Operation Epic Fury (35)

၂၉ရက်နေ့က တိုက်ခိုက်မှုတွေမှာ လျှပ်စစ်ဓါတ်အားပေးစနစ်ကို ဖျက်ဆီးခဲ့တဲ့အတွက် တီဟီရန်နဲ့ အနားတဝိုက်က မြို့တွေ အမှောင်ကျခဲ့ပြီး ၃၀ရက်နေ့မှာတော့ မီးမရှိတဲ့ လှိုဏ်ခေါင်းတွေရဲ့ လေဝင်လေထွက်ပေါက်တွေ ရေဝင်ရေထွက်စနစ်တွေကိုပါ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် အီရန်ဖက်နဲ့ ဆွေးနွေးပွဲ တိုးတက်လာတော့တာပါပဲ။ အီရန်ရဲ့ ခေါင်းဆောင်ပိုင်းရှင်းလင်းဖို့၊ လေတပ်၊ ရေတပ်၊ လေ/ကာစနစ်တွေကို ဖျက်ဆီးဖို့၊ ဒုံးကျည်နဲ့ /ဒရုန်းတွေကို ဖျက်ဆီးဖို့အတွက် ၄-၆ပတ်လို့ မှန်းထားတော့ ကျန်သလောက်ကို ပြီးအောင် တွန်းတော့မယ့်သဘောပါ။

တပ်ကလာတဲ့ IR ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လေမလျော့သေးပါဘူး။ တချို့သတင်းတွေမှာ အီရန် သမ္မတနဲ့ IRGC တပ်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေလို့ IRGC က တချို့နေ့စဥ်ကိစ္စတွေကို ဝင်ထိန်းလိုက်သလို တွေ့မိပါတယ်။ အာဏာကို လက်မလွှတ်ချင်တဲ့ အီရန်က သူ့ဒရုန်းတွေ ဒုံးတွေကို အရပ်ဖက်နေရာတွေကို ရွှေ့ထားတယ်ဆိုတဲ့ သတင်းလည်း တက်လာပါတယ်။ ဟုတ်ရင်တောင် မအံ့ဩပါဘူး၊ စက်ဆုပ်စရာလုပ်ရပ်ပါ။

ရုရှားက အီရန်ဆီက ဒရုန်းတွေဝယ်နေရတာကနေ အခုတော့ ဒရုန်းတွေကို အဆင့်မြှင့်ပြီး အီရန်ကို အဇာဘိုင်ကျန်ကတဆင့် တင်ပို့ပေးနေတယ်ဆိုတဲ့သတင်းလည်း တွေ့မိပါတယ်။ အရင်ကသတင်းမှာ လူ့အခွင့်အရေးစာနာမှုအတွက် အထောက်အပံ့ယာဥ်တန်းကြီးနဲ့လာတာ အဲဒီဒရုန်းတွေလို့ ဆိုပါတယ်။ ယူကရိန်းနဲ့နှစ်ချီတိုက်ရာမှာ သုံးလာရင်းနဲ့ navigation ပိုကောင်းအောင်၊ ဂျမ်းမလုပ်နိုင်အောင် နည်းပညာသစ်သုံးတာ၊ ပိုမြန်အောင် ဂျက်အင်ဂျင်တပ်တာမျိုးတွေ ပြုပြင်ထားတယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ပုံတွေ ဗီဒီယိုတွေကို “ရန်လိုတဲ့” မီဒီယာတွေဆီ ပို့ပေးတယ် (သို့) ရန်သူဆီဖုံးခေါ် သတင်းပေးတယ် ဆိုရင် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ပြုမှုနဲ့ ဖမ်းဆီးထောင်ချပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရတဲ့အထိ အရေးယူသွားမယ်လို့ ကြိမ်းမောင်းထားပါတယ်။ အီလွန်ရဲ့ စတားလင့်ခ် သုံးနေသူ ရာကျော်ကိုလည်း ဖမ်းဆီးထားကြောင်း သိရပါတယ်။ အင်တာနက်မရအောင်လုပ်ထားတာ နာရီ ၇၀၀ကျော်သွားပြီဖြစ်ပြီး မီးတွေ အင်တာနက်တွေ ပြန်ရလာတဲ့အခါကျမှ အပျက်အစီးပမာဏကို ရှင်းရှင်းလင်းလင်း မြင်ရတော့မှာပါ။

မနေ့က အီရန်နဲ့ ဆွေးနွေးရာမှာ အမေရိကန်ကို လေးစားသမှုနဲ့ ရေနံတင်သင်္ဘောကြီး အစီး ၂၀ကို ဟော်မုဇ်ရေလက်ကြားကို ပေးဖြတ်မယ်လို့ အီရန်ဘက်က မီးစိမ်းပြလိုက်ပါတယ်။ စည်သန်း ၄၀ခန့် ဈေးကွက်ထဲ ဝင်လာတော့မှာပါ။ ဒီနေ့တော့ ဟော်မုဇ်ရေလက်ကြားမှာ ကုန်သင်္ဘောတွေ ဖြတ်သန်းသွားလာမှု ပြန်ရှိလာပြီး ရက်သတ္တပတ်အနည်းငယ် ရပ်တံ့သလောက် ဖြစ်သွားခဲ့ရာက တဖန်ပြန်ပြီး လှုပ်ရှားသက်ဝင်လာပြီဖြစ်ပါတယ်။ သမ္မတထရမ့်က စစ်ဆင်ရေးပြီးသွားရင် ဟော်မုဇ်က အလိုအလျောက် ပြန်ပွင့်သွားမယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း အီရန်က ဟော်မုဇ်ကို သူတို့ပိုင်လို့ လုပ်ပြီး ဖြတ်သန်းခကောက်မယ်လို့လည်း သတင်းလွှင့်နေပါတယ်။ ဟော်မုဇ်က နိုင်ငံတကာ ရေပိုင်နက်ဖြစ်လို့ အဲဒီလိုလုပ်လို့ မရပါဘူး။

CENTCOM Commander Adm. Brad Cooper ဟာ အစ္စရေးကို သွားရောက်ပြီး IDF ရဲ့ Chief of General Staff Lt. Gen. Eyal Zamir နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို အရှေ့အလယ်ပိုင်းက အမေရိကန် တပ်စခန်းတွေမှာ တိုက်ပွဲဝင်နေကြတဲ့ စစ်သည်အဆင့်ဆင့်နဲ့ သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ စစ်သည်ပေါင်း ၄၀ကျော်ကို စစ်ဆင်ရေးအစောပိုင်းကာလမှာ သူတို့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတွေအတွက် ဆုတံဆိပ်တွေနဲ့ အသိအမှတ်ပြုပေးခဲ့ပါတယ်။

အီရန်က စစ်ထဲဝင်နိုင်တဲ့အသက်ကို ၁၂နှစ်အထိ နှိမ့်လိုက်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ၁၁ နှစ်သားလေး ကင်းစခန်းမှာစောင့်ရင်း အပစ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ အစ္စရေးတပ်တွေကို စစ်သည်အင်အား တသန်းနဲ့ တိုက်မယ်လို့ ကျုံးဝါးထားသူတွေက ကင်းလှည့်နေတဲ့ ကားပေါ်မှာ စက်သေနတ်ကိုင်ထားတဲ့ ခေါင်းမြှီးခြုံတွေ၊ check point စောင့်နေတဲ့ ကလေးတွေကို တွေ့နေရပါတယ်။ မီဒီယာသုံးတတ်လို့ အခြေအနေမှန်ကို သိလာတဲ့လူတွေက ပြေးကုန်ပါပြီ။ အိမ်တွင်းအောင်း မျက်စေ့ပိတ် နားပိတ်တွေကတော့ ရေတပ်ရော လေတပ်ပါ မရှိတော့တဲ့ တပ်ပျက်ကြီးကို နိုင်မယ်ထင်ကြတုန်းပါပဲ။

၃၀ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးက ၂၄နာရီအတွင်း တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၀၀ကျော်ကို ပြုလုပ်ခဲ့ပါတယ်။ ပစ်မှတ်အများစုက စစ်စခန်းတွေ၊ လက်နက်တိုက်တွေ၊ ဒုံးကျည်စက်ရုံတွေ၊ စစ်ဘက်ဌာနချုပ်တွေနဲ့ အုပ်ချုပ်ရေးဖက်က အမြင့်ဆုံးရုံးတွေ၊ လျှပ်စစ်စတဲ့ အခြေခံ အဆောက်အဦတွေဖြစ်ပြီး Isfahan က ဒုံးကျည်စခန်းနဲ့ နျူအဆောက်အဦတွေကို ဘန်ကာဘတ်စ်တာဗုံးတွေနဲ့ ဖြိုဖျက်ခဲ့ပါတယ်။ စွမ်းအင်စတဲ့ အရပ်ဖက်အခြေခံအဆောက်အဦတွေကို မဖျက်ဆီးချင်ပေမယ့် အီရန်အာဏာရှင်တွေက ပြည်သူအတွက် ထည့်မတွက်ပဲ တင်းခံနေတဲ့အတွက် အဆုံးမှာ တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ မနေ့က အဖျက်ခံလိုက်ရတဲ့ထဲမှာ စစ်တက္ကသိုလ် ပါသွားပါပြီ။

IDF က သတင်းထောက်ယောင်ဆောင်ပြီး အစ္စရေးတပ်တွေရဲ့ အခြေအနေကို ထောက်လှမ်းပြီး အထက်ကို သတင်းပြန်ပို့နေတဲ့ ဟဇ်ဘိုလာရဲ့ ထိပ်တန်း Radwah Force က ထောက်လှမ်းရေးတဦးကို သုတ်သင်ပစ်ခဲ့ပါတယ်။ အကြမ်းဖက်တွေ ဘယ်လိုပုန်းပုန်း အစ္စရေးက တွေ့အောင်ရှာပြီး ရှင်းမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဘယ်လိုမှမပတ်သက်တဲ့ ရုရှား-ယူကရိန်းစစ်ကို ဥရောပက နေတိုးမဟာမိတ်တွေက ကြောက်ပြကြလွန်းလို့ ဝင်ကူပေးခဲ့ပါတယ်။ ရုရှားရဲ့ အန္တရာယ်နဲ့ နီးတာ၊ ကြောက်တာက သူတို့၊ တကယ်အကုန်ခံရတော့ အမေရိကန်က ဖြစ်ခဲ့/နေတာပါ။ ၄၇နှစ်လုံး Death to America လို့အော်နေတဲ့၊ သမ္မတကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အီရန်က နျူလက်နက်ပိုင်ဆိုင်ဖို့ လက်မတင်လေးမှာ လက်ဦးအောင် ဝင်တိုက်တော့ ဘယ်နေတိုးမဟာမိတ်မှ ဝင်မကူတဲ့အပြင် နဂါးမျက်စောင်းထိုးမှာစိုးတော့ သူတို့နိုင်ငံက စစ်စခန်းတွေမဆိုထားနဲ့ လေပိုင်နက်တောင် မသုံးရဘူးလို့ ဖြစ်လာပါတယ်။

ခုတော့ သူတို့အရမ်းလိုအပ်နေတဲ့ လေယာဥ်ဆီကို လိုချင်ရင် အမေရိကန်ဆီက ဝယ်ရင်ဝယ်၊ မဝယ်ရင် ကိုယ့်ဖာသာကိုယ် သတ္တိလေးမွေးပြီး ရအောင်သွားယူချေလို့ ထရမ့်က အကြံပြုထားပါတယ်။ သူတို့မကူတော့လည်း နေတိုးစာချုပ် ဘာမှအဓိပ္ပါယ်မရှိတာ ပိုထင်ရှားလာတာပေါ့လေ။

သမ္မတထရမ့်ကလည်း ငါတို့ အဲဒီမှာ မကြာတော့ပါဘူး၊ သူတို့မှာ ကျန်နေသေးတဲ့ ဒုံးတွေ ဒရုန်းတွေရှင်းဖို့ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ အဲဒါတွေပြီးရင် ဆွေးနွေးမှုမအောင်မြင်ရင်တောင် အီရန်က တူတူတန်တန်အခြေအနေပြန်ရောက်ဖို့ ၁၅-၂၀နှစ်လောက် ကြာဦးမှာပါ။ ထရမ့်ရဲ့ ထုံးစံအတိုင်း အမေရိကန်ကုန်ကျထားသမျှ ပြန်ယူမှာဖြစ်လို့ အီရန်ရေနံတွေ ရဖို့လုပ်ဦးမယ် ထင်ပါတယ်။ မနက်ဖြန် အရှေ့ပိုင်းစံတော်ချိန် ၆နာရီမှာ သမ္မတမိန့်ခွန်းပြောပါလိမ့်မယ်။

အီရန်ပြည်တွင်းက ၂၈နှစ်သားတဦး X မှာ ဖွင့်ဟလာတာက “ခုအချိန်မှာ သူအကြောက်ဆုံးက ဒုံးတွေ ဒရုန်းတွေ မဟုတ်ပါဘူး၊ အိမ်ကနေ တံခါးဖွင့်ပြီး ထွက်လိုက်တာနဲ့ IRGC checkpoint နဲ့တိုးပြီး အဆွဲခံရမှာ၊ သူချစ်တဲ့သူတွေ အဆွဲခံရမှာကို အူထဲ အသည်းထဲကကို ကြောက်တာပါ၊ နေ့တိုင်းလည်း အဲဒီလိုပဲ ကြောက်နေရပါတယ်၊ ကမ္ဘာမှာ ဒီအစ္စလာမ္မစ်အစိုးရထက်ဆိုးတာ ဘာဆိုဘာမှ မရှိနိုင်ပါဘူး၊

ငါ့မှာ ရှိသမျှ စွမ်းအင်တွေ၊ ပိုက်ဆံတွေကို အင်တာနက်မှောင်ချထားတာကို တိုက်ဖျက်ရာမှာ သုံးပါတယ်၊ VPN တခုပြီးတခု ဝယ်ပြီး connection လေးရတိုင်း ပြည်သူတွေရဲ့ အသံကို ပြည်ပကလူတွေ သိအောင် ကြိုးစားပေးပါတယ်၊ အဲသလို လိုင်းပေါ်ရောက်တိုင်းလည်း ပြည်ပမှာ စိတ်အေးလက်အေး လုံလုံခြုံခြုံ ထိုင်နေနိုင်တဲ့ သုံးသပ်သူတွေက မင်းတို့လမ်းစုံမကြိုးစားသေးဘူးလို့ အပြစ်တင်သလို ပြောဆိုကြပါတယ်၊

ငါတို့နောက်ဆုံးကြိုးစားတုန်းက လူငယ် ၄သောင်းကျော် အိမ်ပြန်မလာနိုင်တော့ပါဘူး၊ ငါတောင် နားရွက်နားက ကျည်ဖြတ်သွားတာနဲ့ ကပ်လွတ်သွားတာပါ၊ ငါ့တို့ရဲဘော်ရဲဘက်တွေရဲ့ သွေးတွေပေါ် ဘာလို့နင်းခြေချင်ရတာလဲ၊ မင်းသားပါလာဗီကိုရော ဘာလို့ အပြစ်မြင်နေရတာလဲ၊ ငါတို့ရဲ့ နာကျင်မှုတွေကို ထပ်တူနားလည်ပေးပြီး အီရန်ဖြစ်ရတာကို ဂုဏ်ယူအောင် လုပ်ပေးနိုင်တာ မင်းသားပါလာဗီပါ၊ ငါတို့ရဲ့ ရွေးချယ်မှုကို လိုက်မတိုက်ခိုက်ပါနဲ့”လို့ ပြောသွားတာပါ။

Leave a comment