The Donald J. Trump Presidential Library

အမေရိကန်မှာ သမ္မတတွေ အနားယူသွားပြီးရင် သူတို့နာမည်နဲ့ အမှတ်တရ စာကြည့်တိုက်တွေ သူတို့နေထိုင်ရာဒေသမှာ ဆောက်လေ့ရှိပါတယ်။ စာကြည့်တိုက်လို့ ခေါ်ပေမယ့် စာအုပ်တွေတင် ရှိတာမဟုတ်ပဲ သက်ဆိုင်ရာ သမ္မတ သုံးစွဲခဲ့တာတွေ၊ နိုင်ငံတကာ အကြီးအကဲတွေက ပေးကြတဲ့ လက်ဆောင်တွေ၊ အထင်ကရ မှတ်တမ်းတွေ၊ သမိုင်းဝင် လုပ်ဆောင်ချက်တွေ အစုံပါဝင်တဲ့အတွက် ပြတိုက်လို မော်ကွန်းတိုက်လိုသဘောလည်း ပါပါတယ်။ စာကြည့်တိုက်အပိုင်းကို လူတိုင်း အခမဲ့ ဝင်ကြည့်ခွင့်ရှိပေမယ့် ပြခန်းပိုင်းကိုတော့ ပိုက်ဆံကောက်လေ့ရှိပါတယ်။ အမေရိကန်မှာ Presidential Library ပေါင်း ၁၆ခုရှိပြီး သူတို့ကို National Archives and Records Administration (NARA) လက်အောက်က Office of Presidential Libraries က ထိန်းသိမ်းစီမံပါတယ်။ ပထမဆုံး Presidential Library က ၃၁ဦးမြောက်သမ္မတဖြစ်တဲ့ Herbert Hoover (1929-33) ဖြစ်ပါတယ်။

၂၀ရာစုအလယ်ပိုင်းမတိုင်ခင်က သမ္မတရဲ့ စာရွက်စာတမ်း စတာတွေဟာ သမ္မတရဲ့ ပုဂ္ဂလိကပိုင်လို့ သတ်မှတ်ထားခဲ့ကြပါတယ်။ Franklin D. Roosevelt (32nd, 1933-45) လက်ထက်ကျတော့ သူက သူ့ရဲ့ စာရွက်စာတမ်း စတာတွေအားလုံးကို အများပြည်သူကြည့်ရှုနိုင်ဖို့ သူ့ဇာတိဖြစ်တဲ့ Hyde Park, NY မှာ အဆောက်အဦတခု ဆောက်လုပ်လှုဒါန်းသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သမ္မတရဲ့ စာရွက်စာတမ်း အစစကို ပြည်သူတွေအတွက် ထားရှိရမယ့် ဥပဒေတွေ ပေါ်ပေါက်လာခဲ့ပြီး Presidential Library စနစ် စတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အဆိုပါဥပဒေတွေက သမ္မတသက်တမ်းတခု ပြီးတိုင်းမှာ public archive library ကို ဖန်တီးဖို့ သတ်မှတ်ထားပြီး သမ္မတသက်တမ်းတခုပြီးတာနဲ့  NARA က စာရွက်စာတမ်းတွေကို ထိန်းချုပ်ပါတယ်။ သမ္မတဟူစိန်အိုဘမကတော့ သူ့ပြခန်းကို စာကြည့်တိုက်လို့မခေါ်ပဲ Center လို့ အမည်ပေးထားပြီး သူ့ရဲ့ စာရွက်စာတမ်းအားလုံးကို digitized ပုံစံသစ်နဲ့ ပြုလုပ်ထားပါတယ်။ NARA က ထိန်းသိမ်းစီမံပြီး မှတ်တမ်းတင်ပြီးသားစာရွက်စာတမ်းတွေကို ပုဂ္ဂလိကကစီမံတဲ့ Obama Presidential Center ကို ပြသဖို့ ပြန်ငှားထားတာလို့ ဆိုပါတယ်။

Presidential Libraries တွေကို သမ္မတတဦးချင်းစီ ရာထူးရှိနေစဥ်မှာ ပုဂ္ဂလိက အလှူရှင်တွေ၊ ကော်ပိုရေးရှင်းတွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေက လှူတာတွေကို သူတို့ရဲ့ ကိုယ်ပိုင်ဖောင်ဒေးရှင်း တွေကနေ အလှူငွေလက်ခံပြီး ဆောက်လုပ်ကြတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ရာထူးကဆင်းပြီး ၃နှစ်က ၅နှစ်အတွင်း ဖွင့်နိုင်ကြတာပါ။ အိုဘမကတော့ ၁၀နှစ်ကြာမှ ဒီနှစ်ဇွန်မှ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

သမ္မတထရမ့်ရဲ့ Presidential Library ကို ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့က ဖရီးဒမ်းတာဝါနားမှာ မိုးမျှော်အဆောက်အဦအဖြစ် ဆောက်လုပ်သွားမှာဖြစ်ပြီး မိုင်ယာမီဒိတ်ကောလိပ်ကမြေကို ပြည်နယ်ကို သမ္မတစာကြည့်တိုက်ဆောက်ဖို့ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ပါတယ်။ ဘယ်တော့စဆောက်မယ်ဆိုတာနဲ့ ဘယ်တော့ဖွင့်လှစ်မယ်ဆိုတာတွေကိုတော့ မသိရသေးပါဘူး။

သမ္မတထရမ့်ရဲ့ သားလတ် အဲရစ် တင်ပြသွားတဲ့ပုံတွေအရ ခမ်းခမ်းနားနားလည်းကြိုက်၊ ဆောက်လုပ်ရေးလောကသားလည်းဖြစ်၊ မီဒီညာတွေ ဆိုရှယ်မီဒီယာတွေကနေ လျော်ကြေး သန်းရာကျော်ရထားတာတွေကိုလည်း ဒီမှာသုံးမှာဖြစ်တော့ ဆောက်ပြီးသွားတဲ့အခါ မဖြစ်မနေ သွားကြည့်ရမယ့်နေရာတခု ဖြစ်လာမှာပါ။

Leave a comment