Operation Epic Fury (43)

သမ္မတထရမ့်ရဲ့ ငရဲမိုးရွာမယ့် ရာဇသံစေ့ဖို့ နာရီပိုင်းအလိုမှာ ပါကစ္စတန်ဝကချုပ် Shehbaz Sharif နဲ့ Field Marshal Asim Munir တို့ရဲ့ စေ့စပ်ပေးမှုနဲ့ သမ္မတထရမ့်က ယခုဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။

“ဒီည အီရန်ကို ဖျက်ဆီးမယ့်အင်အားစုတွေကို ဆိုင်းငံ့ထားလိုက်ပါပြီ။ အီရန် ဘက်က ဟော်မုဇ်ရေလက်ကြားကို ချက်ခြင်း လုံခြုံဘေးကင်းစွာနဲ့ အပြည့်အဝပြန်ဖွင့်ပေးမယ်ဆိုရင် ငါက အီရန်ကို ဗုံးကြဲနေတာတွေကို ၂ပတ် ရပ်တံ့ပေးဖို့ သဘောတူထားပါတယ်။ အဲဒါက တဖက်သတ်မဟုတ်ပဲ နှစ်ဦးနှစ်ဖက် အပြန်အလှန်အပစ်ရပ်စဲတာဖြစ်လာမှာပါ။ ဘာဖြစ်လို့ အဲဒီလို ဆုံးဖြတ်ရတာလဲဆိုတော့ ငါတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေအကုန်လုံးဟာ ပြည့်ဝရုံမက ကျော်လွန်နေလို့ဖြစ်ပြီး အီရန်နဲ့ ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက် တိတိကျကျရဖို့နဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးတို့ကလည်း ခရီးပေါက်နေပြီဖြစ်လို့ပါပဲ။

ငါတို့က အီရန်ဆီက ၁၀ချက်ပါတဲ့ အဆိုပြုချက်ကို လက်ခံရရှိထားပါတယ်။ အဲဒါအပေါ် အခြေခံပြီး ဆက်လက်ဆွေးနွေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အမေရိကန်နဲ့ အီရန်ကြား အရင်က ငြင်းခုံခဲ့ကြတဲ့ အချက်တွေအကုန်လုံးလိုလိုဟာလည်း သဘောတူညီမှု ရရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အပစ်ရပ်ထားမယ့် လာမယ့် ၂ပတ်ဟာ သဘောတူညီချက်တွေကို အပြီးသတ်ဆွေးနွေးပြီး အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတဦးအနေနဲ့ရော အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ကိုယ်စားပြုပြီးတော့ရော အဲဒီနာတာရှည်ပြဿနာကြီးကို အဆုံးသတ် ဖြေရှင်းခွင့်ရတာ ဂုဏ်ယူစရာပါ။ ဒီကိစ္စအပေါ် စိတ်ဝင်စားပေးတာ ကျေးဇူးပါ”

အီရန်ဘက်က တောင်းဆိုတဲ့ ၁၀ချက်က

၁။ စစ်ကို လုံးဝ အပြီးရပ်တံ့ရန်၊ (ယာယီအပစ်ရပ်တာတွေကို လက်မခံပါ)

၂။ အီရန်ကို ထပ်မံမတိုက်ခိုက်တော့ပါဘူးလို့ ကတိပြုရန်၊

၃။ အစ္စရေးတွေ လက်ဘနွန်က ဟဇ်ဘိုလာတွေကို တိုက်ခိုက်ခြင်း ရပ်တံ့ရန်၊

၄။ အီရန်တင်မကပဲ​ဒေသတွင်းတိုက်ခိုက်မှုတွေ အကုန်ရပ်တံ့ရန်၊

၅။ အီရန်အပေါ် ချမှတ်ထားတဲ့ အမေရိကန်နဲ့ နိုင်ငံတကာဆန်ရှင်တွေ အပြည့်အဝ ပယ်ရှားပေးရန်၊

၆။ အပြန်အလှန်အားဖြင့် အီရန်က ဟော်မုဇ်ကို ပိတ်ဆို့ထားတာကို ပြန်လည်ဖွင့်ပေးပါမယ်၊

၇။ ဟော်မုဇ်ကို လုံခြုံစွာဖြတ်သန်းဖို့ protocol လုပ်ငန်းစဥ် ချမှတ်ပါမယ်၊

၈။ အီရန်က သင်္ဘောတစီးကို ဖြတ်သန်းခ ၂သန်း ကောက်ယူပါမယ်၊

၉။ အဲဒီဖြတ်သန်းခကို အိုမန်နဲ့ ခွဲဝေယူပါမယ်၊

၁၀။ အမေရိကန်နဲ့ အစ္စရေးတို့ ဖျက်ဆီးခဲ့တဲ့ အခြေခံအဆောက်အဦတွေကို ပြန်လည်တည်ဆောက်ရန် (သီးခြားအခြေအနေတရပ်အဖြစ် တောင်းဆိုထားပါတယ်)

ဒီနေ့အထိ အမေရိကန်က ခါ့ဂ်ကျွန်းက စစ်ရေးပစ်မှတ်တွေ၊ ရေဒါတွေ၊ လက်နက်တိုက်တွေကို အကြီးအကျယ် တိုက်ခိုက်နေခဲ့တာပါ။ အခုလိုဖြစ်လာနိုင်တာကို ကြိုတွက်ဆထားလို့ အစ္စရေးကလည်း နောင်သူတို့ကို ဒုက္ခပေးလာနိုင်တာတွေကို အားချင်း ရှင်းလင်းဖျက်ဆီးထားခဲ့တာပါ။

အီရန်တောင်းဆိုတဲ့ ၁၀ချက်လုံး ပေးဖို့သဘောတူထားတာမဟုတ်ပါဘူး၊ အရင်လို မဖြစ်နိုင်တာမဟုတ်တော့တဲ့အတွက် တချို့တဝက်လက်ခံပြီး အဲဒီပေါ်ကနေ ဆက်သွားနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ထရမ့်က ၄နာရီအတွင်း တံတားတွေ ပါဝါပလန့်တွေ အကုန်ဖျက်ပစ်မယ်ဆိုတာရယ် တပ်တွေအများကြီး ထပ်ပို့ထားတာရယ်ကြောင့် လေသံပျော့လာပုံပါပဲ။ မီးမရ တံတားမရှိရင် တွင်းအောင်းလို့လည်းမရ၊ လက်နက်တွေလည်း ပို့မရနဲ့ ခရုအဆံကျွတ်ဘဝ ရောက်တော့မှာ သဘောပေါက်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ပြည်သူနဲ့ဆိုင်တာတွေ မပျက်တာ ဝမ်းသာစရာပါ။ ကျန်တာက ပြည်သူအပိုင်းဖြစ်သွားပါပြီ။ အစိုးရကတော့ အင်အားအချိနဲ့ဆုံးအခြေအနေမှာ ရှိနေတာပါ။

အီရန်ကလည်း အဲဒီသဘောတူညီချက်အပေါ် နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi ရဲ့ တရားဝင်ထုတ်ပြန်ချက် ထွက်ရှိလာပါတယ်။

“အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကိုယ်စား ကျွန်တော်က ပါကစ္စတန်ဝကချုပ် Sharif နဲ့ Field Marshal Munir တို့ကို သူတို့ရဲ့ စစ်ပြေငြိမ်းရေးအတွက် မနေမနား ကြိုးပမ်းခဲ့မှုတွေအပေါ် ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။

PM Sharif ရဲ့ ညီအကိုချင်းတောင်းဆိုချက်အရ အမေရိကန်ရဲ့ ၁၅ချက်ပါ အဆိုပြုချက်ကို စဥ်းစားခဲ့သလို သမ္မတထရမ့်ရဲ့ အီရန်ဘက်က အဆိုပြုချက် ၁၀ခုကို အခြေခံမူဘောင်အနေနဲ့ ဆက်ဆွေးနွေးဖို့ လက်ခံနိုင်တယ်ဆိုတဲ့အတွက် အီရန်ရဲ့ Supreme National Security Council ကိုယ်စား ကျွန်တော် ဒီနေရာကနေ အခုလို ကြေငြာလိုက်ပါတယ် —

အီရန်အပေါ် တိုက်ခိုက်မှုတွေ ရပ်တံ့ပေးခဲ့ရင် ကျွန်တော်တို့ရဲ့ အင်အားကြီးမားတဲ့ စစ်တပ်ကြီးဟာ သူတို့ရဲ့ ခံစစ်လုပ်ငန်းအဝဝကို ရပ်တံ့ပေးမှာဖြစ်ပါတယ်။

လာမယ့် နှစ်ပတ်အတွင်းမှာ ဟော်မုဇ်ကို လုံခြုံစွာဖြတ်သန်းနိုင်ဖို့က အီရန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကိုတော့ ထည့်စဥ်းစားရမှာဖြစ်ပါတယ်” လို့ ကြေငြာသွားပါတယ်။

အီရန်ဘက်က နျူကိစ္စထည့်မပြောသွားသလို ဟော်မုဇ်ကို ချုပ်ကိုင်ထားမှုကလည်း ထူးပြီး လျော့သွားတာ မဟုတ်ပါဘူး။ အသေးစိတ်ကတော့ ဆက်ဆွေးနွေးရင်း သိလာရမယ်ထင်ပါတယ်။

Leave a comment