Operation Epic Fury (28)

သမ္မတထရမ့်က အီရန်ဖက်နဲ့ စကားပြောအပြီးမှာ တိုးတက်မှုရှိတဲ့အတွက် ဟော်မုဇ်ပြန်ဖွင့်ဖို့ ၄၈နာရီရာဇသံကို ၅ရက်သို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ သမ္မတထရမ့်က “ပြီးခဲ့တဲ့ ၂ရက်လုံး အရှေ့အလယ်ပိုင်းက ရန်လိုမှုများချုပ်ငြိမ်းရေးအတွက် အီရန်နဲ့ အကျိုးရှိ/ ကောင်းမွန်တဲ့စကားတွေ ပြောဖြစ်ခဲ့ပါတယ်၊ လေသံနဲ့ စကားအသွားအလာ၊ လေးနက်မှု၊ အသေးစိတ်ကျမှုနဲ့ အပြုသဘောဆောင်မှုတွေကြောင့် ငါတို့တပ်တွေကို လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ energy infrastructure ကို တိုက်ခိုက်မယ့်အစီအစဥ်ကို ၅ရက်အထိရွှေ့ဆိုင်းဖို့ အမိန့်ပေးထားလိုက်ပါပြီ၊ ဒီကြားထဲမှာလည်း စကားဆက်ပြောသွားမှာပါ၊ အဲဒီလိုဆက်ပြောတာတွေ အဆင်ပြေရင်ပေါ့” လို့ ရေးသားသွားပါတယ်။

သတင်းတွေမှာ ပြန့်နှံ့နေတာက အီရန်ဘက်က အမေရိကန်နဲ့ ဦးဆောင်ဆွေးနွေးသူဟာ လွှတ်တော် စပီကာ Mohammad-Bagher Ghalibaf လို့ ဆိုကြပေမယ့် အဲဒီစပီကာကတော့ အဲဒါ fake news ပါ၊ သူ ထရမ့်နဲ့ စကားမပြောခဲ့ပါဘူး၊ ထရမ့်က အီရန်နဲ့ ပြောတယ်လို့တင်တာ ဆီဈေးချဖို့ စတော့ဈေးတက်ဖို့ သက်သက် လုပ်ကြံတာပါလို့ ဆိုပါတယ်။ သုတ်သင်ခံရတဲ့ လာရီဂျာနီနေရာမှာ သူကပဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနေရတာဖြစ်ပါတယ်။ အီရန်က လက်ရှိထိပ်ဆုံး ၃ဦးမှာ ဗိုလ်ချုပ်ကြီး Ahmad Vahidi က စစ်ရေးနဲ့ပတ်သက်တာတွေ ကိုင်တွယ်ရပြီး သမ္မတ Masoud Pezeshkian က နိစ္စဓူဝ ကိစ္စတွေကို ကိုင်တွယ်ပြီး Ghalibaf က ဗျူဟာကျတဲ့ ဆုံးဖြတ်ချက်တွေ ချရတာဖြစ်ပါတယ်။

Politico မှာ ဖော်ပြထားတာကတော့ အမေရိကန်ဘက်က Ghalibaf ကို potential partner အဖြစ်ရော အနာဂတ်ခေါင်းဆောင်အဖြစ်ပါ သုံးလို့ရနိုင်မလား စဥ်းစားနေတယ်လို့ ဆိုထားပါတယ်။ အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ Ghalibaf က ကွယ်ရာမှာဘယ်လိုဖြစ်မလဲမသိပေမယ့် မီဒီယာပေါ်မှာတော့ အမေရိကန်နဲ့ အစ္စရေးကို လက်တုန့်ပြန်မယ်လို့ တချိန်လုံး အော်နေခဲ့တာပါ။ နီးရာဓါးကို ကြောက်ရလို့ အမှန်မပြောသေးတာလည်း ဖြစ်နိုင်တာပါပဲ။ ခုတောင် ရန်သူနဲ့ မပေါင်းနဲ့လို့ အော်ကုန်ကြပါပြီ။ ထိပ်ပိုင်းက အချင်းချင်းကြားမှာ မင်းက ရန်သူနဲ့ပေါင်းတဲ့သူလို့ အပြန်အလှန်စွပ်စွဲမှုတွေ ကျယ်လောင်လာပါပြီ။ အဓိကစွပ်စွဲခံရသူ ၂ဦးက အီရန်သမ္မတနဲ့ စပီကာတို့ပါ။ ​အိမ်ဖြူကတော့ ဒီလိုကိစ္စမျိုးကို မီဒီယာကတဆင့် ဆွေးနွေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အင်မတန်ခေါင်းမာမိုက်မဲလှတဲ့သူတွေက လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို ဖျက်ဆီးပစ်မယ် ဆိုတော့မှ အခုလိုစကားစပြောလာတာ ပြည်သူတွေ မီးပျက်ရင်ဒုက္ခရောက်ကြမှာ စိုးရိမ်လို့များ ထင်ပါသလား။ နိုးပါ။ ဘာလို့လဲဆိုတာ သိချင်ရင် သူတို့တန်ဖိုးအထားဆုံးက ဘာလဲဆိုတာကိုကြည့်ရင် သိနိုင်ပါတယ်။ သူတို့တန်ဖိုးအထားဆုံးက သူတို့အသက်ကလွဲလို့ ဘာဖြစ်နိုင်မှာလဲ။ သူတို့က သုတ်သင်ခံရမှာစိုးလို့ မြေအောက်ဘန်ကာတွေထဲမှာ ပုန်းနေကြတာဆိုတော့ ပါဝါတိုင်တွေ အဖျက်ခံရတဲ့အခါ မီးအပြင် လေဝင်လေထွက်စနစ် စတဲ့ လျှပ်စစ်နဲ့အလုပ်လုပ်ရတာ အကုန် ရပ်သွားမှာဖြစ်လို့ လျှပ်စစ်မရှိပဲ ကြာကြာနေနိုင်ဖို့ မလွယ်ပါဘူး။ ထွက်လာပြန်ရင်လည်း သုတ်သင်မယ့်လူတွေက အဆင်သင့် စောင့်နေကြမှာပါ။ သိပ်နက်တဲ့ လှိုဏ်ခေါင်းတွေဆိုရင် ဓါတ်လှေခါးသုံးရတာဖြစ်လို့ အဲဒါလည်း အခက်တွေ့နိုင်တာပါပဲ။ ခေတ်သစ်မှာ ဒုံးတွေ ဒရုန်း ထုတ်လုပ်ဖို့၊ ပစ်မှတ်ရှာဖို့ကအစ နည်းပညာမပါပဲ မပြီးတဲ့ခေတ်မှာ လျှပ်စစ်က မရှိမဖြစ်ပါ။

စောင့်ကြည့်ဆဲ ၅ရက်ကာလမှာ အမေရိကန်နဲ့ အစ္စရေးက ဓါတ်အားပေးစက်ရုံနဲ့ စွမ်းအင်အခြေခံ အဆောက်အဦမှအပ လက်နက်တိုက်တွေ၊ စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ အစ္စရေးလေတပ်က တီဟီရန်က IRGC နဲ့ Quds ဌာနချုပ်တွေအပြင် Quds ထလရ ဌာနကြီးတခု၊ IRGC ရဲ့ လေတပ်နဲ့ ကြည်းတပ်ဌာနချုပ်တွေကိုပါ ပစ်မှတ်ကို တိတိကျကျထိတဲ့ ဗုံး ၁၀၀ကျော်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ လူသူမနီးတဲ့နေရာက ပစ်မှတ်တွေကိုတော့ လွန်ခဲ့တဲ့ နှစ် ၅၀ခန့်က ဗုံးအဟောင်းကြီးတွေနဲ့ သွားကြဲခဲ့တာ ဖြစ်ပါတယ်။ အီရန်မှာ ပဲ့ထိန်းဒုံးကျည်လွှတ်တင်တဲ့ လောင်ချာပေါင်း ၄၇၀ခန့်ရှိရာမှာ ၃၃၀ခန့်ကို ဖျက်ဆီး/သုံးမရအောင်လုပ်ပြီးဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

မနေ့က အီရန်အစိုးရတီဗီချန်နယ် hack လုပ်ခံရပြီး မင်းသားပါလာဗီရဲ့ ပြည်သူကို တိုက်တွန်းချက် ပြသခဲ့ပါတယ်။ မင်းသားက ပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြကြဖို့နဲ့ လုံခြုံရေးတွေကို ပြည်သူနဲ့ ပူးပေါင်းဖို့ တိုက်တွန်းသွားပါတယ်။ တီဟီရန်လို မြို့ကြီးတွေမှာ အစ္စရေးနဲ့ အမေရိကန်တို့က စစ်ရေး အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့နေရာတွေကို ဗုံးဆက်ကြဲနေဆဲဖြစ်ပေမယ့် လူနေရပ်ကွက်တွေကို ရှောင်ထားတဲ့ အတွက် ဆန္ဒပြမှုတွေ တော်တော်လေး တွေ့နေရပါတယ်။ မြို့တော်မှာ ဆန္ဒပြလူထုကို နှိမ်နှင်းဖို့ လုံခြုံရေးမလုံလောက်တော့တဲ့အတွက် အခြားမြို့တွေကနေ ခေါ်ယူထားရတဲ့အခြေအနေပါ။

CENTCOM commander Brad Cooper က အီရန်ပြည်သူတွေကို “အခုအိမ်ထဲမှာပဲ နေကြပါ၊ အန္တရာယ်တွေ များနေပါသေးတယ်၊ တီဟီရန်အဆိုးရက လူ့အသက်ကို တန်ဖိုးမထားပါဘူး၊ ထွက်လာလို့ရတဲ့အချိန်ကျရင် ငါတို့က ရှင်းရှင်းလင်းလင်း အချက်ပြမှာပါ၊ အဲဒီအချိန်အထိ စောင့်ပါ” လို့ မှာကြားလိုက်ပါတယ်။

အစ္စရေးမာဆာ့ဒ်ကလည်း အီရန်လက်ကျန်အစိုးရထိပ်ပိုင်းလူတွေဆီ တယောက်ချင်းစီ သီးသန့် ဖုံးခေါ်ပြီး “မင်းက ငါတို့ရဲ့ ရှင်းရမယ့်မှတ်တမ်းထဲမှာရှိနေတယ်၊ မင်းနဲ့ပတ်သက်တာ အကုန်လုံး ကိုလည်းသိတယ်၊ မင်းပြည်သူနဲ့ အတူရပ်တည်ပါ၊ မဟုတ်ရင် မင်းတို့ခေါင်းဆောင်ကြီး(ခါမေနီ)နောက် လိုက်ရမယ်၊ ရှင်းလား” လို့ ပြောနေခဲ့တယ်လို့ သိရပါတယ်။ အီရန်ရဲ့ the Protection and Intelligence Organization of the Law Enforcement Forces (LEF) အကြီးအကဲ Fathi Zadeh ဆီ ဖုံးခေါ်ရာမှာတော့ ဖာသီက “ဘရာသာရေ၊ ကိုရမ်ကို ကိုင်ပြီးကျိန်ပါ့မယ်၊ ငါက မင်းတို့ရန်သူ မဟုတ်ပါဘူး၊ သေလူဖြစ်နေပြီးသားပါ၊ ငါတို့ကိုသာ လာကူပါ၊ အထက်ကလူတွေကိုလည်း အကုန်ခေါင်းဖြတ်ခဲ့ပါ” လို့ ပြန်ပြောတဲ့အသံဖိုင်ကို မာဆာ့ဒ်ကပေးပို့ပြီး ဂျူးသတင်းဌာနတွေက တင်ထားကြတာပါ။

အီရန်မှာ IRGC က အစ္စလာမ္မစ်အစိုးရကို ကာကွယ်ပေးရသူတွေဖြစ်လို့ ကျန်လက်နက်ကိုင်အဖွဲ့အစည်း တွေထက် အာဏာပိုရှိပုံရပါတယ်။ ပြည်သူကို အဓိကဖိနှိပ်တဲ့ Basij တပ်တွေကို အစ္စရေးက အပြင်းအထန် နှိမ်နှင်းခဲ့တဲ့နောက် အုပ်ချုပ်သူတွေက လူထုဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့ ရဲတွေကို ခိုင်းပါတယ်။ ရဲတွေက အစ္စရေးရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ သေကြေဒဏ်ရာရကြတဲ့အတွက် ရဲအကြီးအကဲ Ahmad-Reza Radan က IRGC အကြီးအကဲ Ahmad Vihidi ကို အပြစ်တင်ခဲ့ကြောင်း သတင်းတွေ ထွက်လာပါတယ်။ အမှန်တရားဖက်မှာ ရပ်နေတာမဟုတ်သည့်တိုင် ကိုယ့်လက်အောက်ငယ်သားတွေအပေါ် ညှာတာတဲ့အတွက်တော့ ချီးကျူးရမှာပါပဲ။

မင်းသားက အိမ်နီးချင်းနိုင်ငံတွေကိုလည်း “ဒီအစိုးရပြုတ်ကျပြီးရင် ဒေသတခုလုံးဟာ ငြိမ်းချမ်းပြီး သာယာဝပြောလာမှာပါ၊ နျူလက်နက်၊ အကြမ်းဖက်လက်နက်၊ စစ်သွေးကြွ စတာတွေနဲ့ ခြိမ်းခြောက် နှောက်ယှက်မှုတွေ အဆုံးသတ်သွားမှာဖြစ်ပြီး အိမ်နီးချင်းကိစ္စတွေကိုလည်း ဝင်စွက်မှာ မဟုတ်တော့ပဲ အီရန်က အရင်တုန်းကလို မိတ်ဆွေကောင်း အိမ်နီးချင်းကောင်းတနိုင်ငံ ဖြစ်လာတော့မှာပါ”လို့ ပြောသွားပါတယ်။ အီရန်ဟာ အစ္စလာမ္မစ်တော်လှန်ရေးမတိုင်ခင်က ဒေသတွင်းမှာ အင်အားအကြီးဆုံး အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဒေသတွင်း မိတ်ဆွေ/ခေါင်းဆောင်တဦးလို ဖြစ်ခဲ့တာပါ။

အီရန်အဆိုးရဖက်က နာနေကြသူတွေ သိသင့်တာတခုက ကူဝိတ်က နိုင်ငံရေးသုံးသပ်သူကို အနောက်နိုင်ငံ မီဒီယာကြီးတခုက အရှေ့အလယ်ပိုင်းမှာ အီရန်နဲ့ အစ္စရေး ဘယ်သူက အန္တရာယ် ပိုပေးနိုင်လဲလို့ မေးခဲ့ပါတယ်။ ကူဝိတ်ကလူက အီရန်ပေါ့၊ အီရန်က အာဖရိကမှာလည်း ရှိတယ်၊ လက်ဘနွန်မှာလည်းရှိတယ်၊ ဆီးရီးယားမှာလည်းရှိတယ်၊ သူတို့က မိန်းမနဲ့ ကလေးတွေပါ သတ်တာ၊ ငါတို့က အီရန်နဲ့ အိမ်နီးချင်းဖြစ်တော့ သူတို့ဒုံးကျည် ငါတို့ဖက် အမြဲကျတယ်၊ အစ္စရေးဒုံးကျည်ငါတို့ဆီ တခါမှ မကျဖူးဘူး၊ အီရန်က ငါတို့ကို စပိုင်လုပ်တယ်၊ ငါတို့ရဲ့ ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်တယ်၊ အဲဒါကြောင့် အီရန်က အန္တရာယ်ပိုရှိတယ်လို့ ဖြေသွားပါတယ်။

ထရမ့်အစိုးရက အီရန်ကို မကိုင်ခင် ဗင်နီဇွဲလားကို ဝင်တဲ့ အကြောင်းတခုက ဗင်နီဇွဲလားဟာ တရုတ်ရဲ့ လက်ဝေခံတင်မကပဲ အီရန်နဲ့ ကျူးဘားတို့ကပါ သူတို့ရဲ့ အဆွယ်အပွား proxy လို လုပ်စားနေတာ ကြောင့်ပါ။ အီရန်က သူတို့လိုချင်နေတဲ့ ယူရေနီယံကို ဗင်နီဇွဲလားကရသလို အဲဒီမှာ ဆိပ်ကမ်းတွေ၊​ လက်နက် သိုလှောင်ရုံတွေ၊ ဒရုန်းစက်ရုံတွေဖွင့်ပြီး  ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အကြီးစား bunker buster ဗုံးတွေက Yazd က အီရန်ဒုံးကျည်ထားတဲ့ နေရာတွေကို လုံးဝ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အစ္စရေးမှာလည်း ကွန်ကရစ်ထုကို ထိုးဖောက်နိုင်တဲ့ bunker buster ဗုံးတွေ ရှိပြီး အီရန်နဲ့ ဒုံးကျည်တိုက်တွေကို ပစ်ခတ်ဖျက်ဆီးခဲ့ပေမယ့် အပြီးတိုင်ပျက်စီးမသွားပဲ အမေရိကန်ရဲ့ ပိုအင်အားပြင်းတဲ့ ဗုံးတွေ သုံးတော့မှ အလုံးစုံဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။

ထောင်ချီတဲ့ အမေရိကန်အာမီက လေထီးတပ်သားတွေကို အရှေ့အလယ်ပိုင်းကို ပို့ထားပြီလို့ သတင်းထွက်နေပါတယ်။ အရင်ရက်တွေက ကမ္ဘာမှာအကြီးဆုံး စစ်လေယာဥ်ဖြစ်တဲ့ C-5 Galaxy တွေကနေ စစ်ရဟတ်ယာဥ်တွေကို လာချပေးသွားတာလည်းရှိတော့ ဟော်မုဇ်နားက ကျွန်းတွေ/ ခါ့ဂ်ကျွန်းတို့ကို သိမ်းဖို့ ဖြစ်နိုင်သလို Isfahan နားက ယူရေနီယံတွေကို သိမ်းယူဖို့လည်း ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ပင်တဂွန်ကတော့ ဘာမှမပြောသေးပါဘူး။

အီရန်ဖက်က ဆော်ဒီကို တိုးမြှင့်တိုက်ခိုက်လာသလို အစ္စရေးကိုလည်း ကုလက တားမြစ်ထားတဲ့ cluster munition တွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။

Leave a comment