Operation Epic Fury (30)

အီရန်က ပြည်သူအပေါ်ရက်စက်တဲ့ အကြမ်းဖက်မူလာတွေကို စာနာပြနေကြသူတွေက အမြဲလိမ် မီဒီယာတွေကို ကိုးကားပြီး အီရန်က ထရမ့်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းနေတာ မဟုတ်ပါဘူး၊ ထရမ့်က လိမ်နေတာပါလို့ ထုံးစံအတိုင်း ဖွကြပေမယ့် အီရန်အစိုးရထိပ်ပိုင်းကလာတဲ့ ရင်းမြစ်တွေကတော့ ယူအက်စ်နဲ့ အီရန်ကြား ဆက်သွယ်မှုတွေ ရှိနေတယ်လို့ အတည်ပြုသွားပါတယ်။

ယူအက်စ်ဘက်က ၁၅ချက်ပါ အပစ်ရပ်ကမ်းလှမ်းချက်ကို ချပြခဲ့ပြီး အီရန်မှာ တွင်းအောင်းနေရတဲ့ မူလာတွေက ရယ်စရာကောင်းတဲ့ တောင်းဆိုချက် ၅ခုနဲ့ တုန့်ပြန်ကြပါတယ်။

အမေရိကန်ရဲ့ ကမ်းလှမ်းချက် ၁၅ခုအနက် ၁၄ခုက

၁။ အီရန်ရဲ့ လက်ရှိနျူကလီးယားစွမ်းရည်များကို ဖျက်သိမ်းဖို့၊

၂။ အီရန်က နျူကလီးယားလက်နက်များကို ထုတ်လုပ်ဖို့ ဘယ်တော့မှ မကြိုးစားရန် ကတိပြုဖို့၊

၃။ အီရန်ပိုင်နက်ထဲမှာ ယူရေနီယမ် သန့်စင်မှု မပြုဖို့၊

၄။ အီရန်ရဲ့ သန့်စင်ပြီးယူရေနီယမ်များကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) သို့ လွှဲပြောင်းပေးဖို့၊

၅။ နာတန်ဇ်၊ အစ်ဖာဟန်နှင့် ဖို့ဒိုရှိ နျူကလီးယားစက်ရုံများကို ဖျက်သိမ်းဖို့၊

၆။ IAEA အား အီရန်၏ နျူကလီးယားစက်ရုံများသို့ အပြည့်အဝ ဝင်ရောက်ခွင့်ပေးဖို့၊

၇။ အီရန်က ဒေသတွင်းမှာ proxy တွေမွေးပြီး သူတို့ကနေတဆင့် စစ်မီးမွှေးနေတာကို စွန့်လွှတ်ဖို့၊

၈။ အီရန်က သူတို့ရဲ့ proxy တွေကို ရန်ပုံငွေထောက်ပံ့ခြင်း၊ ညွှန်ကြားခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ကို ရပ်တန့်ဖို့၊

၉။ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားဖို့၊

၁၀။ အီရန်ဒုံးကျည်အစီအစဥ်ကို အကွာအဝေးနှင့် အရေအတွက် နှစ်မျိုးလုံးမှာ ကန့်သတ်ထားဖို့၊

၁၁။ အီရန်က ဒုံးကျည်တွေကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက်သာ အသုံးပြုဖို့၊

အဲဒါတွေကို လိုက်နာမယ်ဆိုရင် အီရန်နိုင်ငံက အောက်ပါ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။

၁၂။ နိုင်ငံတကာအသိုင်းအဝိုင်းမှ ချမှတ်ထားသော ပိတ်ဆို့မှုများ အဆုံးသတ်မယ်၊

၁၃။ အီရန်ရဲ့ အရပ်ဘက်နျူကလီးယားအစီအစဉ်ကို အမေရိကန်က ကူညီမယ်၊

၁၄။ အီရန်က အချက် ၁-၁၁ ကိုလိုက်နာရန် ပျက်ကွက်ခဲ့ပါက ပိတ်ဆို့မှုများကို အလိုအလျောက် ပြန်လည်ချမှတ်သွားမယ့်စနစ်ကို ပယ်ဖျက်ပေးမယ်။

အီရန်ဘက်က တောင်းဆိုချက် ၅ခုက

၁။ ကျူးကျော်မှုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို အပြည့်အဝ ရပ်ဆိုင်းပေးဖို့၊

၂။ အစ္စလာမ္မစ်အစိုးရအပေါ် နောက်ထပ် စစ်မဆင်နွှဲမှာ သေချာစေတဲ့ ခိုင်မာတဲ့စနစ်တရပ် ချမှတ်ဖို့၊

၃။ စစ်ကြောင့် ပျက်စီးဆုံးရှုံးတာတွေနဲ့ စစ်လျော်ကြေးပေးရန် အာမခံဖို့၊

၄။ စစ်ရပ်ရင် ဒေသတွင်းက ခုခံရေးအင်အားစု (အီရန်ရဲ့ proxy) တွေအပေါ် တိုက်ခိုက်တာတွေပါ ရပ်ဆိုင်းဖို့၊

၅။ ဟော်မုဇ်ဟာ အီရန်ရဲ့ အချုပ်အချာပိုင် အခွင့်အရေးဆိုတာကို နိုင်ငံတကာက အသိအမှတ်ပြုဖို့နဲ့ အာမခံဖို့၊ စတာတွေဖြစ်ပါတယ်။

အမေရိကန်ဘက်က တောင်းဆိုတာတွေက ကိုယ့်အကျိုးစီးပွားထက် ဒေသလုံခြုံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လွတ်လပ်စွာ ကုန်သွယ်ရေးကို ဦးတည်ပြီး အီရန်ဘက်က တောင်းဆိုချက်တွေက ငါတို့ကို မသတ်ပါနဲ့၊ ငါတို့အစိုးရကို စစ်မတိုက်ပါနဲ့၊ ငါတို့အောက်ဆွဲတွေကိုလည်း မတိုက်ပါနဲ့၊ နိုင်ငံတကာပိုင်ဟော်မုဇ်ကို ငါတို့ပိုင်လုပ်မယ်၊ ငါတို့မိုက်မဲတာတွေအတွက် မင်းတို့ပြန်ပေးရမယ် စတဲ့ ငါ့ဘို့ ငို့ဘအချက်တွေချည့် ဖြစ်နေတာ တွေ့ရမှာပါ။ ပြည်သူအတွက် တခုဆို တခုမှ မပါပါဘူး။

တီဟီရန်က ထရမ့်သားမက် Jared Kushner နဲ့  အထူးသံတမန် Steve Witkoff တို့နဲ့ ဆက်မဆွေးနွေးချင်ပဲ ဒုသမ္မတဗန့်စ်နဲ့ တိုက်ရိုက်ဆွေးနွေးချင်ကြောင်း တောင်းဆိုလာပါတယ်။ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ဗန့်အသံ သိပ်မကြားရတဲ့အတွက် ဒီစစ်ကို ဆန့်ကျင်သူ၊ ထရမ့်လက်ရွေးစင်တွေလောက် ဆွေးနွေးရမကြပ်သူလို့ ထင်တာဖြစ်ပါလိမ့်မယ်။ ထရမ့်က ဗန့်စ်ပါတာပေါ့၊ ဒီစစ်အတွက် ဆွေးနွေးမှုတွေမှာ ဗန့်စ်ရာ၊ ရူဘီယိုရော ငါရော အကုန်ပါတယ်လို့ တု့န်ပြန်ထားပါတယ်။ တီဟီရန်က ရှိမဲ့စုမဲ့ ကျန်တဲ့ခေါင်းဆောင်တွေ ဆွေးနွေးဖို့ထွက်လာရင် အရှင်းခံရမှာလည်း စိုးရိမ်နေလို့ သံသယတွေ ပွားနေတာဖြစ်ကြောင်း WSJ က တင်ပြထားပါတယ်။ ဘာပဲပြောနေနေ အချင်းချငိး သံသယတွေဝင်ပြီး သွေးပျက်နေတာကတော့ ထင်ရှားနေပါတယ်။

အခုလို မြေအောက်ကျွင်းတွေထဲ ပုန်းအောင်းနေရတဲ့အချိန်မှာတောင် အီရန်မူလာတွေ အားအစိုက်ဆုံး ၂ခုက အပြစ်မရှိတဲ့ အိမ်နီးချင်းနိုင်ငံ တွေရဲ့ ရေနံစီးပွားကို ဖျက်ဖို့နဲ့ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ကျယ်ပြန့်မလာအောင် လုပ်ဖို့တွေပဲ ဖြစ်နေတာပါ။ ပထမတခုက ရှုံးမဲမဲတာဖြစ်ပြီး လူအင်အား သိပ်မလိုပါဘူး။ ပြည်သူကို ထိန်းချုပ်ဖို့ကတော့ လူအင်အား အများကြီးသုံးရပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်အာဏာရှင်ပဲဖြစ်ဖြစ် သူတို့အာဏာမြဲဖို့ ပြည်သူကို အကြောက်တရားနဲ့ ဖိနှိပ်ကြတာ ဖြစ်လို့ ပြည်သူအာဏာရပြီး သူတို့ကို ပြန်စီရင်မှာကို သေမလောက်ကြောက်ကြတာပါ။

အီရန်အဆိုးရ အကြပ်ရိုက်နေစဥ်မှာ ဂျီဟတ်သမားများက IRGC နဲ့ Quds တပ်တွေအတွက် လစာမပေးပဲ ရှိသမျှငွေလေးတွေ ခိုးပြီးထွက်ပြေးနေကြလို့ အခုထရမ့်အဖွဲ့နဲ့ ဆွေးနွေးနေတယ်လို့ သတင်းထွက်နေတဲ့ လွှတ်တော်စပီကာ Ghalibaf က ပြန်ပေးဖို့ တောင်းနေရပါတယ်။ အဲဒီလို ကိုယ့်တပ်သားတွေအတွက်ပိုက်ဆံ ကိုယ်ပြန်ခိုး/ ခြစားနေသူတွေက တိုင်းပြည်ရဲ့ ရတနာတွေကို ကာကွယ်မယ်ဆိုတာ ဘယ်လိုယုံကြည်ရမှာလဲလို့ Ghalibaf က မေးခွန်းထုတ်လိုက်ပါတယ်။

တီဟီရန်မြို့လယ် မြေအောက်နက်နက်က ဘန်ကာထဲမှာ IRGC command center ရှိပြီး အဲဒီမှာ ထိပ်ပိုင်း ၅၀ကျော်က အကြမ်းဖက်ဖို့၊ ဒုံးကျည်ပစ်ဖို့၊ ပြည်သူကိုဖိနှိပ်ဖို့တွေ စီစဥ်နေချိန်မှာ အစ္စရေးလေတပ်က တမလွန်မှာ ဆက်လက်စီစဥ်နိုင်ဖို့ ပို့ပေးလိုက်ပြီဖြစ်ပါတယ်။

အိန္ဒိယက သူ့ရဲ့ LNG တင်သွင်းမှု ၉၀% ဟာ ဟော်မုဇ်ကိုဖြတ်လာရတာဖြစ်လို့ ဟော်မုဇ်ပိတ်ထားတာ သူ့ပြည်တွင်းမှာ အကြပ်ရိုက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် သူ့ LNG သင်္ဘောတွေကို ကာကွယ်ပေးဖို့ ဖျက်သင်္ဘောတွေအပါအဝင် တိုက်ရေယာဥ် ၇စီး လွှတ်ထားပြီ ဖြစ်ပါတယ်။ ဟော်မုဇ်ရေလက်ကြားက နိုင်ငံတကာနဲ့ဆိုင်တဲ့ ရေလမ်းကြောင်းဖြစ်တဲ့အတွက် UN Convention on the Law of the Sea အရ ခွင့်ပြုချက်မလို၊ သင်္ဘောသားစာရင်းပြစရာမလို၊ ကာကွယ်စောင့်ရှောက်ခ/ ဖြတ်သန်းခ ပေးစရာ မလိုတဲ့အတွက် အိန္ဒိယသင်္ဘောတွေရဲ့ ဖြတ်သန်းပိုင်ခွင့်ကို ပြန်လည်ရယူဖို့ ဆုံးဖြတ်ထားဟန် တူပါတယ်။

အမေရိကန်က ခါ့ဂ်ကျွန်းစတဲ့ အီရန်ကျွန်းတွေ၊ မြေတွေကို သိမ်းမယ်ဆိုရင် အီရန်က ဟော်မုဇ်တင်မကပဲ ပင်လယ်နီထွက်ပေါက် ဖြစ်တဲ့ Bab al-Mandeb ရေလက်ကြားကိုပါ ထိန်းချုပ်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ အဲဒီရေလက်ကြားက တနှစ်ကို ၁ထရီလီယံဖိုး ကုန်စည်တွေ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ၂၀၂၄တုန်းကလည်း အီရန်က ဟူသီတွေကနေတဆင့် ရေကြောင်းသွားလာမှုကို နှောက်ယှက်ခဲ့တဲ့အတွက် သင်္ဘောတွေက အာဖရိကကိုပတ်ပြီး သွားခဲ့ရတာပါ။ ကုန်ကျစားရိတ် ၃ဆတက်ပြီး supply chain တွေ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ ၂ခုလုံးကနေ တနေ့ရေနံစည် ၂၅သန်းထွက်နေတာဖြစ်လို့ ၂ခုလုံးပိတ်ရင် ပိုကြပ်တည်းကြဦးမှာပါ။ တကမ္ဘာလုံးရဲ့ အရေးဖြစ်လို့ အားလုံးပါဝင်လာကြရင် ပွဲမြန်မြန်ပြီးမှာပါ။ မပါရင်လည်း အီရန်နိဂုံးက နီးနေပြီဖြစ်ပါတယ်။

အိမ်နီးချင်းတွေကို ဆက်လက်တိုက်ခိုက်နေတဲ့ အီရန်ကို ပြန်တိုက်ဖို့ ဆော်ဒီက ပြင်ဆင်နေပြီဖြစ်သလို ယူအေအီးကလည်း သူ့ဆီက ဘဏ်တွေမှာ ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေ၊ ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်ထားလိုက်ပြီး စစ်ရေးအရပါ အရေးယူရတော့မလား စဥ်းစားရင်း စစ်ပြင်နေပါပြီ။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် (MBS) က အီရန်က အစ္စလာမ္မစ်အစိုးရဟာ အစိုးရဟန်ဆောင်ထားတဲ့ ဝါဒနဲ့အကြမ်းဖက်တဲ့ ယန္တရားတခုသာဖြစ်ကြောင်း၊ ပြည်သူတွေငတ်နေတာ ဂရုမစိုက်ပဲ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ proxy တွေကနေ ကမ္ဘာကို မငြိမ်မသက်ဖြစ်အောင် လုပ်နေတာ ဖြစ်ကြောင်း၊ သက်သေက ၂၀၁၅မှာ အိုဘမက နျူလက်နက်ထုတ်လုပ်ဖို့ လုံလောက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့ လိုအပ်ချိန်ကို  ၂-၃လကနေ အနည်းဆုံး ၁နှစ် တိုးမြှင့်ရန်ဆိုတဲ့ သဘောတူညီချက်စာချုပ်နဲ့ ၁၅၀ဘီလီယံ ဆန်ရှင်သက်သာခွင့် ပေးခဲ့ကြောင်း၊ (နျူမထုတ်ဖို့မဟုတ်ဘူးနော်၊ လျော့ချခြင်းဖြင့် အချိန်ပိုယူဖို့ပဲပါတာ)၊ အဲဒီပိုက်ဆံတွေကို ကျောင်းတွေ၊ စက်ရုံတွေ၊ လမ်းတွေ၊ အိမ်ယာတွေအတွက် တပြားမှ  မသုံးပဲ ဒုံးကျည်တွေပဲ လှိမ့်ထုတ်ပြီး ဟဇ်ဘိုလာနဲ့ ဟူသီတွေကတဆင့် ငါတို့ဆီ ပစ်ခတ်ရန်စ နေခဲ့ကြောင်း၊ အိုစမာဘင်လာဒင်ရဲ့သား ဟမ်ဇာအပါအဝင် Al Qaeda ခေါင်းဆောင်တွေကိုလည်း အီရန်ကပဲ ကာပေးထားပြီး ဟမ်ဇာကို ကမ္ဘာ့ဂျီဟတ်ဒီတဦးဖြစ်လာအောင် ပုံသွင်းနေကြောင်း၊ အကြမ်းဖက်နိုင်ငံကို အကြမ်းဖက်လိုပဲ ကိုင်တွယ်ရမှာ ဖြစ်ကြောင်း၊ အဲဒါကြောင့် ငွေလည်းမပေးနဲ့၊ အပေးအယူ လည်းမလုပ်နဲ့၊ အမြင်လည်းမမှားနဲ့၊ တခါတည်းသာအပြီး ရှင်းပစ်ပါလို့ ပြောနေခဲ့တာပါ။  

ဆော်ဒီမင်းသားပြောမယ်ဆိုလည်း ပြောစရာပါပဲ။ ၂၀၂၅နှစ်စမှာ ၁ဒေါ်လာကို ရီယယ်၈သိန်းရှိခဲ့ရာက နှစ်ကုန်ရောက်တော့ ၁.၄၃သန်းဖြစ်သွားပါပြီ။ ရီယယ် ၁သန်းတန်ပိုက်ဆံတောင် ရိုက်ထုတ်သုံးစွဲနေရတဲ့ အခြေအနေပါ။ ရှားဘုရင်လက်ထက်မှာ စက်မှုထွန်းကားပြီး ချမ်းသာခဲ့တဲ့နိုင်ငံက လက်နက်တွေသာ ခေတ်မီနေပေမယ့် ပြည်သူတွေက ကားအိုကားဟောင်းတွေကို ဖြစ်အောင်သုံးစွဲနေရဆဲ ဖြစ်ပါတယ်။

Leave a comment