Operation Epic Fury (47)

အပစ်ရပ်ဆွေးနွေးပွဲက ဟော်မုဇ်ထိန်းချုပ်မှုမှာတင် တစ်နေတဲ့အတွက် သန်းခေါင်ယံကို ကျော်လွန်တဲ့ အထိ ၂၁နာရီကြာ ဆက်တိုက်ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီချက် မရရှိခဲ့ဘူးလို့ ဗန့်စ်က ပြောသွားပါတယ်။ ဗန့်စ်က အမေရိကန်ဘက်က good faith နဲ့ လိုက်လျောနိုင်သလောက် လိုက်လျောဖို့ ကြိုးစားခဲ့ပေမယ့် တိုးတက်မှုမရရှိခဲ့တာဟာ အမေရိကန်ထက်စာရင် အီရန်အတွက် သတင်းဆိုးဖြစ်ပါလိမ့်မယ်လို့ ပြောပြီး အမေရိကန်ကို ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်က အီရန်နျူမပိုင်စေလိုတာ ဒီနှစ် နောက်နှစ် စတဲ့ ရေတိုသဘောမျိုးမဟုတ်ပဲ ရေရှည်အတွက် ပြောတာဖြစ်ပေမယ့် အီရန်ဘက်က ခဏနားတာမျိုးလောက်ပဲ ဖြစ်စေချင်ဟန်တူပါတယ်။

အစောပိုင်းမှာ ပါကစ္စတန်က ဆွေးနွေးပွဲအခြေအနေ တိုးတက်မှုရှိတယ်လို့ ဆိုနေပေမယ့် အီရန်အစိုးရ တီဗီက ဆွေးနွေးပွဲမှာ သူတို့ လုံးဝမလျော့နိုင်ဘူးလို့ သဘောရတဲ့ red line ၄ချက်အကြောင်းကို တင်ပြခဲ့ပါတယ်။ အဲဒါတွေက

၁။ ဟော်မုဇ်ရေလက်ကြားကို အီရန်ထိန်းချုပ်ခွင့်ပြုရန်

၂။ စစ်လျော်ကြေးပေးရန်

၃။ (ပြည်ပဘဏ်/ ငွေကြေးအဖွဲ့အစည်းတွေမှာထားတဲ့) အီရန်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ထိန်းချုပ်ထားခြင်းကို ပယ်ဖျက်ပေးရန်

၄။ ဒေသတခုလုံးအတွက် ပြည့်ပြည့်ဝဝ အပစ်ရပ်စဲမှု ရရှိရန်တို့ ဖြစ်ပါတယ်။

ဟော်မုဇ်ကို အီရန်ထိန်းချုပ်ခွင့် ရသင့်သလားဆိုတာ အားလုံးသိကြမှာပါ။ အမေရိကန်အတွက် နျူကိစ္စက နံပါတ် ၁ ဖြစ်ပေမယ့် အီရန်ရဲ့ ဒီစာရင်းထဲမှာ မပါနေပါဘူး။ အပစ်စရပ်ပြီးတာနဲ့ အီရန်က Isfahan မှာရှိတဲ့ မြေအောက်နျူအဆောက်အဦတွေကို ခံတပ်ကြီးတခုလိုဖြစ်အောင် ဝင်ပေါက် ၃ခုလုံးကို အကာအရံအသစ်တွေ ထပ်မံပြုလုပ်လိုက်တယ်လို့ ဂြိုလ်တုပုံတွေက ဖော်ပြတားတယ်လို့ ဆိုကြပါတယ်။ ကမ်းတက်တပ်တွေနဲ့ လာသိမ်းရင် ရယူဖို့ မလွယ်အောင် လုပ်ထားတဲ့ ပုံစံမျိုးပါ။

ပါကစ္စတန်မှာ အမေရိကန်နဲ့ အီရန် အပစ်ရပ်ကိစ္စ ဆွေးနွေးနေစဥ်အတွင်းမှာပဲ မိုင်းရှင်းမယ့် USS Frank E. Peterson နဲ့ USS Michael Murphy ဆိုတဲ့ guided missile destroyer ဖျက်သင်္ဘော ၂စီး ဟော်မုဇ်ကိုဖြတ်ပြီး အာရေဗျပင်လယ်မှာ စတင်လှုပ်ရှားနေပြီလို့ CENTCOM က ကြေငြာပါတယ်။ မိုင်းတွေရှင်းပြီး သင်္ဘောတွေထွက်ဖို့ လမ်းကြောင်းသစ် ရလာပြီဆိုတာနဲ့ ပင်လယ်ရေကြောင်း သွားလာရေး အဖွဲ့အစည်းတွေကို သင်္ဘောတွေ သွားလာနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားသွားမယ်လို့ ဆိုပါတယ်။

CENTCOM ရဲ့ ကြေငြာချက်အပြီးမှာ အမေရိကန်စစ်သင်္ဘော ၂စီး ဝင်လာတဲ့အချိန်မှာ အီရန်ဘက်က နာရီဝက်အတွင်း ပြန်ထွက်ရင်ထွက် မထွက်ရင် ပစ်ခတ်ရလိမ့်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်လာပါတယ်။ အခု အဲဒီခြိမ်းခြောက်မှုက နာရီနဲ့ချီ ကြာသွားခဲ့ပါပြီ၊ ပစ်ခတ်တယ်လို့ သတင်းမကြားသေးပါဘူး။ ဟော်မုဇ်က နိုင်ငံတကာရေပိုင်နက်ဖြစ်လို့ သူတို့ကိုပြောပြီးမှ သွားရမယ်ဆိုတာ သဘာဝမကျပါဘူး။

ဖျက်သင်္ဘော ၂စီးက Automatic Identification System ဖွင့်ပြီး သေချာမောင်းလာကြတာပါ။ စစ်သင်္ဘောတွေက အဲဒီလို AIS ဖွင့်ပြီးမောင်းကြတာ မရှိပါဘူး။ သူတို့ဘယ်သူဆိုတာ အလွယ်တကူသိနိုင်တဲ့ အချက်ပေးစနစ် ဖွင့်ဝင်လာတာရယ် CENTCOM က ကြေငြာချက်ရယ်က အမေရိကန်ဟာ မိုင်းရှင်းမယ့်ကိစ္စကို မဖြစ်မနေ ဆက်လုပ်တော့မယ့် သဘောပါပဲ။ ဟော်မုဇ်ရေပြင်ပေါ်မှာ အဲဒီဖျက်သင်္ဘော ၂စီးပဲဆိုပေမယ့် ရေအောက်မှာ မိုင်းရှင်းဒရုန်းတွေအပြင် လေ/ကာစနစ်တွေနဲ့ ပစ်ကူပေးမယ့် တိုက်ရေယာဥ်အုပ်စုတွေက အာရေဗျပင်လယ်မှာ အသင့်ရှိနေကြတာပါ။

အီရန်က သူတို့ချထားခဲ့ မိုင်းတွေ ဘယ်မှာမှန်းမသိတော့လို့ မရှင်းနိုင်ပါဘူးလို့ ဆိုထားတော့ ရှင်းနိုင်သူက ဝင်ရှင်းပေးဖို့ ကြိုးစားတာပါ။ အဲဒါကို ပစ်ခတ်မယ်ဆိုရင်တော့ မိုင်းတွေကို မရှင်းစေချင်တာ၊ ရေလက်ကြားနဲ့ တကမ္ဘာလုံးကို အကြပ်ကိုင်ချင်တာ ပိုထင်ရှားစေပါတယ်။ တော်ဝင်ရေတပ်ကြီးနဲ့ မိုင်းကူရှင်းပေးမယ်ဆိုတဲ့ စတမ်မာကလည်း လက်တွေ့ကျတော့ အများစုက တော်ဝင်သံချေးတွေနဲ့ သုံးမရတဲ့အတွက် သူတို့ကိုတောင် ပြန်ကူနေရမယ့်ပုံ ဖြစ်နေတာပါ။

တရုတ်က အပစ်ရပ်ကာလအတွင်း အီရန်ကို ပခုံးထမ်းလောင်ချာ MANPADS တွေကို တတိယနိုင်ငံတခုခုက ပို့တဲ့ ကုန်သင်္ဘောလိုဟန်ဆောင်ပြီး ပို့ဖို့ကြိုးစားနေတာကို အမေရိကန် ထောက်လှမ်းရေးက မိသွားတယ်လို့ ဆိုပါတယ်။ တရုတ်က အီရန်ဆီက ဆန်ရှင်ထိထားတဲ့ ဆီကို ဈေးပေါပေါနဲ့ ဝယ်လို့ရနေတဲ့အခွင့်အရေးကို လက်လွှတ်မခံချင်သလို သူ့ရဲ့ proxy တဦးဆုံးရှုံးမှာကိုလည်း လိုလားမှာမဟုတ်ပါဘူး။

အီရန်ဘက်ကို ကိုးကားတယ်ဆိုတဲ့ လက်ဝဲ Al Jazeera သတင်းမှာ အမေရီကန်က အီရန်ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာကို ဖြေလျော့ပေးမယ်ဆိုလို့ အခုလိုဆွေးနွေးပွဲ တက်လာတာလို့ ပြောပါတယ်။ အမေရိကန်ဘက်က ဒီအကြောင်း ဘာမှပြောထားခြင်းမရှိပါဘူး။ သမ္မတထရမ့်ကလည်း စားပွဲဝိုင်းမှာ ဆွေးနွေးတာကပဲ အတည်ဖြစ်ပြီး ကျန်သတင်းတွေကို မယုံဖို့ ပြောထားပါတယ်။

အစ္စရေးဝကချုပ်ကလည်း ဒီနေ့ ပြည်သူကို ပြန်ကြားတဲ့အစီရင်ခံစာမှာ ဖြစ်ပေါ်တိုးတက်မှုအဝဝကို အစီရင်ခံခဲ့ပြီး သူတို့ဖက်က ရန်လိုတဲ့အီရန် ပြန်ခေါင်းမထောင်လာနိုင်အောင် ဆက်တိုက်ဖို့တွေ ရှိနေသေးကြောင်း၊ စစ်ပွဲက မပြီးသေးကြောင်း ကြေငြာချက်ထုတ်ပြန်သွားပါတယ်။

ပြင်သစ်က အစ္စရေးနဲ့ လက်ဘနွန်က ဟဇ်ဘိုလာတွေကြား ပစ်ခတ်နေသေးတဲ့အပေါ် ကန့်ကွက်နေခဲ့လို့ ကြားဝင်သူက မျှတမှုမရှိဘူးဆိုပြီး အစ္စရေးက သံတမန်ရေးဆွေးနွေးပွဲတွေမှာ ပြင်သစ်ပါဝင်မှုကို ကန့်ကွက်ခဲ့ပါတယ်။ အခု ပြင်သစ်က EU နဲ့ အစ္စရေးကြား ဆက်ဆံပတ်သက်မှုတွေကိုပါ ဆိုင်းငံ့ဖို့ လုပ်ချင်နေပါပြီ။​ လက်ဘနွန်က ပြည်သူတွေကြားထဲမှာတောင် ပြဿနာပေးလွန်းတဲ့ ဟဇ်ဘိုလာ တွေကို စိတ်ကုန်လာကြပြီ ဖြစ်သလို သမ္မတကိုယ်တိုင်က ဟဇ်ဘိုလာတွေ တနည်းနည်းနဲ့ အာဏာသိမ်းမှာကို စိုးရိမ်နေရတဲ့အခြေအနေပါ။ ပြင်သစ်က လက်ဘနွန်ပြည်သူတွေထက်တောင် ဟဇ်ဘိုလာအကြမ်းဖက်တွေကို ပိုပူပြနေတာ ဘာကြောင့်ဖြစ်မယ်ထင်ပါသလဲ။

အပစ်ရပ်ထားချိန်မှာ IRGC တပ်တွေက ထောင်ခဲ့ချီတဲ့ ပြည်သူကို ဖမ်းဆီးမှုတွေ လုပ်ဆောင်လာသလို လက်နက်ကိုင်ပြည်သူတွေကလည်း ပြည်သူတွေအပေါ် ရက်စက်ခဲ့ကြတဲ့ IRGC တွေကို လိုက်ရှာ ရှင်းလင်းနေကြတာ အောင်မြင်မှုတွေ ရနေပြီလို့ ဆိုကြပါတယ်။ ကမ္ဘာတလွှားက အီရန်တွေကတော့ IRGC နဲ့ IR အစိုးရကို အပြီးတိုင် နိဂုံးချုပ်ပေးပါတော့လို့ အမေရိကန်နဲ့ အစ္စရေးကို တောင်းဆိုနေကြပါပြီ။

ဟော်မုဇ်ကို အီရန်က မိုင်းတွေချပြီးထိန်းချုပ်လို့ ရေနံဈေးတက်တာက ယာယီပါ။ အမေရိကန်က ပြန်ပွင့်အောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် လက်ဝဲယိမ်း ဥရောပနိုင်ငံတွေနဲ့ ကာလီဖိုးနီးယားလို နေရာတွေမှာ လောင်စာဈေးတွေက စစ်မဖြစ်ခင်ထဲက အခွန်တွေနဲ့ နင်းကန်မြောက်နေတာဖြစ်တော့ အခုအချိန်မှာ မမြင်ဝံ့ မကြားဝံ့တဲ့ ဈေးတွေ ဖြစ်နေတာပါ။ အမေရိကန်ကိုကြည့်ရင် သဘောပေါက်ပါလိမ့်မယ်။ အခွန်အခနည်းတဲ့ ရီပါဘလစ်ကန်ကြီးစိုးတဲ့ ပြည်နယ်တွေမှာ ဆီဈေးက ခိုးဝင်တွေကို welfare နဲ့မြှားပြီး ဥ ထားတဲ့ ဒီမိုကရက်ကြီးစိုးတဲ့ ပြည်နယ်တွေရဲ့ ဆီဈေးရဲ့ တဝက်သာသာပဲရှိတာပါ။ ကွာတာက အခွန်အခပါ။

အဲဒါကြောင့် အိုင်ယာလန်၊ နော်ဝေ၊ ပြင်သစ် တို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားလာပါပြီ။ ပြင်သစ်မှာ ဆီဆိုင် ၅ဆိုင်မှာ ၁ဆိုင်က ရောင်းစရာကုန်နေပါပြီ။ ဒါတောင် ဟော်မုဇ်ကို ပြန်ပွင့်စေဖို့ ကြိုးစားတဲ့ထဲ မပါချင်သေးပါဘူး။ အခုလို အကြပ်အတည်းကာလမှာ ပြည်သူကို အမှန်တကယ် ချောင်လည်စေချင်တယ်ဆိုရင် ဆီပေါ်မှာ ကောက်နေတဲ့ အခွန်တွေကို တလတန်သည် နှစ်လတန်သည် ယာယီဆိုင်းငံ့ပေးလို့ ရပါတယ်။ ဒါပေမယ့် တဖက်မှာ ယိုပေါက်တွေကိုတော့ ပိတ်မှ ရမှာပါ။ အမေရိကန်က ဝယ်ရင်လည်း ရတာပါပဲ။ Maritime tracker တွေမှာတော့ အမေရိကန်ကနေ ဆီဝယ်ယူဖို့ အာရှဖက်က မလက္ကာရေလက်ကြားကိုဖြတ်ပြီး  တန်ကာတွေ တသီတတန်းကြီး လာနေကြတာ တွေ့ရပါတယ်။ ဟော်မုဇ်ဖွင့်ဖွင့် မဖွင့်ဖွင့် အမေရိကန်အတွက် အရှုံးမရှိပါဘူး။

Leave a comment