တကယ်တော့ လွှတ်တော်စပီကာရော နိုင်ငံခြားရေးဝန်ကြီးရောက အကြမ်းဖက်တွေကို လက်နက် ထောက်ပံ့တာ၊ အမေရိကန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်တာ၊ နျူကိစ္စ ဆက်လုပ်ချင်တာက ခါမေနီတိုလိုပဲဖြစ်လို့ အစ္စရေးက ရှင်းချင်နေခဲ့တာပါ။ သူတို့နေရာကိုလည်း ရထားပြီးသားပါ။ ပါကစ္စတန်က ဒီ ၂ယောက်ကို မရှင်းပါနဲ့၊ ရှင်းလိုက်ရင် ပိုဆိုးတဲ့ IRGC လက်ထဲ ထိန်းချုပ်မှု/ အာဏာ အကုန် ရောက်သွားရင် ပိုဆိုးပါလိမ့်မယ်လို့ သတိပေးတာကို အမေရိကန်က သဘောတူခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်နေပါတယ်။ အဲဒါကြောင့်လည်း သူတို့လုံခြုံရေးအတွက် ပါကစ္စတန်က လာကြိုပေးရတာပါ။
ဆွေးနွေးပွဲကိုလာတော့ အမေရိကန်ဘက်က ဒုသမ္မတဗန့်စ်နဲ့အတူ ပုံမှန်ဆွေးနွေးနေကျ Steve Witkoff, Jared Kushner တို့ အဓိက ပါဝင်ပြီး ကာတာနဲ့ ရှားဘုရင်တွေ့ပြီးနောက်ပိုင်း ဗန့်စ်က အမေရိကန်ဘက်က အမြင့်ဆုံး အီရန်နဲ့တွေ့သူ ဖြစ်လာပါတယ်။ ဆွေးနွေးပွဲမှာ သဘောတူညီချက် တိတိပပ မရခဲ့ရင် စစ်တပ်က အဆင်သင့်စောင့်နေတယ်လို့ သမ္မတထရမ့်က သတိပေးထားတာပါ။
အီရန်အဖွဲ့က စောစောကပြောခဲ့တဲ့ ခေါင်းဆောင် ၂ဦး အပါအဝင် ၇၁ဦး တက်ရောက်လာကြတာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ဂါဗာနာရော၊ နျူဆွေးနွေးပွဲတွေမှာ ပုံမှန်တက်ခဲ့တဲ့သူရော၊ Supreme National Security Council က အဖွဲ့ဝင်တွေရော၊ နိုင်ငံခြားရေးက ဒုဝန်ကြီးတွေရော၊ အမတ်တွေရော၊ စစ်တက္ကသိုလ်က ကျောင်းအုပ်ရော စုံနေတာပါပဲ။ သူတို့အစိုးရ ခေါင်းဆောင်ပိုင်းတွေ သိပ်မကျန်တော့ဘူးဆိုတာ မဟုတ်ကြောင်း သက်သေပြဖို့များလားတောင် ထင်ရပါတယ်။
IRGC ကွန်မန်ဒါချုပ် အာမက်ဗဟီဒီက ၁၉၈၀လောက်ထဲက ခါမေနီရဲ့ လက်ရွေးစင်အဖြစ် မ/ကိုရီးယားမှာ ဒုံးကျည်နဲ့ နျူနည်းပညာတွေကို သွားလေ့လာခဲ့သူဖြစ်တာကြောင့် အခု ဆွေးနွေးပွဲမှာလည်း စပီကာနဲ့ နိုင်ငံခြားဝန်ကို ဒုံးကျည်ကိစ္စ အဆွေးနွေးမခံဖို့ အကြိမ်ကြိမ်မှာတဲ့ သတင်းလည်း ထွက်နေပါတယ်။ အခုလို စစ်ဖြစ်နေချိန်မှာ စစ်တပ်ရဲ့ ကဏ္ဍက အရေးပါပေမယ့် နိုင်ငံရေးအရ ဆွေးနွေးတဲ့အပိုင်းကို နိုင်ငံရေးဘက်ကလူတွေနဲ့ပဲ ဆွေးနွေးစေတာကတော့ ဖြစ်သင့်တဲ့ ကိစ္စပါပဲ။
အီရန်ဘက်က ဟော်မုဇ်ကိုဖြတ်တဲ့ သင်္ဘောတွေကို ဖြတ်သန်းခ ကောက်ခံနေတယ်လို့ ထရမ့်က သတင်းကြားတဲ့အတွက် မကောက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။ အီရန်က သူတို့ထုတ်တဲ့ Maham 3 & 7 ပုံစံမိုင်းတွေကို စစ်အစောပိုင်းကာလမှာ ချထားခဲ့ပြီး နောက်ပိုင်းမှာ မိုင်းချတဲ့ စပိဘုတ်လေးတွေကို အမေရိကန်က ဖျက်ဆီးလိုက်ပါတယ်။ အခုတော့ အီရန်က သူတို့ချခဲ့တဲ့ မိုင်းတွေရဲ့ နေရာအတိအကျကို မသိတော့သလို တချို့က မူလနေရာက ရွေ့သားနိုင်တာဖြစ်လို့ မရှင်းပေးနိုင်ဘူးလို့ ဆိုပါတယ်။
ရေမိုင် ၂၁မိုင်ကျယ်တဲ့ ရေလက်ကြားက ပုံမှန်ဆို တနေ့ကို သင်္ဘော ၆၀-၁၃၅အထိ သွားလာနေကြတာကနေ အခုဆိုရင် သူတို့နဲ့ ညှိမှ/ ပိုက်ဆံပေးမှ မိုင်းလွတ်တဲ့ လမ်းကျဥ်းကျဥ်းလေးကို ပေးဖြတ်တဲ့အတွက် တနေ့ကို ၁၀-၁၁စီးလောက်ပဲ ဖြတ်သန်းနိုင်နေတာ ဖြစ်ပါတယ်။ အီရန်က ဟော်မုဇ်မှာ မိုင်းချတာ ခုမှမဟုတ်ပါဘူး။ အီရန်-အီရတ်စစ်ဖြစ်ခဲ့တဲ့ ၁၉၈၀-၁၉၈၈ တုန်းကလည်း ချခဲ့ပြီး အဲဒီတုန်းက မိုင်းပေါင်း ၁၅၀လောက် ချခဲ့တာ ဖြစ်ပါတယ်။ ၈နိုင်ငံ မျှသုံးကြတဲ့ ရေလမ်းကြောင်းက တနိုင်ငံတည်းကြောင့် ကမ္ဘာကိုပါ အကြပ်အတည်း ဖြစ်စေခဲ့တာပါ။
အမေရိကတိုက်အလယ်ပိုင်းက Costa Rica နိုင်ငံဟာ အီရန်နောက်ခံပေးထားတဲ့ ဟဇ်ဘိုလာ၊ ဟာမာ့စ်၊ IRGC နဲ့ ဟူသီတွေပါတဲ့ အကြမ်းဖက် ကိုယ်စားလှယ်ကွန်ယက်ကို အကြမ်းဖက်များအဖြစ် တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အီရန်ကလည်း သူ့ဆရာတရုတ်လိုပါပဲ။ အမေရိကနဲ့လည်းနီး၊ မူးယစ်ဆေးမှောင်ခိုနဲ့ ငွေဖြူဖွတ်လုပ်ငန်းတွေလည်း ပေါများတဲ့ မက္ကဆီကိုနဲ့ အနီးတဝိုက်နိုင်ငံတွေမှာ ခြေကုပ်ယူလာနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းကို မရောက်စေချင်ရင် အီရန်က အကြမ်းဖက်အုပ်စု အမြစ်ပြတ်ဖို့ လိုပါတယ်။
ယူကေဝကခ စတမ်မာက သူတို့ဆီမှာ ဆီဈေးတွေတက်တဲ့အတွက် ထရမ့်နဲ့ ပူတင်ကို အပြစ်တင်လိုက်ပါတယ်။ ယူကေမှာ ရေနံနဲ့ ဓါတ်ငွေ့သိုက်တွေ ရှိသင့်သလောက် ရှိပါတယ်။ ဒါပေမယ့် ကလိုင်းမိတ်ချိန့်နဲ့ ဝုတ်နေကြတော့ မဟားဒရားဥပဒေသောင်းခြောက်ထောင်ကြားမှာ ထုတ်ယူဖို့က ခဲယဥ်း ဈေးကြီးလာခဲ့ပါတယ်။ တွက်ခြေမကိုက်ကြတော့လည်း တဖြေးဖြေး ပိတ်သိမ်းတာတွေ ဖြစ်လာတာပါ။ ကာလီဖိုးနီးယားနဲ့ အခြား ဝုတ်ဥရောပနိုင်ငံတွေမှာလိုပါပဲ။ နျူဓါတ်ပေါင်းဖိုတွေက သန့်စင်ပြီး ဈေးချိုတဲ့စွမ်းအင် ထုတ်ပေးပေမယ့် အဲဒါကိုလည်း ပေါက်ကွဲမှာ စိုးရိမ်ပူပန်ခြင်းများစွာနဲ့ မပြိုတဲ့မိုး ပြိုခဲ့သည်ရှိသော်ဆိုပြီး ပိတ်ကြပြန်ပါတယ်။ လိုလာတဲ့စွမ်းအင်ကိုကျတော့ ရုရှား၊ အီရန်၊ တရုတ်တို့ဆီက ဆီ၊ ဓါတ်ငွေ့နဲ့ ဆိုလာ၊ လေတာဘိုင်တွေဝယ်ပြီး လုပ်ကျွေးကြပြန်တယ်။ fossil fuel က မကောင်းဘူးဆိုပေမယ့် ရန်သူဆီကဝယ်ရင် ကောင်းသွားတဲ့လော့ဂျစ်က စူးရောက်လှပါတယ်။