ဒီနေ့ အစ္စရေးစစ်တပ်က ကြိုတင်သတိပေးထားတဲ့အတိုင်း အီရန်အလယ်ပိုင်း Yazd က ယူရေနီယံ ထုတ်လုပ်တဲ့ Ardakan Yellowcake Production Plant ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ သန့်စင်ပြီး ယူရေနီယံရလာဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို တူးဖော်ပြီး စက်မှုနည်း ဓါတုနည်းတွေနဲ့ ကုန်ချော ထုတ်လုပ်တဲ့ တခုတည်းသောစက်ရုံဖြစ်ပြီး နျူလက်နက်မှာ သုံးစွဲနိုင်တဲ့ nuclear fuel cycle ရဲ့ ကနဦး ထုတ်လုပ်တဲ့အဆင့်တွေမှာ အရေးပါတဲ့စက်ရုံလို့ အစ္စရေးတို့က ဖော်ပြထားပါတယ်။ ဒီစက်ရုံကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြင့် အီရန်ဟာ နောက်နောင် နျူလက်နက်ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ (လွယ်လွယ်) မရနိုင်တော့ပဲ ဖြစ်သွားမယ်လို့ ဆိုပါတယ်။
အစ္စရေးတပ်တွေက Ardakan က စက်ရုံအပြင် နျူထုတ်လုပ်မှုနဲ့ ဆက်စပ်နေတဲ့ Arak heavy-water plant နဲ့တကွ ဓါတုလက်နက်သုတေသန အဆောက်အဦတို့ကိုပါ ပစ်ခတ်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီ ၃ခုစလုံးကို မပစ်ခတ်ခင်မှာ Arak နားက အရပ်သားတွေကို တိမ်းရှောင်ဖို့ သတိပေးထားခဲ့တာပါ။
Isfahan က ဒုံးကျည်ထုတ်လုပ်သိမ်းဆည်းရာ လှိုဏ်ခေါင်းတွေဟာလည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲခံရတဲ့အတွက် လုပ်ပြီးနဲ့ တပိုင်းတစတပ်ဆင်ထားတဲ့ ဒုံးကျည်ပေါင်း ၁၀၀ကျော် ပျက်စီးသွားပြီး လက်နက်ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ ဒါဇင်နဲ့ချီတဲ့ သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာများ သေဆုံးခဲ့ပါတယ်။ အပစ်ရပ်ဖို့ ဆွေးနွေးဆဲဖြစ်ပေမယ့် ဆွေးနွေးပွဲမှာ အသာရချင်ကြတာကြောင့် နှစ်ဖက်လုံးက ဆက်တိုက်နေကြတာဖြစ်ပါတယ်။ အီရန်မှာ မြေအောက်ဘန်ကာတွေကနေ ဒုံးကျည်တွေ ဒရုန်းတွေ ပစ်လွှတ်နေတာကြောင့် ဒေသတွင်းက အရပ်သားတွေ သေကြေပျက်စီးကြရတဲ့အတွက် အခုလို ဖျက်ဆီးရတာလို့ ဆိုပါတယ်။
ဒီနေ့မှာ အမေရိကန်တပ်တွေက Isfahan က Mobarakeh စတီးစက်ရုံနဲ့ Ahvaz က Khuzestan Steel တို့ကို ပစ်ခတ်ခဲ့တဲ့အတွက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်တာရော နျူစက်ရုံတွေကို တိုက်ခိုက်တာရဗာကို လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးက စတီးစက်ရုံ ၆ခုနဲ့ အခြားပင်လယ်ကွေ့နိုင်ငံ တွေက စတီးစက်ရုံ ၅ခုတို့က အစ္စရေးနဲ့ အမေရိကန်ကုမ္ပဏီ ဝန်ထမ်းတွေကို အမြန်ဆုံး ပြန်လည် ခေါ်ယူဖို့ သတိပေးလိုက်ပါပြီ။ အဲဒီအပေါ်မှာ တုန့်ပြန်ချက်တွေက ထုံးစံအတိုင်း ၂မျိုးကွဲထွက်လာပါတယ်။
စစ်စခန်းတွေကို တိုက်ခိုက်ရာကနေ စီးပွားရေးအခြေခံ အဆောက်အဦတွေဘက်ကို ရောက်လာတဲ့ အတွက် စတီးဈေးတွေ မြောက်သွားမှာ၊ ဆီဈေး ကယောက်ကယက်ဖြစ်မှာတွေ ပူပန်ကြသူတွေရှိသလို လေထွားတဲ့ အီရန်ရဲ့ လုပ်နိုင်စွမ်းကို သံသယရှိကြသူတွေလည်း ရှိနေပါတယ်။ မဆိုင်တဲ့နိုင်ငံတွေရဲ့ စီးပွားရေး အခြေခံအဆောက်အဦကို စကတဲက အီရန်က တိုက်ခိုက်နေခဲ့တာဆိုတော့ အဲဒီတုန်းက ဘာကြောင့် လူတွေမရှောင်ခိုင်းတာပါလိမ့်လို့လဲ တွေးကြည့်မိပါတယ်။
အဲဒီ Isfahan ခရိုင် Nushabad မြို့မှာ လက်နက်ကိုင်ပြီး လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတဲ့ အီရန် အရပ်သားတွေက IRGC လုံခြုံရေးယာဥ်တွေကို ပျောက်ကြားစစ်နဲ့ တိုက်ပွဲဝင်ပြီး ဖိနှိပ်သူတွေကို ရှင်းလင်းသုတ်သင်နေကြပြီဖြစ်ပါတယ်။ အလစ်အငိုက်ခံလိုက်ရတဲ့ IRGC ကားတွေ မီးလောင်ပြီး ခိုးသားတွေက သေသူသေ၊ ခြေဗလာနဲ့ ထွက်ပြေးသူပြေး ဖြစ်ကုန်ပါပြီ။
မတ်လ ၂၃ရက်နေ့က အစ္စရေးတပ်တွေက အီရန်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာ ဌာန တွဲဖက်ပါမောက္ခ Dr. Saeed Shamghadri ရဲ့ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ဒေါက်တာ ရှမ်ဂါဒရီဟာ သူ့ခလေး ၂ဦးနဲ့အတူ သေဆုံးသွားခဲ့ပါပြီ။ အဲဒီလူဟာ အီရန်ရဲ့ ဒုံးကျည်ပဲ့ထိန်းစနစ်၊ နျူနဲ့ ဒရုန်းစီမံကိန်းတွေမှာ control engineering အထူးကျွမ်းကျင်သူအနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက် နေတာ ဖြစ်ပါတယ်။ ထိန်းချုပ်ရေးစနစ်တွေဟာ တာဝေးပစ်ဒုံးကျည်တွေမှာရော ဒရုန်းတွေ အပြုံလိုက် ပစ်လွှတ်တာတွေမှာ အဓိကကျတဲ့ ဦးနှောက်လိုဖြစ်နေတာကြောင့် အဲဒီလူကို သုတ်သင်လိုက်ခြင်းဖြင့် ဒေသတွင်း အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်မယ့် လက်နက်တွေ လျော့နည်းလာနိုင်ပါတယ်။
၁၅ရက်နေ့က တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ ရေတပ်ကွန်မန်ဒါ တန်စီရီနဲ့အတူ IRGC ရေတပ် ဒုထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Behnam Rezaei လည်း သူ့ဆရာနောက် လိုက်သွားခဲ့ပြီ ဖြစ်ပါတယ်။ Kashan မြို့မှာ ပန်းဆိုင်ဖွင့်ထားပြီး အဲဒီဆိုင်ကို ဗန်းပြကာ နောက်ကွယ်မှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေခဲ့တဲ့ IRGC တပ်သားတွေကို တိတိကျကျပစ်ခတ်နိုင်တဲ့ဗုံးနဲ့ ရှင်းလင်းခဲ့ပါပြီ။ လက်နက်မဲ့ပြည်သူအပေါ် ရက်စက်ကြသလောက် ကိုယ့်အလှည့်ကျတော့ သတ္တိကြောင်ပြီး ပန်းဆိုင်တွေ၊ ကျောင်းတွေ၊ ပလီတွေမှာ ပုန်းအောင်းနေကြတာ ဖြစ်ပါတယ်။။
လာမယ့် ၁၀နှစ်အတွင်းမှာ အမေရိကန်မှာ ၁.၄ထရီလီယံရင်းနှီးမြှုပ်နှံမယ့် မဟာမိတ်ယူအေအီးက အီရန်ရဲ့ နျူစွမ်းရည်နဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို မဖျက်ဆီးနိုင်သ၍ ဘာအပေးအယူမှ မလုပ်ဘူး ဆိုပြီး စစ်ပြင်နေပါပြီ။ ဟော်မုဇ်နဲ့ အကြပ်ကိုင်ထားတာကြောင့် ယူအေအီးလည်း ရေနံတင်ပို့မှု ရပ်တံ့နေတဲ့အပြင် သူတို့ရဲ့ စီးပွားရေးကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူအေအီးအနေနဲ့ အခုလို အီရန်ဘက်က ရေတပ်နဲ့ လေတပ်မရှိတော့တဲ့အချိန်မှာ ပါးရှန်းပင်လယ်ကွေ့ ထဲက အချက်အချာကျတဲ့နေရာမှာရှိတဲ့ အီရန်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ Abu Musa, Greater Tunb နဲ့ Lesser Tunb ကျွန်း၃ခုကို ဝင်တိုက်ပြီး သိမ်းလိုက်နိုင်ရင် risk ကြီးပေမယ့် အားလုံးအတွက် အဆင်ပြေ သွားနိုင်တယ်လို့ ယူဆကြသူတွေလည်း ရှိနေပါတယ်။ သူတို့တပ်တွေဝင်သိမ်းပြီး အမေရိကန်က လေ/ကာစနစ်နဲ့ ကာပစ်ပေးတာမျိုးလောက်ပဲဆိုရင်တော့ အမေရိကန်တွေက ပိုသဘောကျမှာပါ။
ကမ္ဘာမှာ အထီးကျန်သထက် ကျန်လာပြီဖြစ်တဲ့ အီရန်ဟာ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယပြီးရင် ကမ္ဘာ့နံပါတ် ၅ စစ်အင်အားကြီးနေရာမှာ ရှိနေတဲ့ တ/ကရယကို ဖားတဲ့အနေနဲ့ မင်းတို့က ငါတို့ရန်သူ မဟုတ်ပါဘူး၊ ငါတို့နဲ့ ကြိုညှိထားရင် မင်းတို့သင်္ဘောတွေကို ပေးသွားနိုင်ပါတယ်လို့ ပြောလိုက်ပါတယ်။ ဟော်မုဇ်မှာ သင်္ဘောသား ၁၈၀ခန့်လိုက်ပါလာတဲ့ တ/ကရယသင်္ဘော ၂၆စီး ပိတ်မိနေတာပါ။ ဟော်မုဇ်ကို လုံခြုံစွာ ဖြတ်သန်းဖို့အတွက် အမေရိကန်ဦးဆောင်ခေါ်ယူနေတဲ့ မဟာမိတ်အုပ်စုထဲ ပါဝင်ဖို့ ဆန္ဒရှိကြောင်းပြောထားပေမယ့် ခုထိ ဘာကတိကဝတ်မှ မပြုရသေးပါဘူး။
အခုလိုအခြေအနေမှာ အီရန်က တရုတ်ပိုင် COSCO ကွန်တိန်နာတင်သင်္ဘော ၂စီးကို ဟော်မုဇ်ကနေ ပြန်လှည့်ခိုင်းလိုက်လို့ Banda Abbas ဆိပ်ကမ်းနားက Larak ကျွန်းကနေ ပြန်လှည့်သွားရတယ်လို့ WSJ က တင်ပြထားပါတယ်။ ဟော်မုဇ်က လုံးဝကြီးအဝင်အထွက်မရှိတော့တာတော့ မဟုတ်ပါဘူး၊ တချို့တလေက ဖြတ်ဖို့ကြိုးစားပြီး ဖြတ်နိုင်သွားကြတာလည်း ရှိပါတယ်။
အမေရိကန်ရေတပ်ကတော့ ပါရှန်းပင်လယ်ကွေ့က အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ စက်ရုပ်စပိဘုတ်တွေ ထုတ်သုံးလာပါပြီ။ လူလိုက်ပါခြင်းမရှိတဲ့ ဒရုန်းဘုတ်လေးတွေဟာ ဟော်မုဇ်ရေလက်ကြားမှာ ပတ္တရောင်လှည့်နေပြီဖြစ်ပါတယ်။ အဲဒီ Global Autonomous Reconnaissance Craft (GARC) ဘုတ်လေးတွေဟာ ၅မီတာလောက်ပဲရှည်ပြီး အကြမ်းခံတဲ့အပြင် စောင့်ကြည့်တာတင်မကပဲ ကာမီကာဇီစပိဘုတ်တွေကိုလည်း ဝင်တိုက်ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ အဲဒါကြောင့် အမေရိကန်ရေတပ်သားတွေအသက်ကို ရင်းစရာ မလိုတော့ပါဘူး။ GARC တွေက ခုထိ နာရီပေါင်း ၄၅၀ ရေမိုင် ၂၂၀၀ကျော် ပက်ထရိုလှည့်ထားပြီးဖြစ်ပါတယ်။
ယူကရီန်းက ရုရှားရဲ့ ပင်လယ်နက်ဒေသက စစ်သင်္ဘောတွေကို GARC နဲ့ ဆင်တဲ့ ၂သိန်းခွဲတန်ဒရုန်းဘုတ်တွေနဲ့ ခံချခဲ့တာပါ။ အမေရိကန်ဖျက်သင်္ဘောတစီးက ဘီလီယံနဲ့ချီတန်ပြီး အီရန်သင်္ဘောပစ်ဒုံးကျည်က သန်းချီတန်တဲ့ အချိန်မှာ ဒီဒရုန်းဘုတ်လေးတွေက game changer ဖြစ်ပါတယ်။ BlackSea Technologies က အမေရီကန်ဒရုန်းဘုတ် GARC တွေကို တခုကို ၇သိန်းခွဲနဲ့ တလကို ၃၂စီး ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။
စစ်ပွဲအစမှာ သမားရိုးကျ အကုန်အကျများတဲ့ လက်နက်တွေသုံးတဲ့ အမေရိကန်နဲ့ ဈေးပေါတဲ့ ဒရုန်းတွေ များများသုံးနိုင်တဲ့ အီရန်တို့ရဲ့ စစ်ပွဲဟာ မညီမျှတဲ့ asymmetric warfare ဖြစ်ခဲ့လို့ အမေရိကန်တို့ ကုန်ကျစရိတ်နဲ့ စစ်ပမ်းတော့မယ်ဆိုပြီး မူလာတို့ ပျော်နေခဲ့ကြတာပါ။ အခုတော့ အမေရိကန်ဘက်ကလည်း ဒရုန်းတွေ လူမပါတဲ့ယာဥ်တွေ ပြန်သုံးလာတဲ့အတွက် စစ်က symmetric warfare ညီမျှလာပြီ ဖြစ်လို့ မူလာတို့တွက်ကိန်းတွေ လွဲရပြန်ပြီလို့ ဆိုရမှာပါ။
