အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်မှာ ပါကစ္စတန်၊ တူရ်ကီ၊ အိုမန်၊ ကာတာနဲ့ တရုတ်တို့က ကြားဝင် ညှိနှိုင်းပေးသူအနေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဝါရှင်တန်နဲ့ရော တီဟီရန်နဲ့ပါ အလွမ်းသင့်တဲ့ ပါကစ္စတန်က အဓိကဖြန်ဖြေသူ ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်ကိုယ်တိုင်က ပဋိပက္ခကင်းနေသူတော့ မဟုတ်ပါဘူး။ အာဖဂန်နဲ့စစ်ပွဲကို အိဒ်ကာလအတွက် ဆော်ဒီ၊ တူရ်ကီ၊ ကာတာတို့ဖြန်ဖြေပေးမှုနဲ့ ခေတ္တ ရပ်နားခဲ့တာက ခုပြန်စနေပြီဖြစ်ပြီး အိန္ဒိယနဲ့ စစ်ပွဲတုန်းကလည်း အမေရိကန်က ဖြန်ဖြေပေးခဲ့ရတာပါ။
အမေရိကန် အစ္စရေးနဲ့ အီရန်ကြား ဖြန်ဖြေဖို့ အကြိုးစားခဲ့ဆုံးကတော့ တရုတ်ပါ၊ အဲဒီမှာ အောင်မြင်စွာ ဖြန်ဖြေပေးနိုင်ခဲ့ရင် တရုတ်ဝါးမြိုချင်နေတဲ့ အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံတွေ အမြင်မှာ အားကိုးစရာဖြစ်လာမှာကို မျှော်လင့်နေတာပါ။ ဒါပေမယ့် အမေရိကန်ရဲ့ အကျိုးစီးပွား လိုလားသူလည်း မဟုတ်၊ စနစ်ချင်းကလည်း ဝိရောဓိ၊ ယုံစရာလည်းမရှိတဲ့အတွက် အမေရိကန်က အဖက်ကို မလုပ်ခဲ့တာပါ။ အီရန်ကလည်း လက်နက်ပေးမယ်ဆိုတဲ့ စကားကလွဲလို့ ဘာကိုမှ နားထောင်မနေပါဘူး။ စစ်ရေးအရ ကူညီရင်လည်း အမေရိကန်နဲ့ လုံးဝ ထိပ်တိုက်တွေ့မယ်၊ မကူပြန်ရင်လည်း တီဟီရန်အပေါ် ရှိနေတဲ့ ဩဇာပျက်စီးဆိုတော့ တရုတ်အတွက် ဘေးကျပ်နံကျပ်ပါပဲ။ ရှေ့ကို သူ့ဩဇာတည်ဆောက်ဖို့ ခက်သွားတော့မှာပါ။
အများက တရုတ်နဲ့ ရုရှားက အီရန်နဲ့ မဟာမိတ်တွေလို နီးကပ်တယ်လို့ မြင်ကြပေမယ့် ပေကျင်းနဲ့ မော်စကိုတို့က အီရန်ကို အမေရိကန်နဲ့ အပေးအယူ လုပ်ရာမှာ အသုံးချဖို့နဲ့ သူတို့အပေါ်ကျလာမယ့် သံတမန်ရေးဖိအားတွေကို သက်သာစေဖို့လောက်ပဲ ရှုမြင်ကြတာဖြစ်ပါတယ်။ အဲဒါကို သဘောပေါက် လာပုံရတဲ့ အီရန်က တရုတ်သင်္ဘောတွေကို အရင်လိုပေးမသွားတော့တာ ဖြစ်နိုင်ပါတယ်။ ရှီက ဝမ်ယိကို တရုတ်သင်္ဘောတွေ ဟော်မုဇ်ကို လွတ်လပ်လုံခြုံစွာဖြတ်ခွင့်ရဖို့ အီရန်နဲ့ အကြိမ်ကြိမ် စကားပြောခိုင်းနေခဲ့ပေမယ့် အီရန်က သူတို့ဆီဝင်မယ့် ကုန်သင်္ဘောတွေကိုပဲ လုံခြုံရေးအာမခံမယ်လို့ တုန့်ပြန်ခဲ့တာပါ။
ဟော်မုဇ်ပြဿနာကြောင့် တရုတ်စီးပွားရေးလည်း အထိနာနေပါပြီ။ ဓါတုပစ္စည်းတွေ၊ ဝက်စာ၊ ကောက်နှံတွေ ဈေးတက်ပြီး စွမ်းအင်ဈေးတက်တာကြောင့် ပြည်ပပို့ကုန်တွေ အကြီးအကျယ် ထိခိုက်လျက် ရှိပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေကို ပို့ဖို့ အထူးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေက တခြားကိုပြောင်းပို့လို့လည်းမရတော့ တရုတ်ဆိပ်ကမ်းမှာ သောင်တင်နေပါပြီ။ ဂွမ်ဒေါင်ခရိုင် တခုတည်းမှာတင် ထောင်ချီတဲ့ ကွန်တိန်နာတွေ တင်ပို့လို့မရတဲ့အတွက် စက်ရုံတွေရပ်၊ ငွေတွေအိပ်၊ ပို့ဆောင်ရေးနဲ့ အာမခံဈေးတွေတက်နဲ့ သူတို့မွေးထားတဲ့မျောက်က သူတို့ကို ဒုက္ခပြန်ပေးတာကို ခံနေရတာဖြစ်ပါတယ်။
သမ္မတထရမ့်က အိန္ဒိယဝကခမိုဒီဆီ ဖုံးခေါ်ပြီး အီရန်နဲ့စစ်ကိစ္စ၊ ဟော်မုဇ်ကို အကြပ်ကိုင်ထားတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုဖုံးခေါ်တဲ့အချိန်မှာ အီလွန်လည်း ဘေးမှာ ရှိနေခဲ့ပါတယ်။ အီလွန်က ကမ္ဘာမှာ ဘေးအန္တရာယ်တခုခုကြောင့် လိုအပ်လာချိန်တိုင်း သူ့ရဲ့ starlink ကို အခမဲ့ ပေးသုံးလေ့ရှိသလို rapid logistics အတွက် Space X ရှိပြီး တက်စ်လာနည်းပညာနဲ့ energy grid တွေကို လုံခြုံအောင် ပြုလုပ်နိုင်သူဖြစ်တဲ့အပြင် အိန္ဒိယမှာလည်း တက်စ်လာစက်ရုံအတွက် ၂-၃ဘီလီယံ ရင်းနှီးမြှုပ်နှံသွားဖို့ စီစဥ်နေသူဖြစ်ပါတယ်။
ထိုင်းကတော့ သူတို့သင်္ဘောတွေ ဟော်မုဇ်ကိုပေးဖြတ်ဖို့ အီရန်နဲ့ ညှိနှိုင်းတာ သဘောတူရခဲ့ပြီလို့ ဆိုပါတယ်။
အမေရိကန်ဖက်နဲ့ ဆွေးနွေးနိုင်မယ့်သူလို့ တစ်ပြေးခဲ့ဖူးတဲ့ အီရန်သမ္မတ Pezeshkian နဲ့ IRGC chief Ahmad Vahidi တို့ဟာ စစ်ကို ဘယ်လိုဘယ်ပုံ စီမံကြမလဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ တိုင်းပြည် စီးပွားရေးတို့အပေါ် ဘယ်လောက်ဒုက္ခဖြစ်စေတယ်ဆိုတဲ့အပေါ်မှာ အမြင်ကွဲလွဲမှု ကြီးကြီးမားမား ဖြစ်နေတယ်လို့ သတင်းထွက်နေပါတယ်။
အမေရိကန်နဲ့ အစ္စရေးတပ်တွေဟာ ခုထိ ပစ်မှတ်ပေါင်း ၁၁,၀၀၀ကျော်ကို ချေမှုန်းခဲ့ပြီး နောက်ထပ် ဖျက်ဆီးဖို့ ပစ်မှတ် ၃,၅၅၄ ကျန်သေးကြောင်းနဲ့ အဲဒါတွေလည်း အမြန်ဆုံး ပြီးသွားမှာပါလို့ သမ္မတထရမ့်က ပြောသွားပါတယ်။
ကနေ့ညမှာ တီဟီရန်အရှေ့တောင်ဘက်က Parchin military complex မှာရှိတဲ့ ဒုံးကျည်စက်ရုံတွေကို ဗုံးကြဲ ဖျက်ဆီးလိုက်တဲ့အတွက် ကောင်းကင်ယံတခုလုံး လိမ္မော်နီရောင် မီးလျံတွေ၊ မီးခိုးလုံးတွေနဲ့ ပေါက်ကွဲသံတွေ ပြည့်နှက်သွားခဲ့ပါတယ်။ ဒီနေရာက အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်အင်ဂျင်တွေ၊ ပေါက်ကွဲအားပြင်းတဲ့ ထိပ်ဖူးတွေ၊ လေ/ကာစနစ်တွေ၊ solid-fuel rocket program အတွက် အစိတ်အပိုင်းတွေ ထုတ်လုပ်၊ သိုလှောင်ရာမှာ အဓိကကျပြီး ဒီကရတဲ့ လက်နက်တွေနဲ့ proxy တွေကို လက်နက်ထောက်ပံ့ပေးတာတွေ၊ ဒေသတွင်းနိုင်ငံတွေကို ခြိမ်းခြောက်တာတွေ လုပ်နေကြတာ ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်ထပ် ဗုံးကြဲခံရတဲ့နေရာကတော့ Bushehr ခရိုင် Borazjan မြို့နားက မြေအောက် ဒုံးကျည်အဆောက်အဦဖြစ်ပါတယ်။ ကူဝိတ်က အမေရိကန်တပ်စခန်းအပေါ် ပြုလုပ်ခဲ့တဲ့ မအောင်မြင်တဲ့ ပစ်ခတ်မှုကို လက်စားခြေတဲ့အနေနဲ့ ဗုံးမိုးရွာခဲ့တာလို့ ဆိုပါတယ်။ ဒီနေရာမှာ တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေထားတာဖြစ်လို့ ဒေသတွင်းနိုင်ငံတွေ၊ အစ္စရေးနဲ့ အမေရိကန်စစ်စခန်း တွေကို ဒုက္ခပေးနေတာဖြစ်ပြီး စစ်စကတည်းက အကြိမ်ကြိမ် ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ဒီတခါတော့ GBU-57 အကြီးဆုံးဘန်ကာဘတ်စ်တာဗုံးကြီးနဲ့ မြေအောက် အနက်ကြီးအထိ ထိုးနှက်ဖြိုဖျက်ခဲ့တယ် လို့ သိရပါတယ်။
မနေ့က အီရန်ဒုံးကျည်နဲ့ ဒရုန်းတွေဟာ ဆော်ဒီက မင်းသားစူလ်တန်လေတပ်စခန်းကို ကျရောက်ခဲ့လို့ အမေရိကန်တပ်သား ၁၀-၁၂ဦးအထိ ဒဏ်ရာရရှိသွားပြီး ၂ဦးက ပြင်းထန်တယ်လို့ သိရပါတယ်။ ဆော်ဒီက သူ့ရဲ့ အဓိကလေတပ်စခန်းတွေကို အမေရိကန်တွေ အီရန်ကို ဝင်တိုက်ရာမှာ အသုံးပြုနိုင်ဖို့ ဖွင့်ပေးလိုက်ပြီဖြစ်ပြီး ယူအေအီးက တပ်အင်အား ၃သိန်းကလည်း တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ဟော်မုဇ်ကို ပြန်ဖွင့်ဖို့အတွက်ကိုတော့ နိုင်ငံတကာတပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတပ်တွေဟာ အီရန်က ပြည်သူတွေ အင်တာနက်/ ဂြိုလ်တု ဆက်သွယ်မှုတွေ ခက်ခဲအောင် ပြုလုပ်ထားတဲ့ signal blocker တွေကို ဖြိုဖျက်ပေးလိုက်တဲ့အတွက် သန်းပေါင်း များစွာသော အီရန်နိုင်ငံသားတွေဟာ ဆင်ဆာမရှိ အနှောက်အယှက်မရှိပဲ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြုလုပ်လို့ ရသွားပြီဖြစ်ပါတယ်။ ခြစားအစိုးရတွေက သူတို့အကြောင်း ပြည်သူသိမှာကြောက်တော့ သတင်းမှား သတင်းလိမ်တွေပဲ ကင်းလွတ်ခွင့်ပေးကာ၊ သတင်းမှန်တွေ ဆင်ဆာလုပ်ပြီး သတင်းစီးဆင်းမှုကို ထိန်းချုပ်ကြပါတယ်။ အစစ်အမှန်ဆိုတာ ဘာမှန်းမသိကြတဲ့သူက များနေရင် အတိုက်အခံဆိုတာလည်း ကြောက်စရာ မဟုတ်တော့ပါဘူး။
အီရန်က ဝါဒဖြန့်သူတဦးလည်းဖြစ် ခါမေနီအကြိုက်ဆုံး ကျမ်းရွတ်သူလည်းဖြစ်တဲ့ Mehdi Rasouli ဟာ သမ္မတထရမ့်ရဲ့ခေါင်းကို အလိုရှိတယ်လို့ ပြောနေခဲ့သူဖြစ်ပြီး အခုအခါမှာတော့ သူ့အိမ်ကနေပဲ ငရဲပြည်ကို အပို့ခံလိုက်ရပြီဖြစ်ပါတယ်။ ကျမ်းရွတ်သူဆိုပေမယ့် ရက်စက်လွန်းတာကြောင့် ခါမေနီရဲ့ အတွင်းစည်းထဲမှာကို လူမုန်းများနေသူပါ။ အီရန်ရဲ့ Defensive Innovation and Research ကို ဦးဆောင်သူနဲ့ ၂၀၀၄မတိုင်ခင်က နျူလက်နက်အစီအစဥ်ကို ဆက်ခံသူ Ali Fouladvand ကိုလည်း ဒီနေ့မနက် Borujerd မှာ မိသားစုနဲ့အတူ သုတ်သင်ခဲ့ပါပြီ။ မနှစ်က ၁၂ရက်စစ်တုန်းက သူမပါပဲ သူ့ဇနီးပဲ ပါသွားခဲ့တာပါ။
အီရတ်မှာရှိတဲ့ အီရန်ထောက်ခံပေးထားတဲ့ Popular Mobilization Force (PMF) တွေဟာ အထိနာနေတဲ့ အီရန်ကိုကူဖို့ light truck ကားတန်းကြီးနဲ့ အီရန်ဘက်ကို တန်းစီထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။ တချို့က အီရန်အနောက်တောင်ပိုင်း Khorramshahr ကို ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။ အီရတ်မှာ အီရန်လိုလားတဲ့ အကြမ်းဖက်တွေ ရှိနေသလို အီရန်အစိုးရကို မကြိုက်တဲ့ ကာ့ဒ်လူမျိုးစု တွေလည်း အများကြီးရှိနေတာပါ။ ကာ့ဒ်အုပ်စုတချို့က ပြည်သူဘက်က ဝင်တိုက်ပေးမယ့် သတင်းတွေ ကြိုကြားကြိုကြား တက်လာပါတယ်။ အင်တာနက်ဆင်ဆာမရှိတော့ရင် ပိုသိလာရမယ်ထင်ပါတယ်။
အဲဒီအီရတ်က PMF တွေကို A-10 Thunderbolt II (Warthog/ အာဖရိကတောဝက်လို့ လူသိများ) တဲ့ တယောက်ထိုင် ပန်ကာ၂လုံးတပ်၊ subsonic တိုက်လေယာဥ်တွေက နိမ့်နိမ့်လေးပျံပြီး တင့်ကားတောင် လွင့်ထွက်နိုင်တဲ့ အမြှောက်လိုလက်နက်တွေနဲ့ အတွဲလိုက်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလေယာဥ်တွေက နားမခံနိုင်လောက်အောင် ကျယ်လောင်တဲ့အသံနဲ့အတူ ပစ်ခတ်လိုက်တာကနေ ထွက်လာတဲ့ ဖုံလုံးကြီးတွေက ခြောက်ခြားစရာဖြစ်နေတဲ့အတွက် PMF တွေက ကားတွေကို ပစ်ပြီး ကစဥ့်ကလျား ပြေးကြ ပုန်းကြ ဖြစ်ကုန်ကြပါတယ်။ A-10လေယာဥ်တွေက ၂ခါ ၃ခါ ပြန်ကျော့ ပစ်ခဲ့ပြီး တကြိမ်ထက် တကြိမ် ပိုပိုပြီး ခြောက်ခြားစရာ ဖြစ်လာတယ်လို့ အဲဒီက ဗီဒီယိုတွေက ဖော်ပြကြပါတယ်။ အဲဒီ PMF တွေက ဒရုန်းတွေနဲ့ အမေရိကန်တပ်စခန်းတွေကို တိုက်ခိုက်နေခဲ့တာပါ။
