Operation Epic Fury (38)

ဒီနေ့ရဲ့ ရင်တုန်စရာသတင်းကတော့ ခါ့ဂ်ကျွန်းနဲ့ နီးတဲ့ ခူဇက်စတန်ပြည်နယ်မှာ F-15E Strike Eagle လေယာဥ် ပစ်ချခံရပြီး လေယာဥ်မှူး၂ဦးက အီရန်နယ်မြေထဲမှာ ရောက်နေတယ်ဆိုတဲ့ သတင်းပါ။ အီရန်ဘက်က ဓါတ်ပုံတွေ အရင်ဖြန့်တာပါ။ အရင်က ဗီဒီယိုအဟောင်းတွေထဲက လေထီးကျနေတဲ့ပုံ၊ မျက်စေ့ကို ပိတ်စီးထားတဲ့ လိမ္မော်ရောင် ထောင်သားဝတ်စုံနဲ့ ပုံတွေပြပြီး လေယာဥ်မှူးတွေကို သူတို့ပဲမိထားသလိုလိုပြောပါတယ်။ အဲဒါနဲ့ တွဲပါလာတာက တောင်းဆိုချက်တွေပါ၊ နံပါတ် ၁ က အပစ်ရပ်ဖို့၊ ၂က ဆန်ရှင်တွေ ဖယ်ပေးဖို့၊ ၃က frozen asset တွေကို unfreeze လုပ်ပေးဖို့နဲ့ အီရန်ကို တိုက်ခိုက်မှုတွေ ရပ်တန်းကရပ်ဖို့ဖြစ်ပါတယ်။ အမေရိကန်တွေက ဆက်ဗုံးကြဲနေမယ်ဆိုရင် ဒီမိုကရက်တွေ ကလောတုတ်လို့ကောင်းမယ့် ဆန္ဒပြစရာ ဆူဆူဖြိုးဖြိုးအကွက်ကြီးဖြစ်လာမှာပါ။ ၁၉၇၉ ချာတူးကာတာလက်ထက်တုန်းက အမေရိကန်သုံ့ပန်းတွေကို ၄၄၄ရက် ထိန်းသိမ်းထားခဲ့တာ တကယ်ဆော်မယ့် ရေဂင်တက်လာတဲ့နေ့ကျမှ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

တကယ်သာမိထားရင် စစ်သည်တွေ ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်ရမယ်ဆိုတာ အကြိမ်ကြိမ် လေ့ကျင့်ပေးထားပြီးဖြစ်ပေမယ့် ကိုယ့်တပ်သားကို ကိုယ့်သားသမီးလို သဘောထားတဲ့ ခေါင်းဆောင်တွေဖြစ်လေတော့ တကယ်ကို အခက်တွေ့မှာပါ။ အိုဘမတို့လို အရင်ခေါင်းဆောင်တွေ ကတော့ ပစ်ထားလိုက်တာပါပဲ။ ထရမ့်လောက် တပ်သား/ ပြည်သူကို အလေးထားသူ မရှိခဲ့ဖူးပါဘူး။

F-15E လေယာဥ်တွေက ထိုင်ခုံ ၂ခုပါပြီး ရှေ့က ပိုင်းလော့နဲ့ အနောက်က weapon specialist တို့ ပါပါတယ်။ ပစ်ချခံရတာမျိုးဆိုရင် အနောက်ခုံကစပြီး ခဏအကြာမှာ ရှေ့ခုံကန်ထွက်ပါတယ်၊ အချိန်ဆိုင်းထားရတာက လေထဲမှာတိုက်မိမှာစိုးလို့ဖြစ်ပြီး နှစ်ဦးလုံး တနေရာထဲ အတူတူ ကျလာဖို့ လုပ်ထားတာပါ။ သွားကယ်တော့ ပိုင်းလော့ကိုပဲ တွေ့တယ်လို့ ဆိုပါတယ်။ အတည်မပြုနိုင်သေးတဲ့ အတွင်းသတင်းအရ ကျန်တဦးဟာ encrypted message နဲ့ တပ်ကိုဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းမှန်ရင် သူဟာ အသက်ရှင်လျက် ရှိနေသေးတဲ့သဘောပါ။

ဒီကနေ့မှာ A-10 လေယာဥ်တစီးပါ ထပ်မံပစ်ချခံရပြီး A-10က လေယာဥ်မှူးကိုလည်း F-15E က လေယာဥ်မှူးလိုပဲ နာရီအနည်းငယ်အတွင်း ကယ်ဆယ်နိုင်ခဲ့ပါပြီ။ အီရတ်နယ်စပ်နဲ့နီးတော့ အဲဒီလေသူရဲ ၂ဦးကို အီရတ်မှာ ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။  ၂ဦးအတွက်စိတ်အေးရပေမယ့် weapon specialist အတွက် ပူပင်ရပြန်ပါတယ်။ သမ္မတက Easter weekend ဖြစ်လို့ ဖလော်ရီဒါကို ပြန်ဖို့ စီစဥ်ထားပေမယ့် အရေးကြီးနေချိန်ဖြစ်လို့ အိမ်ဖြူတော်မှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

လေသူရဲတွေကို လေ့ကျင့်ပေးတဲ့ထဲမှာ ရန်သူ့နယ်မြေထဲ ပျက်ကျခဲ့ရင် SERE  ဆိုတဲ့ S – Survive, E – Evade, R – Resist, E – Escape ရှင်သန်၊ ရှောင်တိမ်း၊ ခုခံ၊ လွတ်မြောက်ဖို့ အခြေအနေပေါင်းများစွာ ပေါ်မှာ နာရီပေါင်းများစွာ လေ့ကျင့် ပေးထားတာပါ။ တော်ရုံဒဏ်ရာကိုလည်း ကိုယ်တိုင်ကုသနိုင်အောင် သင်/ကျင့်ထားပေးပါတယ်။ အဆိုပါလေသူရဲရှိနေတဲ့ ဒေသတဝိုက်မှာ ဗုံးကြဲတာ ရပ်တံ့ထားပါတယ်။ လာမယ့် ၂၄နာရီက အရေးအကြီးဆုံးပါပဲ။

သူတို့ကို ရှာဖွေကယ်တင်ခဲ့တဲ့ Combat Search And Rescue (CSAR) ကယ်ဆယ်ရေး အဖွဲ့တွေမှာ Pararescuemen (PJs) တွေ၊ Combat Rescue Officers (CROs) တွေက ပစ်ခတ်နေတဲ့ ရန်သူနယ်မြေမှာ ဝင်ကယ်ဖို့ အထူးပြုလုပ်ထားတဲ့ HH-60G Pave Hawk helicopter တို့ HC-130 သယ်/ပို့လေယာဥ်တွေ ပါဝင်ပါတယ်။ PJ တွေက စစ်ရေးတင်မက အဆင်မြင့်အရေးပေါ်ကုသမှုမှာပါ လေ့ကျင့်ထားတဲ့အတွက် Guardian Angel တွေလို့ ခေါ်ကြတာပါ။ အမေရိကန်တွေမှာ ညအမှောင်ထဲမြင်နိုင်တဲ့ night vision, ရန်သူခြေရာမခံနိုင်တဲ့ stealth tactics, တွေနဲ့ အကောင်းဆုံးလေ့ကျင့်ပေးထားတဲ့ တပ်အင်အားစုတွေ ရှိတဲ့အတွက် ကျန်နေသူကို ဒီည တညလုံးရှာဖွေကြမှာဖြစ်ပါတယ်။

သူတို့ကို အပြင်းအထန်ပစ်ခတ်နေတဲ့ကြားက သွားကယ်ရတာဖြစ်လို့  Black Hawk ရဟတ်ယာဥ်  ၂စီးလုံးဟာ ပြန်မပြင်ပဲ သုံးလို့ရတဲ့အခြေအနေမှာ မရှိပါဘူး။ အဲဒီလို ရဟတ်ယာဥ်တွေဟာ နိမ့်နိမ့် ဖြေးဖြေးပျံပြီး လူရှာရတာဖြစ်လို့ အင်မတန် အန္တရာယ်များတာပါ။ တချို့က ဒီလောက်အန္တရာယ်ကြီးတာ ရင်းမြစ်တွေ ဖြုန်းတီးသလို မဖြစ်ဖူးလားလို့ မေးနိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ပေါ်လစီက ကိုယ့်လူကို ဖြစ်အောင် ကယ်ဖို့ပါ။ အဲဒါကြောင့်လည်း အမေရိကန်စစ်သည်တွေက စိတ်ဓါတ်ရေးရာ လုံခြုံမှုပိုရှိပြီး သူများထက် ပိုမိုစွန့်စားလိုစိတ် ပြင်းထန်ကြတာ ဖြစ်ပါတယ်။

သတင်းတွေထဲမှာ အမေရိကန်ရဲ့ အဆင့်မြင့်တိုက်လေယာဥ်တွေကို အီရန်က ပစ်ချနိုင်ခဲ့တာကို ဂုဏ်ဆာနေကြပါတယ်။ တကယ်တော့ အဲဒီလေယာဥ် ၂မျိုးလုံးက နှစ် ၅၀ကျော်က ဒီဇိုင်းတွေပါ။ အနားပေးဖို့သင့်နေတာအပြင် ရက် ၃၀ကျော်မှ ပထမဆုံးအကြိမ် ပစ်ချနိုင်တာဆိုတော့ ဒီဘက်က ပေါ့သွားလို့လား၊ မနေ့က ပူတင့်စကားအရ ပူတင်က တည်နေရာတိတိကျကျကို ညွှန်ပြပေးနေလို့လား ဆိုတာ စဥ်းစားစရာဖြစ်ပါတယ်။ တပ်ကလည်း ဖြစ်နိုင်ခြေအကုန်လုံးကို စီစစ်နေမှာပါ။

အစ္စရေးတွေဖမ်းမိထားတဲ့ elite Hezbollah Radwan Force က လူတွေကတော့ “ဟဇ်ဘိုလာက ခါမေနီသေတာကို လက်တုန့်ပြန်ဖို့ စစ်ထဲဝင်ပါလာတာပါ”လို့ တဦးကပြောပြီး နောက်တဦးက “ငါတို့ကို သေကွင်းထဲပို့လိုက်တာပါ၊ ငါတို့မှာ စွမ်းအင်မကျန်ပေမယ့် အတင်းတိုက်ခိုင်းလို့ ပါလာတာပါ” လို့ စစ်ဆေးရေးမှာ ဖြေပါတယ်။ မိသားစုတွေနဲ့ ခွဲနေရတာ တနှစ်ကျော်ပြီဖြစ်ပြီး အထက်က တပ်သားတွေအတွက် ဘာမှ ဂရုတစိုက် လုပ်ပေးတာမရှိသလို ငါတို့နားချင်တယ်လို့ ပြောတာလည်း နားထောင်ပေးမယ့်သူ မရှိပါဘူး၊ ခွေးတကောင်က ခွေးတကောင်ကို စစ်ထဲပို့သလိုပဲ၊ ငြင်းရင်လည်း သေဒဏ်ဆိုတော့ အသေခံမလား၊ အစ္စရေးတပ်မှာ လက်နက်ချမလားဆိုတာပဲ ရွေးဖို့ရှိတော့တယ်လို့ အသီးသီး ပြောကြပါတယ်။ အစ္စရေးက လက်ဘနွတ်မှာရှိတဲ့ ဟဇ်ဘိုလာတွေကို ပြင်းပြင်းထန်ထန် တိုက်လာခဲ့တာ ၁နှစ်ခွဲလောက် ရှိသွားပါပြီ။

ပင်လယ်ကွေ့အာရပ်နိုင်ငံတွေက အီရန်ဟော်မုဇ်ကို ပြန်ဖွင့်စေဖို့ ယူအန်မှာ အင်အားအသုံးပြုခွင့် ခွင့်ပြုချက် (resolution “authorizing the use of force”) ရဖို့အတွက် လုံခြုံရေးကောင်စီမှာ ကြိုးစားကြပါတယ်။ ထုံးစံအတိုင်း တရုတ်နဲ့ ရုရှားက ကန့်ကွက်သလို အမေရိကန်ရဲ့ နေတိုးမဟာမိတ်ဖြစ်တဲ့ ပြင်သစ်ပါ ကန့်ကွက်နေတာဖြစ်ပါတယ်။ ဗီဒိုအာဏာရှိတဲ့ ၃နိုင်ငံက ကန့်ကွက်မှတော့ ပွဲကပြီးပြီပေါ့။ ယူအန်က စိတ်ပူလိုက်၊ တံခါးပိတ်လိုက်ဖွင့်လိုက် စာထုတ်လိုက် ကလွဲလို့ သုံးမရတာ မကြုံဖူးသေးဘူးထင်ပါရဲ့။

UAE က IRGC ရဲ့ အကြမ်းဖက်ငွေကြေးကွန်ယက်နဲ့ ဆက်စပ်နေတဲ့ ငွေကြေးရောင်းဝယ်သူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးလိုက်ပါတယ်။ အီရန်က ဆီရောင်းတာကရတဲ့ ဘီလီယံနဲ့ချီတဲ့ ဝင်ငွေတွေ ငွေမည်းတွေကို အဲဒီလိုကွန်ယက်တွေကတဆင့် ဆန်ရှင်ကို ခွကျော်ပြီး ဟဇ်ဘိုလာတွေ ဟူသီတွေဆီ ပို့ပေးနေခဲ့တာပါ။

Leave a comment