဝင်ပါတယ်။

တကယ်ဆွေးနွေးချင်တဲ့ ဆန္ဒရှိရင် ဖြစ်နိုင်တဲ့ နီးစပ်တဲ့ အခြေအနေတခုကို ကမ်းလှမ်းရမှာပါ။ ခေါင်းဆောင်တွေရော ရေတပ် လေတပ်ရော လေ/ကာစနစ်ရော တခုမှမကျန်တော့ပဲ လေကြီးနေတာက သူတို့အတွက်ရော ပြည်သူတွေအတွက်ပါ အကျိုးမရှိပါဘူး။

ထရမ့်အစိုးရကလည်း အီရန်ဖက်က အလျော့ပေးလာအောင် ဘာလုပ်ရမယ်ဆိုတာ ဆွေးနွေးနေကြပြီး စစ်ရပ်ဖို့ သဘောတူညီရမယ်ဆိုရင် အီရန်ဖက်က အရင်ဆုံး ဟော်မုဇ်ကို ဖွင့်ပေးရမယ်၊ သန့်စင်ထားတဲ့ ယူရေနီယံ တွေကို စွန့်လွှတ်/ဖျက်ပစ်ရမယ်၊ နျူတို့ ballistic missile တို့၊ proxy တို့နဲ့ပတ်သက်တဲ့ ရေရှည်သဘောတူညီချက် စာချုပ်ချုပ်ရမယ်၊ စတာတွေ မဖြစ်မနေ ပါဝင်ရမယ်လို့ ဆိုပါတယ်။ ငွေကြေးအတွက်ဆိုရင် စစ်လျော်ကြေးမဟုတ်ပဲ အလွန်ဆုံး အီရန်ရဲ့ frozen asset တွေကို ပြန်ပေးတာမျိုးပဲ ဖြစ်နိုင်မယ်လို့ အစိုးရအရာရှိတဦးက မှတ်ချက်ပြုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတပ်တွေဟာ တီဟီရန်ရဲ့ အရှေ့တောင်ဖက် မိုင် ၁၃၅အကွာမှာရှိတဲ့ Natanz နျူသန့်စင်စက်ရုံကို ယနေ့တိုက်ခိုက်ခဲ့ပါတယ်။ UN က နျူစောင့်ကြည့်တဲ့အဖွဲ့က အီရန်ရဲ့ ပေါင် ၉၇၀ခန့်ရှိတဲ့ သန့်စင်ပြီးယူရေနီယံထဲက အများစုက တခြားမှာဖြစ်ပြီး Natanz မှာ အနည်းငယ်ပဲရှိတယ် လို့ ဆိုပါတယ်။ အီရန်က တိုက်ခိုက်မှုကြောင့် နျူယိုစိမ့်မှု မရှိဘူးလို့ဆိုပြီး IAEA က အီရန်ရဲ့ ရီပို့တွေကို ကြည့်ရှုနေကြောင်း ပြောထားပါတယ်။ အစ္စရေးက ဒီတိုက်ခိုက်မှုအကြောင်း မသိပါဘူးလို့ပြောပြီး ပင်တဂွန်က မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ မြေအောက် centrifuge တွေ ထားရှိပြီး ယူရေနီယံကို သန့်စင်တဲ့ Natanz စက်ရုံဟာ စစ်စပြီး ပထမပတ်တုန်းက တကြိမ်နဲ့ မနှစ်ဇွန်လက ၁၂ရက်စစ်ပွဲမှာတုန်းက တကြိမ် အတိုက်ခံခဲ့ရဖူးပါတယ်။

အဲဒီတိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံက နျူသုတေသနဌာနရှိတဲ့ Dimona မြို့ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားတဲ့ ၁၀နှစ်သား တဦးအပါအဝင် နေရာစုံက လူ ၃၃ဦး ပြတ်ရှဒဏ်ရာတွေ ရသွားကြပြီး အပစ်ခံရတဲ့နေရာမှာ အပျက်အစီး ကြီးမားတယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ်က ဒုံးကျည်တွေ လာနေတာသိသိချင်း ကြားဖြတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမယ့် လာတဲ့အရှိန်က မြန်လွန်းလို့ အဆောက်အဦတခုကို ထိသွားခဲ့တာလို့ သတင်းတခုကဆိုပါတယ်။ နျူဆိုက်က မြို့ပြင်မှာဖြစ်ပါတယ်။

နောက်သတင်းတခုမှာတော့ အစ္စရေးတောင်ဖက်က Arad မြို့ကို ဒုံးကျည်ထိမှန်ခဲ့တဲ့အတွက် အနည်းဆုံး ၈၈ဦးကို ဆေးရုံအမြန်ပို့လိုက်ရပြီး အဲဒီထဲက ၁၀ဦးက ဒဏ်ရာပြင်းထန်တယ်လို့ အစ္စရေး အရေးပေါ်ဌာနအကြီးအကဲက ဆိုပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။ ဒီညနေမှာပဲ နေတန်ယာဟုက ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပြီး ဒဏ်ရာရသူတွေအတွက် လိုအပ်တဲ့အကူအညီတွေ စီစဥ်ထားကြောင်း၊ ဆုတောင်းပေးနေကြောင်း၊ ရန်သူကို ဘက်ပေါင်းစုံက ဆက်လက်တိုက်ခိုက်သွားဖို့ သန္ဒိဌာန်ချထားကြောင်းများ ပြောကြားသွားပါတယ်။

Bushehr က Jofresh ငါးဖမ်းဆိပ်ကမ်းမှာ ကပ်ထားတဲ့ IRGC စပိဘုတ်၃စီးကို အမေရိကန်နဲ့ အစ္စရေးဒုံးကျည်တွေက တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ပါတယ်။ IRGC က အဲဒီစပိဘုတ်တွေကို ငါးဖမ်းဆိပ်ကမ်းတွေမှာထား၊ ဒုံးတွေ တင်ပြီး ဟော်မုဇ်ကိုဖြတ်တဲ့ သင်္ဘောတွေကို တိုက်နေခဲ့တာပါ။ IRGC ရဲ့ aerospace commander Mehdi Qureishi ဟာ Isfahan ကို အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်စဥ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဂျပန်က အမေရိကန်နဲ့ နွေးထွေးနီးကပ်လာတာကို မကြိုက်ဆုံးက တရုတ်ဖြစ်ပါလိမ့်မယ်။ ဂျပန်-အမေရိကန် ချစ်ကြည်မှုကို ကဖျက်ယဖျက်လုပ်ချင်လာတာက တရုတ်ဘက်သား ရုရှားနဲ့ အီရန်ဖြစ်နေပါတယ်။ ရုရှားက ဂျပန်စစ်ပြင်ဆင်လာတာတွေ၊ အမေရိကန်နဲ့ စစ်ရေးမဟာမိတ်အဖြစ် ပိုမိုနက်နက်ရှိုင်းရှိုင်းပတ်သက်လာတာတွေနဲ့ ပတ်သက်ပြီး ၁၈ရက်နေ့က ပြင်းပြင်းထန်ထန် သတိပေးလိုက်သလို အီရန်ကလည်း ဂျပန်သင်္ဘောတွေကို ဟော်မုဇ်မှာ ပေးသွားပါ့မယ်လို့ ဆွယ်လာပါပြီ။ ဂျပန်မက မိုဒီလိုမဟုတ်တော့ ဆွယ်လို့ရမယ် မထင်ပါဘူး။ စောင့်ကြည့်ရမှာပါပဲ။

အစ္စရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေအရ ဒီလ ၁၈-၁၉အထိ အီရန်ဖက်က မိုင် ၁၀၀၀အောက် ပဲဝေးတဲ့ အစ္စရေးဖက်ကို ဒုံးကျည် ၈၈၇ခု ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ၂၈၅ခုပဲ အစ္စရေးပိုင်နက်ထဲကို ရောက်ခဲ့ပါတယ်။ ရောက်ခဲ့တဲ့ဒုံးတွေရဲ့ ၉၀% ကျော်ကို အစ္စရေးရဲ့ လေ/ကာစနစ်နဲ့ အမေရိကန် စစ်သင်္ဘောအုပ်စုက ကြားဖြတ် ပစ်ချပေးနိုင်ခဲ့ပါတယ်။

အီရန်နဲ့ မိုင် ၂၅၀၀နီးပါးဝေးတဲ့ အိန္ဒိယသမုဒ္ဒရာ ထဲက ဗြိတိန်နဲ့ အမေရိကန်စစ်စခန်းရှိတဲ့ ဒီယေးဂိုဂါးစီးယားကျွန်းကို တာလတ်ပစ် ဒုံးကျည် ၂စီးနဲ့ ပစ်ခတ်ခဲ့တာမှာ တခုကလွဲချော်ပြီး တခုကို အမေရိကန်စစ်သင်္ဘောက ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာ ဒီစခန်းကို အမေရိကန်ကို ပေးသုံးဖို့ တုံ့ဆိုင်းနေတဲ့ စတမ်မာက နောက်ဆုံးတော့ ခံစစ်အတွက် ပေးသုံးမယ်လို့ ခွင့်ပြုပြိး မကြာခင်မှာ ဖြစ်ပါတယ်။ အီရန်က သူတို့မှာ အဲဒီလောက်အကွာအဝေးကို ပစ်နိုင်တဲ့ဒုံးကျည် မရှိဘူးလို့ တချိန်လုံး လိမ်နေခဲ့တာဖြစ်ပါတယ်။ နျူကိစ္စလိမ်နေသလိုပါပဲ။

အီရန်ကနေ မိုင် ၂၅၀၀ဆိုတာ ဥရောပကို လှမ်းပစ်နိုင်တဲ့အကွာအဝေးဖြစ်လို့ ကြောက်တတ်ကြတဲ့ ဥရောပခေါင်းဆောင်တွေအတွက် စိုးရိမ်စရာ ဖြစ်မှာပါ။ ဒါပေမယ့် ကြောက်တာဟာ ပြဿနာကို မဖြေရှင်းပေးနိုင်တဲ့အပြင် အကြောက်တရားရဲ့ ထိန်းချုပ်မှုအောက်မှာ မလှုပ်နိုင်တော့ပဲ ပိုဆိုးတဲ့ရလာဒ်ဆီ တွန်းပို့ပေးမှာဖြစ်ပါတယ်။ အီရန်ကိုတိုက်ဖို့ ကြောက်လို့ လက်ရှောင်နေခဲ့ရင် တာလတ်ကနေ တာဝေး၊ နျူစတာတွေထိ မကြာခင် ရောက်လာတော့မှာပါ။ မဟာမိတ်ဆိုသူတွေ အမြင်မှန်ရလာကြဖို့ အရေးကြီးနေပါပြီ။

အမေရိကန်နဲ့ အစ္စရေးတပ်တွေဟာ အီရန်အနောက်တောင်ဖက် အီရတ်နယ်စပ် ပါးရှန်းပင်လယ်ကွေ့ရှိ ခူဇက်စတန်ခရိုင် Dezful က IRGC လေတပ်အခြေစိုက်စခန်းကို  ပစ်ခတ်ဖျက်ဆီးခဲ့ရာမှာ သင်္ဘောတွေကို ပစ်တဲ့ ခရုဇ်ဒုံးကျည်တွေ အတော်များများကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။  ဗီဒီယိုထဲမှာ ထပ်ဆင့်ပေါက်ကွဲမှု အကြီးစားကြီးတွေ ဖြစ်ခဲ့ပြီး မိုင်များစွာအကွာက ခံစားနိုင်တာတွေ၊ အီရတ်နယ်စပ်ဘက်မှာ ကောင်းကင်တခုလုံး လင်းထိန်သွားတာတွေ တွေ့ရတယ်လို့ ဆိုကြတဲ့အတွက် မြေအောက်မှာထားတဲ့ ဒုံးကျည်တွေကို ထိတာဖြစ်နိုင်ပါတယ်။ အီရန်အစိုးရမီဒီယာကတော့ Andimeshk မြို့က ဆေးရုံထိခိုက်ခဲ့ကြောင်းနဲ့ ပျက်စီးမှုကြီးကြီးမားမား ရှိခဲ့ကြောင်း ပြသသွားပါတယ်။

အငြိမ်းစား Navy Seal တဦးဖြစ်တဲ့ Mike Sarraille က Kharg ကျွန်းဟာ အီရန်ရဲ့ အဓိကငွေဝင်ပေါက် ဖြစ်တဲ့အတွက် အဲဒီကျွန်းကို သိမ်းပြီး ရေနံပို့ကုန်တွေကို ထိန်းချုပ်လိုက်ရင် အီရန်ရဲ့ အဓိကဝင်ငွေ ရပ်တံ့သွားမှာဖြစ်လို့ လက်နက်/ အစိတ်အပိုင်း လိုအပ်တာဝယ်ဖို့၊ တပ်တွေကိုပေးဖို့၊ proxy တွေကို ထောက်ပံ့ဖို့ ပိုက်ဆံမရှိ ဖြစ်သွားတော့မှာပါ၊ ယူရေနီယံတွေကိုလည်း အလားတူပဲ မြန်မြန်ဝင်သိမ်းပြီး ပြန်ထွက်လာမျိုး လုပ်နိုင်ပါတယ်၊ ဒါဆိုရင် တဖက်က စိုးရိမ်ပြနေတဲ့ မပြီးနိုင်တဲ့စစ်ပွဲမျိုး ဖြစ်လာစရာ မရှိပါဘူးလို့ ဆိုပါတယ်။

CNN က အီရန်ရဲ့ ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ လောင်ချာတွေထားတဲ့ မြေအောက်ဒုံးကျည်ကွန်ယက်/ မြို့တော် အကြောင်းကို ရုပ်သံသတင်းအဖြစ် တင်ပြသွားပါတယ်။ ဂြိုလ်တုကပုံမှာ ကွန်ကရစ် ဝင်ပေါက် တွေကို အမေရိကန်နဲ့ အစ္စရေးတပ်တွေက ပစ်ခတ်ဖျက်ဆီးထားတာကို ပြသထားပြီး အီရန်တွေက ဒီနေရာထိရင် နောက်နေရာဆောက်ပြီး ပြောင်းထားတယ်၊ သူတို့မှာ ဒုံးကျည်တွေ အများကြီး ရှိနေသေးတယ်ဆိုတဲ့ သဘောမျိုးရိုက်ပြထားတာပါ။ အမေရိကန်နဲ့ စစ်ဖြစ်နေချိန်မှာ အမေရိကန်ဂျာနယ်လစ်ကို တခုတ်တရဖိတ်မံပြီး ကိုယ့်ရဲ့ လက်နက်တိုက်တွေ လိုက်ပြတယ်ဆိုတာ သူ့ဘက်သားမှန်း သေချာမှပဲ ဖြစ်မယ့်ကိစ္စပါ။ အဲဒီလို အီရန်ဝါဒဖြန့်တဲ့အသံနဲ့ ထပ်တူကျနေတဲ့ CNN ရဲ့ တင်ပြမှုအပေါ် သံသယရှိသူတွေက ဘယ်လိုဝင်ခွင့်ရခဲ့တာလဲ၊ ဝင်ခွင့်ရဖို့ ဘာတွေသဘောတူခဲ့ရသလဲ၊ ဘယ်လိုအပေးအယူတွေ ရှိခဲ့သလဲဆိုတာတွေ သိချင်ကြပေမယ့် CNN က ဖြေကြားခြင်းမရှိပါဘူး။ ပုံတွေမှာ ဂြိုလ်တုပုံတချို့က အမှန်ဖြစ်ပေမယ့် အမှန်တဝက် အမှားတဝက် ရောထားတာမျိုးလည်း ဖြစ်နိုင်နေတာပါပဲ။ ပြည်သူ/ အမှန်တရားဘက်မှာ ဘယ်တော့မှမရှိကြတဲ့ အမြဲလိမ်မီဒီညာနဲ့ အမြဲလိမ်အစိုးရ ဆိုတော့ အမှန်လို့ယူဖို့ ခက်ပါတယ်။

Leave a comment