Operation Epic Fury (27)

ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ဖို့ ထရမ့်က ရာဇသံပေးထားတာနဲ့ပတ်သက်ပြီး အီရန်နိုင်ငံခြားဝက Abbas Araghchi က “ဟော်မုဇ်က ပိတ်မထားပါဘူး၊ မင်းစခဲ့တဲ့စစ် (ငါတို့စတာမဟုတ်)ကြောင့် အာမခံကုမ္ပဏီက အာမခံမပေးလို့ သင်္ဘောတွေက သွားဖို့ တုန့်ဆိုင်းနေကြတာပါ၊ ဘယ်အာမခံကုမ္ပဏီ ဘယ်အီရန်မှ ခြိမ်းခြောက်လို့ ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး၊ လေးစားမှုလေးထားကြည့်ပါလား” လို့ တုန့်ပြန်သွားပါတယ်။ ဖြတ်သန်းခ ၂သန်းတောင်းတာ၊ ယွမ်နဲ့ဝယ်ရင် ပေးသွားမယ်ပြောတာ၊ အမေရိကန်နဲ့ အစ္စရေးသံတမန်တွေနှင်ထုတ်ရင် သင်္ဘောပေးသွားမယ်ဆိုတာတွေက သူတို့မြှူဆွယ်/ ခြိမ်းခြောက်တာ မဟုတ်ခဲ့သလိုပါပဲ။

ရာဇသံပေးထားစဥ်ကာလမှာ အမေရိကန်တွေကအိုင်ဆန်ဟောင်ဝါခေတ်ထဲက သုံးခဲ့တဲ့ B-52 ဗုံးကြဲလေယာဥ်တွေနဲ့ အီရန်ပစ်မှတ်တွေကို ဆက်လက်ဖျက်ဆီးနေတာပါ။ ပင်တဂွန်ကတော့ B-52 တွေထက် ၂၅% ပိုမြန်တဲ့ B-21 Raider တွေနဲ့ အစားထိုးဖို့ အမြန်ဆုံးထုတ်လုပ်နေပြီဖြစ်ပါတယ်။

မနေ့က အနောက်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ အီရန်ရဲ့ ကုန်သင်္ဘောတွေနဲ့ အရပ်ဖက်အဆောက်အဦတွေကို တိုက်ခိုက်ခဲ့မှုနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မှုတို့အပေါ် ရှုတ်ချကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ ပါဝင်တဲ့နိုင်ငံတွေက ယူကေ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်၊ ချက်ချီယာ၊​ ကနေဒါ၊ နယူးဇီလန်၊ ဩစတေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဘာရိန်း၊ လစ်သူရေးနီးယား၊ ရိုမေးနီးယား၊ လက်ဗီယာ၊ စလိုဗေးနီးယားနဲ့ အက်စ်တိုးနီးယားတို့ ဖြစ်ပါတယ်။ သူတို့က ခြိမ်းခြောက်မှုတွေ၊ မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာတွေ၊ ရေကြောင်းကုန်သွယ်ရေးကို ပိတ်ဆိုဖို့ ကြိုးစားတာတွေကို ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၈၁၇ကို လိုက်နာတဲ့အနေနဲ့ ချက်ခြင်းရပ်ဖို့ အီရန်ကို တိုက်တွန်းလိုက်ကြပါတယ်။

စစ်ဆင်ရေး ၂၂ရက်မြောက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်အလယ်ပိုင်းက Arak နဲ့ Isfahan မြို့များ၊ အနောက်တောင်ပိုင်းက Ahva မြို့နဲ့ တောင်ပိုင်းကမ်းခြေတလျောက်က Bandar Abbas (ဟော်မုဇ်ဘေးက) နဲ့ Bushehr အပါအဝင် မြို့များ၊ တီဟီရန်နားက Damavand မြို့ စတာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို နိမ့်နိမ့်လေးပျံသန်းလာတဲ့ ဂျက်လေယာဥ်တွေကိုလည်း တွေ့ရကြောင်း မျက်မြင်သက်သေတွေက အီရန်အင်တာနေရှင်နယ်ကို ပြောကြားကြပါတယ်။

အီရန်ကတော့ အစ္စရေးနဲ့ အမေရိကန်စစ်စခန်းတွေရှိရာကို ဒါဇင်နဲ့ချီပြီး အုပ်စုလိုက်လာတဲ့ Arash-2 တာဝေးပစ် ကာမီကာဇီဒရုန်းတွေနဲ့ အစ္စရေးရဲ့ အကြီးဆုံး Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ လေတပ်နဲ့ နျူဆိုက်ရှိတဲ့ Dimona မြို့နားက နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့မှာ အစ္စရေးက အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်ကို Arrow-3 လေ/ကာစနစ်အသစ်ကို အောင်မြင်စွာ အသုံးပြုပြီး ကောင်းကင်အမြင့်မှာ ဖျက်ချနိုင်ခဲ့ပါတယ်။ လေကာစနစ်အဟောင်းတွေ ပစ်ချတဲ့အမြင့်ဟာ နိမ့်တဲ့အတွက် မြေပြင်ပေါ်ကို အပျက်အစီးတွေ ကျလာစေနိုင်ပြီး ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ယခုစနစ်က ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။

အီရန်က ဆော်ဒီဘက်ကို ၂၄နာရီအတွင်း ဒရုန်းပေါင်း ၆၀ခန့် ပစ်ခတ်ခဲ့ရာမှာ အကုန်လုံးကို ဖျက်ချ နိုင်ခဲ့ပါတယ်။ ဆော်ဒီက အာရပ်ကမ္ဘာမှာ အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံးလေတပ်ကို ပိုင်ဆိုင်ထားတာပါ။ အီရန်က ဆော်ဒီအရှေ့ပိုင်းက ရေနံနဲ့ပတ်သက်တဲ့ အဓိကနေရာတွေနဲ့ export terminal တွေကို ပစ်မှတ် ထားတာဖြစ်လို့ စွမ်းအင်အကြပ်အတည်းကို ဦးတည်နေတာ ထင်ရှားပါတယ်။ ဒါပေမယ့် ဆော်ဒီမှာက ပင်လယ်နီဖက်ထွက်ပေါက်ရှိတဲ့အတွက် ကျန်ပါးရှန်းပင်လယ်ကွေ့ နိုင်ငံတွေဖြစ်တဲ့ ယူအေအီး၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ အီရတ်တို့နဲ့ယှဥ်ရင် စူးအက်တူးမြောင်းနဲ့ အာရေဗျပင်လယ်တို့ကနေ ပို့လို့ ရနေပါသေးတယ်။ အစ္စရေးကလည်း ဆော်ဒီကို အရင်ကမ်းလှမ်းခဲ့ဖူးသလိုပဲ သူတို့ဆီကနေတဆင့် ဥရောပကိုပို့ဖို့ ထပ်မံကမ်းလှမ်းထားပါတယ်။

ယူကေကတော့ အီရန်ဒုံးကျည်တိုက်တွေကို တိုက်ခိုက်ဖို့ အမေရိကန်ကို စစ်စခန်းတွေ အသုံးပြုခွင့် ပေးလိုက်ပြီး ပစ်မှတ်ကို မလွဲတမ်းပစ်နိုင်တဲ့ တိုမာဟော့ခ်ခရုဇ်ဒုံးကျည်တွေနဲ့ တော်ပီဒိုတွေ တပ်ဆင်ထားတဲ့ Stealth ရေငုပ်သင်္ဘောကို အာရေဗျပင်လယ်မှာ တာဝန်ချထားလိုက်ပါတယ်။ အရင်က အီရန်က သူတို့မှာ ဥရောပထိ ရောက်နိုင်တဲ့လက်နက် မရှိပါဘူးလို့ လိမ်နေခဲ့တာကို ထရမ့်က သံသယရှိခဲ့ပေမယ့် ဒီမိုကရက်နဲ့ ဥရောပခေါင်းဆောင်တွေကတော့ ပြောတဲ့အတိုင်း ယုံလိုက်ကြပုံပါပဲ။

အီရန်က သူကြေငြာထားတဲ့ ပစ်နိုင်တဲ့အကွာအဝေးထက် ၂ဆလောက်ထိ ဝေးဝေးပစ်နိုင်အောင် ဘယ်လိုလုပ်သလဲဆိုတာကို IDF လေတပ်အကြီးအကဲဟောင်းတဦးက ယခုလို ခန့်မှန်းသွားပါတယ်။ “အီရန်က​ ဂြိုလ်တုလိုမျိုး တဆင့်ပြီးတဆင့်ပေါက်ကွဲတဲ့ နည်းပညာကို အသုံးပြုတယ်ဆိုရင် လက်ရှိအကွာအဝေးထက် ၂ဆလောက်ထိ တိုးသွားနိုင်တာဖြစ်လို့ တိုက်ချင်းပစ်တွေထိ ထုတ်လာနိုင်မယ့် ခြိမ်းခြောက်မှုအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း သတိပေးသွားပါတယ်။ အီရန်မှာ ဂြိုလ်တုမှာသုံးတဲ့ အဆင့်ဆင့်ပေါက်ကွဲနည်းပညာ ရှိမှာမဟုတ်တော့ တရုတ်က ကူညီနေတာ ဖြစ်ပုံရပါတယ်။

တရုတ်က သမ္မတထရမ့်ရဲ့ တရုတ်ခရီးစဥ်အတွက် အခမ်းနားဆုံးဖြစ်အောင် ပြင်ဆင်နေခဲ့တဲ့ အချိန်မှာ ထရမ့်ကလည်း သွားမယ်လို့ ပြောနေခဲ့ပါတယ်။ ရှီက အရင်တခါတုန်းကလည်း ဘယ်သမ္မတကိုမှ မဧည့်ခံဖူးတဲ့ forbidden city နန်းတော်ထဲမှာ ဧည့်ခံခဲ့သလို ကိုယ်တိုင်ကိုယ်က လိုက်ပြတာမျိုးတွေတောင် လုပ်ပေးခဲ့တာပါ။ နိုင်ငံတော်ပွဲတွေမှာ အကောင်းဆုံးဧည့်ခံ၊ အကောင်းဆုံးတွေကို ပြသပြီး အထင်ကြီးအားနာခင်မင်တာတွေ ဖြစ်လာတဲ့အခါ စီးပွားရေးစာချုပ်တွေ ချုပ်ဖို့ သူတို့လိုချင်တာရဖို့ လုံးပမ်းကြပါတယ်။ ခုတခေါက် ရှီက ထရမ့်ကို ရှန်ဟဲ (သို့) တခြားတခုကို ပြဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမယ့် ထရမ့်အဖွဲ့က ရောက်တဲ့ရက်နဲ့ ပြန်တဲ့ရက်ဖယ်လိုက်ရင် တရက်အပြည့်ပဲနေမယ်၊​ အချိန်မရဘူးလို့ ဆိုတဲ့အတွက် တရုတ်ဘက်က ဓါတ်ပြားဟောင်းဖွင့်လို့ မရနေပါဘူး။ ကောင်းကောင်းဧည့်ခံရတာမရှိရင် လိုချင်တာတောင်းဖို့၊ သူ့ဂုဏ်သိက္ခာ ဆည်ဖို့တွေ အတွက်လည်း ခက်သွားတော့မှာပါ။ အဲဒီအချိန်မှာ ထရမ့်က ဟော်မုဇ်ပြန်ဖွင့်ဖို့ တရုတ်က ကူညီရမယ်လို့ ဆိုလာပြီး တရုတ်ဘက်က မတုန့်ပြန်တဲ့အခါမှာ ခရီးစဥ်ကို ရွှေ့ဆိုင်းတယ်လို့ လုပ်ပါတယ်။ ထရမ့်ဘက်က ခဏလေးဆိုင်းတာပါဆိုပေမယ့် မသွားတော့ဘူးလို့လည်း လုပ်လာနိုင်တာပါပဲ။

Leave a comment