ဒီနေ့ည သမ္မတမိန့်ခွန်းမှာ အီရန်ကိစ္စနဲ့ပတ်သက်လို့ လာမယ့် ၂ပတ်-၃ပတ်အတွင်း အီရန်မှာ ကျန်ရှိနေသေးတဲ့ ဒုံးတွေ ဒရုန်းတွေ လက်နက်တိုက်တွေကို အင်တိုက်အားတိုက် ဖျက်ဆီးသွားမှာ ဖြစ်ကြောင်း၊ ဒီကြားထဲမှာ ဆွေးနွေးမှုတွေကိုလည်း ဆက်လက်ပြုလုပ်နေမှာဖြစ်ပြီး သဘာတူညီချက် မရခဲ့ရင် ကျောက်ခေတ်ကို ပြန်ရောက်သွားတဲ့အထိ လုပ်ရလိမ့်မယ်လို့ ထည့်သွင်း ပြောကြားသွားပါတယ်။
ထရမ့်ဒီနေ့တင်တဲ့ ထရုသ်မှာ အီရန်က သမ္မတဟာ အရင်လူတွေထက် အစွန်းရောက်တာ အများကြီးနည်းပြီး ဉာဏ်ပညာလည်း အများကြီးပိုရှိကြောင်း၊ အခုပဲ အမေရိကန်နဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုသွားကြောင်း၊ ဟော်မုဇ်ရှင်းရှင်းလင်းလင်းပြန်ဖွင့်ပြီဆိုမှ ငါတို့ဘက်က စဥ်းစားပေးမှာ ဖြစ်ကြောင်း၊ အဲဒီလိုမဖြစ်ခင်အထိတော့ ငါတို့က အီရန်ကို ပြန်ဆော်စရာ ဘာလက်နက်မှ မကျန်တော့တဲ့အထိ တိုက်ခိုက်ဖျက်ဆီးသွားရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။
လာမယ့် ၂ပတ်-၃ပတ်အတွင်း တိုးမြှင့်တိုက်ခိုက်မယ်ဆိုတဲ့ သမ္မတရဲ့ စကားအတိုင်း ပင်တဂွန်က A-10 Warthog တိုက်လေယာဥ် ၁၈စီး အရှေ့အလယ်ပိုင်းကို ထပ်မံပို့လွှတ်ထားတဲ့အတွက် မူလရဲ့ ၂ဆ ဖြစ်လာပါပြီ။ အဲဒီတိုက်လေယာဥ်မျိုးဟာ မြေပြင်ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်ရုံတင်မက နိမ့်နိမ့် နှေးနှေးလေးပျံပြီး လက်နက်တွေ ချပေးဖို့ပါ အထူး ပြုလုပ်ထားတာ ဖြစ်လို့ ကျွန်း/ ယူရေနီယံ စတာတွေသိမ်းဖို့ လိုအပ်လာရင်လည်း အသုံးဝင်ပါလိမ့်မယ်။
အီရန်ဘက်ကလည်း အပစ်ရပ်ဖို့သာ ပြောတာပါ၊ ပင်လယ်ကွေ့ အိမ်နီးချင်းနိုင်ငံတွေကို ဒရုန်းတွေ ဒုံးတွေနဲ့ ပစ်တာ မရပ်သေးပါဘူး။ ရေနံလှောင်ကန်တွေမီးလောင်၊ အရပ်သားတွေနဲ့ ရေနံတင် သင်္ဘောတွေထိခိုက်နဲ့ပါ။ ကိုယ့်ကို ကူညီပေးခဲ့တဲ့ အိမ်နီးချင်းတွေကို ပစ်တာက ပုံမှန်အနေအထားမှာ ဘယ်သူမှမလုပ်ပဲနောက်ပိတ်ဆုံးအခြေအနေရောက်မှ သွေးရူးသွေးတန်းလုပ်လေ့ရှိတာမျိုးပါ။
ပင်လယ်ကွေ့နိုင်ငံတွေက အမေရိကန်နည်းပညာကုမ္ပဏီရုံးတွေကို တိုက်ခိုက်မယ်ဆိုတာကလည်း သူတို့ကို တိတိကျကျ တိုက်ခိုက်တဲ့ precision strikes တွေကို ကူညီလို့လို့ စွတ်စွဲပြီး ခြိမ်းခြောက်တာပါ။ အဲဒီလို အပစ်ခံရအောင် သူတို့ကိုယ်တိုင်ပဲ လုပ်နေခဲ့တာလေ။ အကြိမ်ကြိမ် ဆွေးနွေးဖို့ ညှိနှိုင်းဖို့ အခွင့်အလမ်းတွေ ပေးခဲ့တုန်းက သူတို့ရဲ့ များပြားလှစွာသော ဒုံးတွေ ဒရုန်းတွေ အားကိုး၊ တရုတ် ရုရှားအားကိုးနဲ့ မထီမဲ့မြင် ပြုခဲ့တာဆိုတော့ သူတို့ဆုံးရှုံးမှုအတွက် သူတို့မှာပဲ တာဝန်ရှိပါတယ်။
IRGC ရဲ့ ကွန်မန်ဒါဟောင်း Mohsen Rezaee က ငါတို့အီရန်တွေက ဟော်မုဇ်ကို ပိတ်ပစ်လို့ရတယ်၊ တကမ္ဘာလုံးပေါင်းစုလာခဲ့ရင်တောင် ဖွင့်နိုင်မှာမဟုတ်ဘူး၊ ပထဝီအနေအထားအရ ဒီနေရာက မြင်းခွာပုံ ဖြစ်တော့ ဒီရေလက်ကြားကိုဖြတ်ဖို့ သင်္ဘောတစီးကို ၇-၈နာရီကြာ ဝင်လာရမယ်၊ ကွေ့ရမယ်၊ အကျဥ်းဆုံးအပိုင်းကို ဖြတ်ရမယ်၊ ပြန်ထွက်ရမယ်၊ အဲဒါကြောင့်လို့ ဗီဒီယိုတခုမှာ ကျုံးဝါးနေပါတယ်။ အတိုင်းအတာတခုအထိ သူတို့ဟန့်တားနိုင်ခဲ့တာမှန်ပေမယ့် တကမ္ဘာလုံး ပေါင်းလာမယ်၊ ပစ်စရာ ကုန်လာမယ်ဆိုရင် ဆက်ပိတ်ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ မိုင်းတွေ ချထားတယ်ဆိုရင်တောင် အမေရိကန်ရော အခြားနိုင်ငံတွေမှာပါ မိုင်းရှင်းသင်္ဘောတွေ ရှိနေပါတယ်။
အရေးကြီးတာက လွတ်လပ်စွာ သွားလာခွင့်ကို တန်ဖိုးထားတဲ့နိုင်ငံတိုင်းက လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်မှုတိုင်းကို လက်မခံကြဖို့ လိုပါတယ်။ ကြောက်နေရင် ခေါင်းဆောင်မလုပ်သင့်သလို လူကြောက်များတဲ့ ကမ္ဘာကြီးက အေးချမ်းသာယာဖို့ မဖြစ်နိုင်ပါဘူး။ ခုဆို ဥရောပနိုင်ငံတွေရော ကနေဒါမှာပါ ဆင်ဆာတွေ မတရားလုပ်နေပါတယ်။ ဘာမှအစွန်းမရောက်ပေမယ့် မဝုတ်တဲ့ ချန်နယ်တွေ ပေါ့ဒ်ကတ်စ်တွေကို ဘန်းထားသလို ဘိုင်ဘယ်က စာပိုဒ်တွေကိုတောင် လိင်တူ/ပြောင်း တွေ စပ်တယ်ဆိုရင် ဟိတ်စပိချ်အနေနဲ့ အရေးယူနေပါပြီ။ ဟိုဘာသာဆိုရင်တော့ အခွင့်ထူးရပါတယ်။ ကြောက်တယ်ဆိုတာ မှန်တာပြောဖို့ ရေးဖို့မဆိုထားနဲ့ တွေးတာတောင် ဘောင်အပြင်ထွက်ပြီး မတွေးဝံ့ကြတာက နောင်မှာ ကိုယ့်ရှူးကိုယ်ပတ်ပါလိမ့်မယ်။
အီရန်အစိုးရ TV Host က အရာရှိတွေ ပုန်းနေတဲ့အိမ်လိပ်စာတွေကို မဖြန့်ကြပါနဲ့၊ အသတ်ခံရလိမ့်မယ် လို့ အလန့်တကြား ပန်ကြားနေပါပြီ။ လက်နက်မဲ့တွေအပေါ် ရက်စက်ကြသူတွေက ပိုသတ္တိကြောင်တာ ဖြစ်လို့ တွင်းလည်းအောင်းလို့မရရော အရပ်သားတွေကြားလာပုန်းတာ ဒုံးတွေ ဒရုန်းတွေကို အရပ်သား နေရာတွေမှာ လာထားကြတာတွေ လုပ်လာကြပါပြီ။ သူတို့အလှည့်ကျတော့ သတင်းမပေးပါနဲ့တဲ့။ တရားကျစရာပါပဲ။
Grand Ayatollah Javadi Amoli ကလည်း TV ကနေ ပြည်သူတွေ အချိန်ပြည့် လမ်းပေါ်ထွက် ထောက်ခံအင်အားပြကြဖို့ တောင်းပန်နေရသလို Hassan Khomeini ကလည်း ပလီတွေ ပလာဇာတွေကို သိမ်းပိုက်ဖို့ဟာ သူတို့အပေါ် သစ္စာစောင့်သိသူတွေရဲ့ ဘာသာရေးဝတ္တရားဖြစ်တယ်လို့ တိုက်တွန်းနေရပါပြီ။ ကျန်တဲ့ ထိပ်ပိုင်းကလူတွေကလည်း TVရှေ့ထွက်ပြီး လူထုကို ဆွယ်နေရပါတယ်။ တကယ်အုပ်ချုပ်တဲ့သူတွေကတော့ ကြက်ပျောက်ငှက်ပျောက်ပါပဲ။
ဆန္ဒပြသူတွေ အစိုးရမျက်မုန်းကျိုးတဲ့သူတွေကို တရားသဖြင့် ကြားနာမှုမပြုပဲ အစုလိုက်အပြုံလိုက် သတ်/ ထောင်ချ/ နှိပ်စက်တဲ့စခန်းတွေဆီ ပို့ခဲ့တဲ့ တရားသူကြီးချုပ် Gholam-Hossein Mohseni-Ejei နဲ့ ဒုံးတွေ ဒရုန်းတွေကို ကြီးကြပ်ရတဲ့ IRGC Aerospace commander Seyyed Ali Tavasoli တို့ကို အစ္စရေးတပ်တွေက ရှင်းပစ်နိုင်ခဲ့ပါပြီ။
ပြီးခဲ့တဲ့စနေက အီရန်မှာ လူကြိုက်များတဲ့ Lamiz ကော်ဖီဆိုင်ခွဲတွေအားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။ အပြစ်ကတော့ သူတို့ရဲ့ တခါသုံးခွက်တွေမှာ အီရန်ပန်းချီကျော် Farshid Mesghali ၁၉၇၅တုန်းက ရေးဆွဲခဲ့တဲ့ ပန်းချီပါနေလို့ပါ။ အဲဒီပုံက ကုလားထိုင်အလွတ်နဲ့ မိုးစက်လေးလို အနီ မီးခိုးအစက်တွေ ကျနေပုံဖြစ်ပါတယ်။ အမာလိုင်းသမားတွေက အသတ်ခံရတဲ့ ခါမေနီကို လှောင်တာလို့ ယူဆကြတာပါ။
ဒီလ ၅ရက်နေ့ကလည်း ဂုတ်ကြီး လိုင်ယန်နယ်မက်ဆီကန်နေတဲ့ Inter Miami ဘောလုံးအသင်းကို သမ္မတက မနှစ်က MLS ဖလားကို နိုင်ခဲ့တာကို ဂုဏ်ပြုဖို့ အိမ်ဖြူတော်ကိုဖိတ်ပါတယ်။ အဲဒီအချိန်မှာ စစ်ကစနေပြီဖြစ်တော့ အစ္စလာမ္မစ်အစိုးရလိုလားသူတွေက ရှိသမျှ မက်ဆီဂျာစီတွေ ထုတ်လာပြီး မီးပုံရှို့ကြတော့တာပါပဲ။ အမေရိကန်မှာတော့ အဲဒီလိုဂျာစီတွေက ကလေးတွေ ဝတ်ကြတာ များပါတယ်။ အနာရှိနေရင်တော့ ဘာဖြစ်ဖြစ် စပ်နေမှာပါ။
ဒီနေ့ သမ္မတထရမ့် မိန့်ခွန်းပြောသလိုပဲ မနေ့က နေတန်ယာဟုက သူ့ပြည်သူတွေကို အီရန်စစ်မှာ ဗျူဟာမြောက် အောင်မြင်မှု ၁၀ခုကို အခုလို ပြောခဲ့ပါတယ်။
၁။ အီရန်က ငါတို့ကို အမြဲလည်ပင်းညှစ်နေတာ၊ ခုတော့ငါတို့က ပြန်ညှစ်နေပြီ။
၂။ ငါတို့က အီရန်ဟာ လူသားထုတရပ်လုံးရဲ့ အန္တရာယ်ဆိုတာကို ကမ္ဘာကိုသိအောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ အဲဒါကြောင့် ခုဆို အဲဒီလို အန္တရာယ်ရှိတာ ဘယ်သူမှ မငြင်းနိုင်ကြတော့ပါဘူး။
၃။ အရင်က ငါတို့တဦးတည်းတိုက်ရတယ်၊ ခုတော့ အမေရိကန်နဲ့ အတူတိုက်တယ်၊ အီရန်ကို တိုက်ရင်းနဲ့ ဒေသတွင်းမှာလည်း မဟာမိတ်အသစ်တွေရတယ်။ အဲဒါက အစ္စရေးကို ဒေသတွင်းမှာရော ကမ္ဘာမှာပါ ဆူပါပါဝါအဖြစ် ပြောင်းသွားစေပါတယ်။
၄။ အီရန်အစိုးရကို အခြေကနေ လှုပ်ခါပစ်ခဲ့ပြီဖြစ်လို့ အနှေးနဲ့အမြန် ပြုတ်ကျတော့မှာပါ။
၅။ ငါတို့ရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်နေတဲ့ နျူလက်နက်နဲ့ သောင်းချီတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ရှင်းလင်းနိုင်ခဲ့ပါပြီ။
၆။ ငါတို့ကိုဝိုင်းထားတဲ့ အီရန်ရဲ့ အကြမ်းဖက်စစ်တပ်တွေကို ဖြိုခွင်းလိုက်ပါပြီ၊ လက်ကျန်လေးတွေနဲ့ ဆက်တိုက်နေပေမယ့် ငါတို့ရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်နိုင်တဲ့အဆင့် မဟုတ်တော့ပါဘူး။
၇။ ငါတို့နယ်နမိတ်ကို ကျော်ပြီး ဂါဇာ၊ ဆီးရီးယားနဲ့ လက်ဘနွန်မှာ လုံခြုံရေးဇုံတွေ ကြားခံဇုံတွေ ထားရှိပြီး ငါတို့ဖက်ကို ကျူးကျော်မလာအောင်/ မပစ်နိုင်အောင် လုပ်ထားပါပြီ။
၈။ ငါတို့ရဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့အယူဝါဒတွေ လုံခြုံရေးပေါ်လစီတွေကို ပြောင်းလိုက်ပါပြီ။ ငါတို့က တိုက်ခိုက်ပြီး ရန်သူကို အံအားသင့်အောင် လုပ်ပါတယ်။ ငါတို့က လာပစ်တာကို ထိုင်စောင့်ပြီး ကာကွယ်မယ့်အစား ဦးအောင်တိုက်ပြီး ကြားခံဇုံဆီကို ဆွဲခေါ်/ ညွှန်းပါမယ်။
၉။ ငါတို့ရဲ့ လေ/ကာစနစ်က ကမ္ဘာမှာအကောင်းဆုံးဆိုတာ သက်သေပြလိုက်ပါပြီ။ ခုဆို ကမ္ဘာက အဲဒီလိုစနစ်ဆောက်ဖို့ ငါတို့ကို အကူအညီတောင်းနေကြပါပြီ။
၁၀။ ငါတို့က အစ္စရေးပြည်သူတွေနဲ့ အစ္စရေးစီးပွားရေး ဘယ်လောက်ခံနိုင်ရည်ရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါပြီ။
အီရန်က အစ္စရေးကို ခြေမှုန်းဖို့ ထရီလီယံလောက်နီးနီး သုံးထားခဲ့တာပါ။ အဲဒါက ခုတော့ ပလုံသွားပါပြီလို့ ပြောသွားခဲ့ပါတယ်။
အီရန်တို့ မြောက်ကိုရီးယားတိုလို အာဏာရှင်နိုင်ငံတွေမှာ အုပ်ချုပ်သူတွေက ဘုရင်တွေလို ချမ်းသာပြီး သူတို့အာဏာမြဲဖို့ စစ်အင်အားကို ချဲ့သထက်ချဲ့တာ ပြည်သူက ငတ်သထက် ငတ်ကုန်ကြတာပါပဲ။