Operation Epic Fury (44)

၂ပတ် အပစ်ရပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ပြန်ဝန်မလေး Karoline Leavitt က

“ ဒါက သမ္မတထရမ့်နဲ့ ကျမတို့ရဲ့ အံ့မခန်းစစ်တပ်ကြီးက ဖြစ်အောင် ဆောင်ကျဥ်းပေးခဲ့တဲ့ အမေရိကန်ရဲ့ အောင်ပွဲပါပဲ။ ဒီစစ်ဆင်ရေး စကတဲက သမ္မတထရမ့်က ၄-၆ပတ်ပဲ ကြာဖို့ မှန်းထားခဲ့တာပါ။ ကျမတို့စစ်သားတွေရဲ့ မယုံနိုင်လောက်အောင် ပြည့်ဝတဲ့ စွမ်းဆောင်ရည်ကြောင့် ကျမတို့ရဲ့ ပင်မစစ်ရေးရည်မှန်းချက်တွေအားလုံးကို ၃၈ရက်ထဲနဲ့ ပြီးမြောက်အောင်မြင်ခဲ့ပါပြီ။ အီရန်ဘက်က အပစ်ရပ်ဖို့ စကမ်းလှမ်းတာပါ၊ နေတန်ယာဟုကလည်း သမ္မတထရမ့်စီစဥ်တာကို သဘောတူပါတယ်” လို့ ပြောသွားပါတယ်။

အပစ်ရပ်ဖို့ အဓိကလိုအပ်ချက်က အီရန်ဘက်က ဟော်မုဇ်ပြန်ဖွင့်ဖို့ဖြစ်ပါတယ်။ အဲဒါက အီရန်ဘက်က ဖြတ်သန်းခကောက်ခံချင်တယ်လို့ တောင်းဆိုထားတာနဲ့ သပ်သပ်စီပါ။ ဒီနေ့ ရေနံတန်ကာကြီး ၂စီး ဖြတ်သွားနိုင်ခဲ့ပါပြီ။ ဟော်မုဇ်ထဲမှာ ရေနံတင်သင်္ဘော အစီး၄၀၀ကျော်နဲ့ အခြားသင်္ဘော အမြောက်အများ ကျန်ရှိနေပါသေးတယ်။ အပစ်ရပ်အသက်ဝင်နေဆဲမှာ အမြန်ထွက်နိုင်ကြဖို့ အရေးကြီးပါတယ်။ အဲဒါမှ ရေနံဈေးကျမှာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ကုန်သွယ်ဖက်နိုင်ငံတွေ အသက်ရှူချောင်မှာဖြစ်သလို ပစ်ခတ်မှုတွေ ကျွန်းသိမ်းတာတွေ ဖြစ်လာခဲ့ရင်လည်း သူတို့တွေ လုံခြုံရေးအတွက် ပူနေစရာ မလိုတော့မှာ ဖြစ်ပါတယ်။

အီရန်ဘက်က တောင်းဆိုချက် ၁၀ချက်နဲ့ ပတ်သက်ပြီး ပို့စ်တွေက အမျိုးမျိုး ဖြစ်နေပါတယ်။ အဲဒီအပေါ် သမ္မတထရမ့်က စားပွဲဝိုင်းမှာ လျို့ဝှက်ဆွေးနွေးတာတွေသာလျင် အတည်ဖြစ်ပြီး ကျန်တာတွေကို မယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။ အီရန်ဘက်က ဟော်မုဇ်ကိုပဲ ပုံစံမျိုးစုံနဲ့ အကြပ်ကိုင်ချင်တဲ့သဘောက သူတို့ရဲ့ အရေးပါမှုကိုပြဖို့က အဲဒီတခုတည်း ကျန်တော့တာကြောင့်ပါ။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦတွေနဲ့ လဲရလောက်အောင် တန်သလားဆိုတာကတော့ သူတို့ ego ဘယ်လောက်ကြီးသလဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။

လေကျယ်တဲ့ အီရန်က အပစ်ရပ်ဖို့ကို ခပ်မြန်မြန်သဘောတူလိုက်တဲ့အပေါ် သုံးသပ်ကြတာက တရုတ်က ရေနံလိုတာ ဗိုက်နာနေပြီမို့လို့ပါတဲ့။ တရုတ်ရဲ့ စီးပွားရေးက ကုန်ထုတ်လုပ်မှုဖြစ်တော့ စွမ်းအင်က အရေးကြီးတယ်ဆိုတာထက် ပိုပါတယ်။ တရုတ်က အီရန်ဆီက ရတဲ့ဆီက သူဝယ်တာရဲ့ ၁၃-၁၄% လောက်ပဲဆိုပေမယ့် ပါရှန်ပင်လယ်ကွေ့က ၄၀-၅၀% ရနေတာဖြစ်တော့ ဟော်မုဇ်ကို ပြန်ဖွင့်စေချင်တဲ့ထဲမှာ တရုတ်က ထိပ်ကပါနေမှာပါ။ မိုဒီလိုလုပ်ဖို့ကျတော့လည်း ထရမ့်မျက်နှာက ကြည့်ရသေးတော့ မလွယ်ပါဘူး။

ဒီစစ်ဆင်ရေးရော အခုအပစ်ရပ်သဘောတူညီချက်ရောနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ရည်ရွယ်ချက်ရှိရှိ တမင်ဖြန့်နေကြတာနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က ဖက်ဒရယ်ကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ မီဒီညာစီအန်အန်ကလည်း သိသိကြီးနဲ့ အီရန်ထိပ်ပိုင်းကလာတဲ့ သတင်းပါဆိုပြီး မဟုတ်မမှန် အန္တရာယ်ရှိတဲ့ ကြေငြာချက်အတုတွေ ထုတ်နေကြောင်း၊ အဲဒါက အီရန်ထိပ်ပိုင်းကလာတာ လုံးဝမဟုတ်ပဲ သက်သက် လုပ်ကြံထားတာ ဖြစ်လို့ အခုလို ထိလွယ္ခိုက်လွယ်အနေအထားမျိုးမှာ မီးလောင်ရာလေပင့် ဖြစ်စေကြောင်း၊ သူတို့ရတယ်ဆိုတဲ့ ရင်းမြစ်က နိုက်ဂျီးရီးယားကဖြစ်လို့ သူတို့လိမ်တာ ပေါ်သွားကြောင်း၊ ရေးသားသွားပါတယ်။

သမ္မတထရမ့်က အပစ်ရပ်အောင်မြင်ခဲ့ရင် နောက်ပိုင်းပြုလုပ်မယ့် အစီအစဥ်တွေကို ထရုသ်ဆိုရှယ်မှာ အခုလိုရေးခဲ့ပါတယ်။ “အမေရိကန်က ဟော်မုဇ်မှာ သင်္ဘောတွေ ပုံနေတာကို ကူညီရှင်းလင်း ပေးသွားမှာ ဖြစ်ကြောင်း၊ အပြုသဘောလုပ်နိုင်တာတွေ အများကြီးရှိကြောင်း၊ ပိုက်ဆံတွေ အများကြီးရလာမှာဖြစ်ကြောင်း၊ အီရန်က ပြန်လည်တည်ဆောက်ရေးကို လုပ်နိုင်သလို ငါတို့က လိုအပ်သမျှ ပို့ဆောင်ပေးမှာဖြစ်ကြောင်း၊ အဲဒီလို ပြန်တည်ဆောက်နေချိန်မှာ ငါတို့က ဒီနားတဝိုက်မှာ စောင့်နေပြီး အရာရာ အဆင်ပြေချောမွေ့တာ သေချာအောင် စောင့်ရှောက်ပေးမှာဖြစ်ကြောင်း၊ အဆင်ပြေလိမ့်မယ်လို့လည်း ယုံကြည်ပါကြောင်း၊ ငါတို့ အမေရိကန်မှာလိုပဲ ဒီခေတ်က အရှေ့အလယ်ပိုင်းအတွက် ရွှေခေတ်ဖြစ်လာနိုင်ကြောင်း” တို့ကို ရေးခဲ့တာဖြစ်ပါတယ်။

သမ္မတရေးတာကို ဘာသာပြန်ရရင် အီရန်က မယုံရတာ လူတိုင်းသိတဲ့ အမှန်တရားဖြစ်သလို ရန်လိုတာလည်း သံသယဖြစ်ဖွယ်မရှိတော့ ဟော်မုဇ်ကို အမေရိကန်တပ်တွေက အချိန်အတိုင်းအတာ တခုအထိ စောင့်ကြပ်ပေးသွားမယ့်သဘောပါ။ အီရန်ကိုလည်း လက်နက်သင်္ဘောတွေ ရောက်မလာအောင်၊ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို ဒုက္ခမပေးနိုင်အောင်၊ အိမ်နီးချင်းနိုင်ငံတွေကို ထပ်ရန်မရှာနိုင်အောင် အနီးကပ် စောင့်ကြည့်ထိန်းသိမ်းသွားမယ့် ပုံပါပဲ။ အဲဒီအတွက် အလကားတော့ မရနိုင်ပါဘူး။ ပင်လယ်ကွေ့နိုင်ငံတွေက ပိုက်ဆံပေးရတာမျိုး ဖြစ်လာနိုင်ပါတယ်။ အီရန်ကိုလည်း ဗင်နီဇွဲလားလို တနည်းနည်းနဲ့ဖြစ်အောင် ညှိယူပါလိမ့်မယ်။

ဗင်နီဇွဲလားက ရေနံနဲ့ ရောင်းရငွေကို အမေရိကန်ကထိန်းချုပ်ပြီး သူတို့လိုအပ်တာ အမေရိကန်ဆီကပဲ ဝယ်ရတဲ့အတွက် အစိုးရက ခိုးတာတွေ၊ လက်နက်အတွက်သုံးတာတွေ လုပ်လို့ မရတော့ပါဘူး။ အဲဒါဆိုရင် ရသမျှက ပြည်သူအတွက်ဖြစ်လို့ တိုင်းပြည်မြန်မြန် တိုးတက်လာမှာပါ။ ယွမ်ကိစ္စက ထည့်ပြောနေစရာကို မလိုတော့တာပါ။

မျက်နှာချင်းဆိုင်တွေ့ဆုံမှုကို ဧပြီ ၁၀ရက်နေ့တွင် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်မှာ ပြုလုပ်မှာဖြစ်ပြီး စတိဗ်ဝစ်ကော့ဗ်၊ ဂျာရက်ခရုဇ်နာတို့အပြင် အီရန်တို့ သိပ်တွေ့ချင်နေတဲ့ ဂျေဒီဗန့်စ်ပါ တက်ရောက်မှာဖြစ်ပါတယ်။ ဒီစစ်နဲ့ ပတ်သက်ပြီး ဂျေဒီ့အသံ သိပ်မထွက်တဲ့အတွက် သူက ဒီစစ်ကို ဆန့်ကျင်သူဆိုတဲ့ ကောလဟလတွေကို ယုံနေပုံပါပဲ။ ဒုသမ္မတက သမ္မတခိုင်းတာ လုပ်ရတာပါ။ သမ္မတတာဝန်ပေးထားတဲ့ ကိစ္စနဲ့ ဆီးနိတ်မှာ လိုအပ်ရင် မဲပေးနိုင်တာကလွဲလို့ သူ့အာဏာက ဘာမှသိပ်မရှိပါဘူး။ တကယ်လို့ ဂျေဒီက သမ္မတနဲ့ ကွဲလွဲပြီး ဒီစစ်ကို ဆန့်ကျင်ခဲ့ရင် သူ့နိုင်ငံရေး အနာဂတ် သူသတ်သလို ဖြစ်ပါလိမ့်မယ်။

အပစ်ရပ်ပြီးနောက်မှာ ပစ်ခတ်မှုတွေ ဆက်ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန်က ဒီအပစ်ရပ်သဘောတူညီချက်ဟာ အမေရိကန်နဲ့ အီရန်ကြားမှာပဲဖြစ်ပြီး အစ္စရေးနဲ့ အစ္စရေးကို တိုက်ရိုက်ဒုက္ခပေးနေတဲ့ လက်ဘနွန်က ဟဇ်ဘိုလာတွေကြားမှာ သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ မနေ့က ဟဇ်ဘိုလာကရော အစ္စရေးကပါ ဆက်တိုက်နေတဲ့အတွက် အီရန်က ဟော်မုဇ်ကို ဖွင့်မလိုလုပ်ပြီးမှ ပြန်ကြပ်ခဲ့ပါတယ်။ သမ္မတထရမ့်က သတိပေးခဲ့ပြီးတဲ့နောက်မှာ ရေကြောင်းသွားလာမှု အနည်းငယ် ပြန်ရှိလာခဲ့တာပါ။ အစ္စရေးက ပစ်ခတ်မှုကြောင့် ပြန်ပိတ်တဲ့ သတင်းတွေ ထွက်နေပေမယ့် တရားဝင်သတင်းတွေမဟုတ်တော့ ဟုတ်/မဟုတ် မသိသေးပါဘူး။

ဒီအပစ်ရပ် ၂ပတ်ဟာ အီရန်က လက်နက်ထပ်ရဖို့ အချိန်ဆွဲတာပါလို့ ဆိုကြသူတွေအတွက် အမေရိကန်က အီရန်ကို လက်နက်/ လက်နက်ထုတ်လုပ်တဲ့ပစ္စည်း ထောက်ပံ့တဲ့နိုင်ငံတိုင်းကို tariff ၅၀% ချက်ခြင်း ကောက်ခံမယ်လို့ သတိပေးလိုက်ပါတယ်။ အဲဒီသတိပေးချက်မတိုင်ခင် တရုတ်က လက်နက်ပစ္စည်းတွေ သယ်ဆောင်လာတဲ့သင်္ဘောတစီး အီရန်ဘက်ကို ဦးတည်လာနေတယ်လို့ သတင်းထွက်နေတာပါ။ အီရန်ဘက်ကလည်း အချိန်နည်းနည်းလိုတာအမှန်ပါ။ တပ်ပျက်ကြီးလို ကစဥ့်ကလျားဖြစ်နေတဲ့ ခေါင်းဆောင်ပိုင်းမှာ ဘာဖွဲ့စည်းပုံမှ မူမှန်မရှိနေတော့တဲ့အတွက် သူတို့ချင်းကြားထဲမှာ အကျေအလည် ညှိဖို့တွေ ရှိဦးမှာပါ။ တထိန်းထိန်းထုနေတဲ့ ဗုံးတွေကြားမှာ ဘာမှ ခေါင်းအေးအေးစဥ်းစားလို့ ရမှာမဟုတ်ပါဘူး။

ဖြတ်သန်းခနဲ့ ပတ်သက်လို့ စင်္ကာပူနိုင်ငံခြားဝန် ဗီဗီယန် ဘာလာခရစ်ရှ်နန်က မလက္ကာရေလက်ကြားနဲ့ နှိုင်းယှဥ်ပြီး အခုလိုပြောသွားပါတယ်။​ “စင်္ကာပူအစိုးရက သူ့သင်္ဘောတွေ ဟော်မုဇ်ကို ဖြတ်သန်းရဖို့အတွက် အီရန်နဲ့ လုံးဝ ဆွေးနွေးမှုမပြုခဲ့ပါဘူး၊ ဒါက နိုင်ငံတကာရေကြောင်းသွားလာခွင့် တရားဝင်ရှိတဲ့နေရာပါ၊ မလက္ကာရေလက်ကြားလိုပါပဲ။ သူတို့နဲ့ သွားဆွေးနွေးလိုက်ရင် နိုင်ငံတကာ ရေကြောင်းသွားလာခွင့်ကို အသိအမှတ်မပြုသလို ဖြစ်သွားမှာကို မလိုလားပါဘူး။ ယှဥ်ပြောရရင် ဟော်မုဇ်က ရေမိုင် ၂၁မိုင်အကျယ်ရှိပြီး မလက္ကာက ၂မိုင်သာသာပဲ ကျယ်တာပါ။ အရေးအကြီးဆုံးက နိုင်ငံတကာ ရေကြောင်းသွားလာမှုမှာ လွတ်လပ်ခွင့်ရှိဖို့ပါပဲ” လို့ ပြောသွားပါတယ်။

အပစ်ရပ်တယ်ဆိုတာနဲ့ အီရန်မှာ မနေ့က တံတားတွေ ဓါတ်ပေါင်းဖိုတွေမှာ သွားဝိုင်းခဲ့ကြတဲ့ မိန်းမနဲ့ ကလေးတံတိုင်းကြီးက မြို့ထဲလှည့်ပြီး ထောက်ခံပျော်ရွှင်နေကြပါပြီ။ မိန်းမနဲ့ ကလေးတွေ ရှိနေတဲ့ နေရာတွေကို ထရမ့်က ဗုံးမကြဲဘူးဆိုတာသိလို့လည်း အဲဒီလို လူသားဒိုင်းလုပ်ဝံ့တာပါ။ သူတို့ကလည်း တံတားတိုင်း ပါဝါပလန့်တိုင်း မဝိုင်းနိုင်ပါဘူး၊ သူတို့အတွက် အရေးကြီးမယ့်ဟာတွေပဲ ကွက်ဝိုင်းခိုင်းမှာဖြစ်လို့ ဗုံးမကြဲခဲ့ပေမယ့် ဘယ်ဟာက သူတို့အတွက် အရေးပါလဲဆိုတာ သိလိုက်ရတဲ့ အမြတ်တော့ ထွက်မှာပါပဲ။

၁၉၇၉တုန်းက အစ္စလာမ္မစ်တော်လှန်ရေးမတိုင်ခင် ရှားဘုရင်နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အနောက်နိုင်ငံတွေကို သတိပေးစကား ပြတ်ပြတ်သားသား ပြောခဲ့တာက အခုထိ မှန်နေသေးတာကို တွေ့ရပါတယ်။ ရှားဘုရင်က “အစွန်းရောက်တွေကို နားလည်ဖို့ ကြိုးစားနေတာတွေကို ရပ်ပါ၊ သူတို့နဲ့ ဆွေးနွေးဖို့ လုပ်နေတာတွေကို ရပ်ပါ၊ ကြမ်းကြုတ်တဲ့ အစ္စလာမ္မစ်တွေက ညှိနှိုင်းတာကို ပျော့ညံ့တယ်၊ ဆွေးနွေးတာကို လက်နက်ချတယ်လို့ ရှုမြင်ကြတာပါ၊ သူတို့ရဲ့ မုန်းတီးမှုတွေကို အနောက်နိုင်ငံတွေရဲ့ ပျော့ပြောင်းတဲ့ အမြင်နဲ့ကြည့်မြင်သုံးသပ်နေတာက အဲဒီလူတွေကို ပိုဆိုးစေမှာပါ” လို့ ပြောခဲ့ပါတယ်။ ကမ္ဘာကြီးက နားမထောင်ခဲ့ပါဘူး။ ချာတူးကာတာလက်ထက်မှာ ဖြစ်ခဲ့တာပါ။ ပျော့ညံ့ခြင်းက ဒုက္ခနဲ့ ပြဿနာအဝဝရဲ့ လက်သည်ပါပဲ။ အဲဒါကို ဆက်ကြက်ဥတိုက်ခဲ့တာက ဟူစိန်အိုဘမနဲ့ ဘိုင်ဒလန်တို့ပါ။

အစ္စလာမ္မစ်ရီပါ့ဘလစ်က စတက်ကတည်းက အစွယ်တဖြဲဖြဲနဲ့ပါ။ ဒါပေမယ့် ပြဿနာရဲ့ အတိမ်အနက်ကို နားမလည်တဲ့ အနောက်ကမ္ဘာက ခေါင်းဆောင်တွေက နားလည်မှုနဲ့ ဆွေးနွေးမှုတို့ဘက်ကိုပဲ တွန်းပို့ခဲ့ပါတယ်။ ရှားဘုရင်က အီရန်ကို အချိန်တိုအတွင်း ခေတ်မီအောင် ပြုလုပ်ပေးခဲ့ရုံမက ဒေသတွင်း တည်ငြိမ်မှုပါ ဆောင်ကျဥ်းပေးပြီး  ဆိုဗီယက်အုပ်စုနဲ့ အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်တွန်းလှန်ခဲ့တာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက အရှေ့အလယ်ပိုင်းက မဟာမိတ်တဦးကို ဆုံးရှုံးခဲ့ရတဲ့အပြင် မူလာတွေရဲ့ ဘာသာရေးနာမည်တပ်ပြီး ရက်ရက်စက်စက် အုပ်ချုပ်တဲ့ စနစ်က မဆုံးနိုင်တဲ့ အကြမ်းဖက်မှုတွေ၊ ဓါးစာခံပြန်ပေးဆွဲတာတွေ၊ နျူဆောက်မယ်ဆိုပြီး ခြိမ်းခြောက်နေတာတွေ၊ တဆင့်ခံစစ်ပွဲတွေ၊ ပြည်သူကို ဖိနှိပ်တာတွေ ၄၇နှစ်လုံးလုံး လုပ်နေတော့တာပါပဲ။ ဒါတွေကို သမ္မတထရမ့်က ကောင်းကောင်းကြီး နားလည်ပါတယ်။

Leave a comment