သမ္မတထရမ့်က Karaj မြို့နားမှာရှိတဲ့ အီရန်မှာအကြီးဆုံး B-1 တံတားကြီးကို ဖျက်ဆီးထားတဲ့ဗီဒီယို တင်ထားပြီး သဘောတူညီချက်မရသေးရင် ကျန်သမျှအကုန်ဖျက်ဖို့ စရတော့မယ်၊ တံတားတွေ လာမယ်၊ ပြီးရင် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေလာမယ်၊ အစိုးရသစ်က ဘာလုပ်ရမယ်ဆိုတာ သိတယ်၊ မြန်မြန်လုပ်ရမယ်ဆိုတာကိုလည်း သိပါတယ်လို့ ရေးသွားပါတယ်။ B-1 တံတားကြီးက အစ္စရေးနဲ့ အမေရိကန်တပ်စခန်းတွေ၊ ကုမ္ပဏီတွေ ပိုင်ဆိုင်မှုတွေကို ပစ်ခတ်ဖို့ နိုင်ငံအနောက်ဖက်ကို ဒုံးကျည်နဲ့ လက်နက်ခဲယမ်းတွေ ထောက်ပို့ပစ္စည်းတွေကို ပို့ဆောင်ပေးနေတဲ့ အဓိက ဆက်သွယ်ရေး အသက်သွေးကြောတခု ဖြစ်ပါတယ်။ ဟော်မုဇ်ပြန်မဖွင့်ပေးမချင်း ပိုကြမ်းလာမယ့်သဘောပါ။
ဒုံးကျည်တွေအများစုရှိတဲ့ Isfahan ကိုလည်း အမေရိကန်နဲ့ အစ္စရေး ပေါင်းပြီး ရက်ဆက်ဆော်နေတာ မီးတွေ ပေါက်ကွဲမှုတွေ အကြီးအကျယ်ဖြစ်နေပါပြီ။ လူနေရပ်ကွက်တွေနဲ့ ဝေးလို့လည်း အဲဒီလိုလုပ်နိုင်တာပါ။ B-1 တံတားကို ဖြိုဖျက်တာကို လက်စားခြေဖို့ IRGC က ဆော်ဒီ-ဘာရိန်းတံတားကို ပစ်မှတ်ထားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒီနေ့အရှင်းခံရသူတွေက IRGC Kermanshah ဒေသက Ballistic Missile Unit commander Mukram Atimi နဲ့အတူ အစ္စရေးကို ဒုံးတွေ ဒရုန်းတွေ ပစ်လွှတ်ခဲ့တဲ့ကွန်မန်ဒါတွေ ပါသွားပါတယ်။ မနေ့က IRGC ရဲ့ သေချာလေ့ကျင့်ပေးထားတဲ့ Fatehin အထူးယူနစ်က အဆင့်မြင့်ကွန်မန်ဒါ Mohammad Ali Fathalizadeh အရှင်းခံလိုက်ရပါတယ်။ IRGC ကို Ahmad Vahidi က ဦးဆောင်နေသလို Mohammad-Bagher Zolghadr ကို National Security Advisor အဖြစ် ခန့်အပ်လိုက်ပါတယ်။ နှစ်ယောက်လုံး ဂန်းစာမိမယ့် စာရင်းထဲ ဝင်သွားလောက်ပါပြီ။
အီရန်ပါလီမန်စပီကာ Ghalibaf က သူတို့မှာ အမေရိကန်နဲ့ အစ္စရေးကို ပြန်တိုက်ဖို့ လူ ၇သန်း အသင့်ရှိတယ်လို့ ဆိုပါတယ်။ အရင် ၁သန်းလို့ပြောတုန်းကတောင် ၁၁နှစ်သားတွေ ပါနေတာဆိုတော့ အဲဒီ ၇သန်းက ဘုစုခရုတွေပါ ထည့်တွက်ထားတာများလား သိချင်မိတာပါပဲ။
စစ်ဖြစ်နေချိန်မှာပဲ စစ်ရေးဝကဟက်ဆက်သ်က Army Chief of Staff Gen. Randy George ကို ချက်ချင်းအငြိမ်းစားပေးပစ်လိုက်ပါတယ်။ ရန်ဒီက ဘိုင်ဒင်ခေတ်လက်ကျန်ဖြစ်ပြီး ဝုတ်တဲ့အတွက် အရင်ကာဝန်နဲ့ အလွမ်းသင့်သူဖြစ်ပါတယ်။ သူ့နေရာမှာ ယာယီခန့်အပ်ခံရသူက Gen. Christopher LaNeve ဖြစ်ပြီး elite unit တွေဖြစ်တဲ့ 82nd airborne ရဲ့ ကွန်မန်ဒါဖြစ်ခဲ့သလို ဟက်ဆက်သ်အောက်မှာ စစ်ရေးလက်ထောက်အဖြစ် လုပ်ပေးနေသူလည်း ဖြစ်ပါတယ်။ ကျွန်းသိမ်းတာတွေ၊ ယူရေနီယံ တက်ယူတာတွေ လုပ်လာရရင် လေထီးတပ်က အရေးပါလာမှာဖြစ်လို့ ဝုတ်အတွေးအခေါ်ရှိသူတွေရဲ့ လက်ထဲမှာဆိုရင် စစ်သည်တွေဟာ မစ်ရှင်အောင်မြင်ဖို့ထက် မလိုအပ်တဲ့ စည်းမျဥ်းတွေနဲ့ အရေးယူမခံရအောင် လုပ်ဖို့ကို ပိုပြီးအာရုံထားနေရမယ်ဆိုရင် အားလုံး ဒုက္ခများကုန်ဖို့ပဲ ရှိပါတယ်။
ဟော်မုဇ်ပြန်ပွင့်ဖို့အတွက် ယူအေအီးက ယူအန်ကိုအရေးယူပေးဖို့ မျှော်လင့်ပြီး အမေရိကန်က တဖက်မှာ နေတိုးအဖွဲ့ဝင်တွေကို ရေတပ်လွှတ်ဖို့ ဖိအားပေးနေသလို တဖက်မှာလည်း တိုက်ခိုက်ရေး အင်အားတိုးမြှင့်တာ၊ အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။ နေတိုး မဟာမိတ်တွေက ဟော်မုဇ်ဆက်ပိတ်နေရင် သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေးနည်းလမ်းတွေကို အသုံးပြုဖို့ စဥ်းစားနေပြီး ယူကေက လက်ရှိအခြေအနေကို ဆွေးနွေးဖို့ အွန်လိုင်းအစည်းအဝေး လုပ်နေပါတယ်။ စစ်ရေးကတော့ ဆွေးနွေးတဲ့ထဲကို မပါသေးပါဘူး။
မက်ခရွန်ကတော့ အီရန်ကို သူ့သင်္ဘာတွေဖြတ်ခွင့်ရဖို့ အသနားခံပြီး ခွင့်ပြုချက်တောင်းနေပါပြီ။ အင်အားနဲ့ဖွင့်ဖို့ကို ငါတို့ မရွေးချယ်ပါဘူး၊ လက်တွေ့မကျဘူးထင်လို့ပါ၊ စစ်ဆင်ရေးလုပ်ရင် အချိန်အားဖြင့် အကန့်အသတ်မဲ့ ကြာနိုင်သလို ငါတို့တပ်တွေကိုလည်း ဒုံးတွေ ကမ်းခြေက တိုက်ခိုက်မှု အန္တရာယ်တွေ ရှိလာနိုင်တာကြောင့်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အစ္စရေးက လမ်းကြမ်း ခင်းပေးပြီးသားပါ။ နဲနဲထပ်အားစိုက်ရုံနဲ့ လမ်းချောဖြစ်လာမှာကို မရွေးပဲ လူညစ် လူမိုက်ကို အောက်ကျို့တာဟာ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မယ့်နည်း လုံးဝမဟုတ်ပါဘူး။
ဥရောပက နေတိုးမဟာမိတ် အမေရိကန်ကို ခြေကန်ပြီး ကမ္ဘာ့နံပါတ် ၁အကြမ်းဖက် အီရန်ကို အောက်ကျို့နေချိန်မှာ အကွက်ရွှေ့လာသူက ပူတင်ပါ။ အီရန်က အမေရိကန်နဲ့ အစ္စရေးပစ်မှတ်တွေကို တိတိကျကျ ပစ်နိုင်ဖို့ ရုရှားက ပစ်မှတ်ရဲ့ တည်နေရာကို ရှာပေးပါတယ်။ အမေရိကန်ဘက်က ယူကရိန်းကို ကူညီထောက်ပံ့နေတာတွေ ရပ်ပစ်မယ်ဆိုရင် ရုရှားကလည်း အီရန်ကို ကူညီနေတာကို ရပ်ပေးမယ်လို့ ကမ်းလှမ်းလိုက်တာပါ။ သူ့ကို ယုံရ/မရဆိုတာအပြင် သူမပါလည်း ပွဲကသိမ်းမှာြဖစ်လို့ သမ္မတကြီးကတော့ သဘောတူမယ်မထင်ပါဘူး။
ဥရောပခေါင်းဆောင်တွေ ဘာလို့အဲဒီလောက် ကြောက်နေကြသလဲဆိုတာ စဥ်းစားမိရင် ဖြစ်နိုင်တာတခုက ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုတာလို သူတို့တတွေ ဝုတ်နေတာ ဆယ်စုနှစ်ပေါင်း မနည်းတော့ဘူးဆိုတော့ တပ်တွေ ယာဥ်ယန္တရားတွေက သုံးလို့ရတဲ့အခြေအနေမှ ဟုတ်သေးရဲ့လားလို့ပါ။ ယူကေက တော်ဝင်ရေတပ်ဆိုရင် ဖရီးဂိတ်နဲ့ ဖျက်သင်္ဘောကြီး ၁၃စီးရှိတာမှာ တကယ်သုံးလို့ရတာ နဲနဲလေးပဲ ရှိတော့တာပါ။ ထိန်းသိမ်းပြုပြင်မှုတွေ နှောင့်နှေးပြီး အများစုက ကမ်းမှာ ရပ်ထားရပါတယ်။ နွေးတဲ့ရေထဲသွားရင် စက်ပျက်တာတို့၊ စစ်သင်္ဘောတစီး လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်စစ်သည် ပြည့်ပြည့်ဝဝ မရှိတာတွေက ကမ္ဘာကို မလွှတ်နိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်မှာလည်း အိုဘမလက်ထက်က ပြုပြင်ထိန်းသိမ်းမှု ပုံမှန်မလုပ်ပဲ ပစ်ထားခဲ့လို့ ပျက်စီးနေတာတွေကို ထရမ့်ပထမသက်တမ်းတုန်းက ဘတ်ဂျက်အများကြီး အကုန်ခံပြီး သေချာပြုပြင်ထိန်းသိမ်းခဲ့ရတာပါ။
ဟော်မုဇ်ပိတ်လို့ ရေနံယာယီတက်တာကို အပြစ်မြင်ကြတဲ့သူတွေကို ပြောပြချင်တာက ဘုရှ် ၄၃လက်ထက် ၂၀၀၈ ဇွန်လမှာ ရေနံစိမ်းဈေးက တစည်ကို ခုအချိန်ငွေဈေးနဲ့ ၁၈၈.၆၆ ဖြစ်ပြီး ဟူစိန်အို လက်ထက်မှာ တစည်ကို ခုတန်ဖိုးနဲ့ ၁၂၀-၁၄၈ကြား ရှိနေခဲ့တာပါ။ အိုဘမလက်ထက် ကားဆီတခါဖြည့် ဒေါ်လာတရာကျော်သွားခဲ့တာ မှတ်မိနေပါသေးတယ်။ ဘိုင်ဒင်လက်ထက်မှာလည်း ခုဈေးနဲ့ ၁၁၈ထိ ဖြစ်ဖူးပါတယ်။ အဲဒီတုန်းက သူတို့တွေ ဆီဈေးကျဖို့ ကြိုးစားကြတာများ တွေ့ဖူးပါသလား။ စတော့မားကက်တွေ ထိုးကျတော့လည်း တုတ်တုတ်မှ မလှုပ်ကြပါဘူး။ အခု ရေနံဈေးတက်တာ စတော့မားကက်ကျတာတွေက လုပ်သင့်တာကို လုပ်ရင်းနဲ့ ဖြစ်လာတဲ့ ယာယီဘေးထွက်ဆိုးကျိုးပါ။ အဲဒါတောင် ဆီဈေးမကျကျအောင်၊ မားကက်မတက်တက်အောင် သမ္မတကြီးက အစွမ်းကုန် ကြိုးစားပေးနေတာ အားလုံးမျက်မြင်ပါပဲ။
၂၀၂၅အတွက် နေတိုးနိုင်ငံတွေရဲ့ စစ်ရေးအသုံးစားရိတ်တွေက အမေရိကန်က ၉၈၀ဘီလီယံ၊ ဥရောပနိုင်ငံ ၃၀နဲ့ ကနေဒါအားလုံးပေါင်းက ၅၁၂ဘီလီယံဆိုတော့ တဖက်စောင်းနင်းကြီး ဖြစ်နေပါတယ်။ ဒါတောင် ထရမ့်တက်လာပြီး အဖွဲ့ဝင်တွေကို သတ်မှတ်ထားတဲ့ ကိုယ့်GDPရဲ့ ၅% ကို တဖြည်းဖြည်းတိုးထည့်သွားဖို့ တွန်းနေလို့ အဲဒီလောက်ဖြစ်လာတာပါ။ ဥရောပနိုင်ငံတွေက နေတိုးသတ်မှတ်ချက်အတိုင်း ကိုယ့်တိုင်းပြည်ကာကွယ်ဖို့ စစ်ရေးအတွက် မသုံးချင်ပေမယ့် သူတို့ ဥ ထားတဲ့ သူတို့ကို ဒုက္ခပေးမယ့် ဟိုဘာသာကလူတွေအတွက်တော့ အနှမျောမရှိ သုံးချင်ကြတာ စဥ်းစားစရာပါ။
ဟော်မုဇ်ကိစ္စကြောင့် စွမ်းအင်အကြပ်အတည်းတွေ့နေကြတဲ့ အနောက်ကမ္ဘာက တချို့နိုင်ငံတွေက သူတို့ရဲ့ ဆီလိုအပ်ချက်အတွက် အမေရိကန်ဆီ လှည့်လာကြရပါပြီ။ အီရန်စစ်ဟာ
- ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ စစ်ရေးအရ အဆင်သင့်ဖြစ်နေအောင် လုပ်ထားဖို့
- ကိုယ့်တိုင်းပြည်အတွက် စွမ်းအင်ဖူလုံမှုရှိအောင် စီစဥ်ထားဖို့၊
- စွမ်းအင်လိုအပ်ချက်က အရေးပါနေဆဲအချိန်မှာ ကိုယ့်တိုင်းပြည်အဆင်သင့်မဖြစ်သေးပဲ ပဲရစ်သဘောတူညီချက်လိုဟာတွေနဲ့ ကိုယ့်ကိုယ်ကို ချုပ်နှောင်ပြီး နဂါးကိုလုပ်ကျွေးတဲ့ ဂရင်းအင်နာဂျီတွေနဲ့ အရူးမထဖို့၊
- စွမ်းအင်ဝယ်ယူနေတဲ့ ရင်းမြစ်တွေက ကိုယ့်ကို အကြပ်ကိုင် ဒုက္ခပေးမယ့်သူတွေ မဖြစ်ဖို့၊
- ရန်သူကို အင်အားကြီးလာတဲ့အထိ စောင့်မနေပဲ နှိမ်နှင်းဖို့ စတဲ့သင်ခန်းစာတွေ ပေးလိုက်တယ်လို့ မြင်ပါတယ်။
သင်ခန်းစာဆိုတာကလည်း ယူမှရတာဖြစ်တော့ ယူတတ်သူတွေ နားလည်သူတွေများလာမှ အပြောချိုတာကလွဲလို့ ဘာမှသုံးမရတဲ့ ပုဆိန်ရိုးအစိုးရတွေ တက်မလာကြမှာပါ။ စာဖတ်သူတွေရော ဘယ်လိုသင်ခန်းစာတွေ ရတယ်လို့ထင်ပါသလဲ။