Operation Epic Fury (41)

C-17 Globemaster III သယ်ယူပို့ဆောင်ရေးလေယာဥ်အကြီးကြီးတွေ အမေရိကန်အရှေ့ပိုင်းကနေ အတ္တလန်တစ်ကို ဖြတ်ပြီး အရှေ့အလယ်ပိုင်းကို ဦးတည်လာနေပြီလို့ ဖလိုက်ဒေတာတွေကို ကိုးကားပြီး ဖော်ပြနေကြပါတယ်။ အဲဒီဧရာမလေယာဥ်ကြီးတွေဟာ တပ်တွေပြောင်းတာ၊ လက်နက်ကြီးတွေ၊ သံချပ်ကာယာဥ်တွေကို မိုင်ထောင်ချီပြီး အသာလေးပို့ပေးနိုင်တဲ့ လေယာဥ်ကြီးတွေဖြစ်ပါတယ်။ တချို့က အစီး၁၀၀ကျော်တောင် ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် တခုကို ၁သန်းခွဲတန်ပြီး ရန်သူခြေရာမခံနိုင်တဲ့ မိုင် ၆၀၀ကျော် ပစ်လို့ရတဲ့ Stealth ခရုဇ်ဒုံးကျည်တွေကိုပါ ပစိဖိတ်ဒေသကနေ အီရန်အတွက် အမြန်ပို့ပေးနေတယ်လို့ သတင်းထွက်နေပါတယ်။ အီရန်စစ်မှာ Tomahawk ဒုံးကျည်ပေါင်း ရာနဲ့ချီသုံးခဲ့ရပြီး JASSM ဒုံးကျည် ပေါင်း တထောင်ကျော် သုံးခဲ့ပြီးဖြစ်ပါတယ်။

စနေနေ့က တီဟီရန်ကို မီးလုံးကြီးတွေ ထတဲ့အထိ အကြီးအကျယ်တိုက်ခိုက်ခဲ့စဥ်မှာ အီရန်စစ်ဘက်က ထိပ်တန်းခေါင်းဆောင် ၂ဦး သေဆုံးသွားခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ ၁၀ရက် ရာဇသံကလည်း ပြည့်တော့မှာဆိုတော့ တပ်ပြေးတွေ များသထက် များလာပါပြီ။ Bukan ဒေသက အမြန်လမ်းတွေပေါ်မှာ အလံတွေ အတားအဆီးတွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပါပြီ။ အီရန်ကတော့ ခေါင်းမာတုန်းပါပဲ။ တူရ်ကီ၊​ အီဂျစ်နဲ့ ပါကစ္စတန်တို့ ကြားဝင်စေ့စပ်ပေးတာလည်း ပျက်သွားပြီလို့ ဆိုကြပါတယ်။

အီရန်လွှတ်တော်စပီကာ Ghalibaf က ပင်လယ်ကွေ့နိုင်ငံတွေနဲ့ သံတမန်ရေး တိုက်ရိုက် ဆွေးနွေးလိုကြောင်း ကြေငြာလိုက်ပါတယ်။ သူက အီရန်မြေပေါ် ဝင်ရောက်လာမယ့် အမေရိကန် တပ်တွေကို မီးရှို့ပစ်မယ်လို့ ကြွေးကြော်နေခဲ့သလို အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေကို ခြိမ်းခြောက် နေခဲ့တာပါ။ အခုမှ စကားပြောချင်လို့ပါဆိုတော့ ဒီစကားက ဧပြီ ၁ရက်နေ့က ပြောခဲ့ရမှာလေ။

နှစ်စပိုင်း ဖိနှိပ်ခံအီရန်ပြည်သူတွေ ဆန္ဒပြနေတုန်းက သမ္မတထရမ့်က လက်ဆောင်တွေပို့လိုက်ပြီလို့ ပြောခဲ့ပါတယ်၊ အဲဒါဘာမှန်းမသိခဲ့ကြပါဘူး။ အခုမှသိလာရတာက လက်နက်တွေပါ၊ ဆန္ဒပြသူတွေဆီကို ကာ့ဒ်တွေကတဆင့် လက်နက်တွေပို့ခဲ့တာပါ။ ဒါပေမယ့် ကာ့ဒ်တွေကနေ ပြည်သူလက်ထဲ ရောက်မလာခဲ့ကြပါဘူး။ အဲဒါကြောင့်လည်း ကာ့ဒ်တွေအကူအညီနဲ့ အီရန်တပ်တွေကို မြေပြင်စစ်ဆင်နွဲဖို့ကိစ္စကို မဆက်တော့တာ ဖြစ်နိုင်ပါတယ်။

ဟော်မုဇ်ကိုရှောင်ဖို့ သင်္ဘောတွေဟာ UAE ရဲ့ Khor Fakkan ဆိပ်ကမ်းဘက်ကနေ သွာလာနေကြတဲ့ အတွက် အီရန်က UAE ရဲ့ အိုမန်ပင်လယ်ကွေ့ဘက်က အဆိုပါဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ရဲ့ လုပ်ပုံက အမေရိကန်နဲ့ အစ္စရေးကို ပြန်ချတာမဟုတ်သလို သူတို့ပြောပြောနေတဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တာလည်း မဟုတ်တော့ပါဘူး။ ကမ္ဘာ့ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ဖို့ဆိုတာ ထင်ရှားနေပါတယ်။

WSO ကို ကယ်တင်ခဲ့တဲ့ မစ်ရှင်မှာ ဂျက်တွေ ဟတ်စကီးတွေကို ဖျက်ခဲ့ရလို့ ကုန်ကျစားရိတ် ၃၈၆သန်းထိ ဖြစ်သွားနိုင်တဲ့အပေါ် ဒီမိုကရက်တွေက ပြစ်တင်ငြူစူနေကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဘိုင်ဒလန်ကြီး တာလီဘန်တွေဆီ ထားပစ်ခဲ့တဲ့ လက်နက်ယာဥ်ယန္တရားတွေက ဘီလီယံနဲ့ချီ တန်တဲ့အပြင် တရုတ်က နောက်ဖေးပေါက်ကနေ နည်းပညာလာခိုးသေးတာဆိုတော့ ဆုံးရှုံးမှုက တွက်ဆမရနိုင်ပါဘူး။ ဒီမိုကရက်တွေက ဆိုမာလီလိမ်လည်မှု၊ မက်ဒီကဲ မက်ဒီကိတ်လိမ်လည်မှုတွေမှာ နိုင်ငံခြားသားတွေဆီ ဘီလီယံနဲ့ချီ ပြုန်းတီးနေတာကို ပြုံးပြီးကြည့်နေနိုင်ပေမယ့် ကိုယ့်စစ်သည်ကို ကယ်ထုတ်ရင်း ကုန်ကျရတာကိုကျမှ ငြူစူဆောင့်အောင့်နေတာ ဖြစ်သင့်ပါရဲ့လား။

အမေရိကန်တပ်တွေက အီရန်ဆီက ယူရေနီယံရယူဖို့  ညတွင်းချင်း ယာယီလေယာဥ်ပြေးလမ်းတခု ချက်ချင်းစီစဥ်မယ်လို့ သူကြားတဲ့သတင်းအပေါ် ပြင်သစ်က ဗိုလ်ချုပ်ကြီးတဦးက တီဗီပေါ်ကနေ ဝေဖန်လိုက်ပါတယ်။ “အစည်းအဝေးတွေကြားမှာ ကုတ်ရှုမနေကြပါနဲ့ကွာ၊ မဖြစ်နိုင်ပါဘူး၊ စိတ်ကူးယဥ်သိပ္ပံကားတွေထက်တောင် ပိုနေပါသေးတယ်၊ အေးချမ်းတဲ့အချိန်မှာတောင် လချီ ဖောက်ရတာပါ”လို့ ဝေဖန်သွားပါတယ်။ မနေ့က WSO ကို ကယ်ထုတ်တုန်းကလည်း လေယာဥ်အလေးကြီးတွေဆင်းတဲ့ ယာယီပြေးလမ်းကို ညတွင်းချင်း စီစဥ်ခဲ့တာပါပဲ။ ဘာမူးယစ်ဆေးမှ ရှူစရာမလိုခဲ့ပါဘူး။ ဖြစ်အောင်လုပ်မယ့်စိတ်ဓါတ်ပဲ လိုတာပါ။

သမ္မတထရမ့်က ဒီကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် တနင်္လာနေ့ အရှေ့ပိုင်းစံတော်ချိန်  နေ့လည် ၁နာရီမှာ ဘဲဥပုံရုံးခန်း၌ ပြုလုပ်မယ်လို့ ကြေငြာထားပါတယ်။ အင်္ဂါနေ့က သဘောတူညီချက်မရရင် တံတားတွေ ဓါတ်အားပေးစက်ရုံတွေကို ဖြိုဖျက်မယ့်နေ့ ဖြစ်လေတော့ သူဘာပြောမလဲဆိုတာ ကမ္ဘာက စောင့်ကြည့်နေကြမှာပါ။

Leave a comment