၁၆၁၉ ထက်ပိုပြီး အတွေ့ရများမှာကတော့ critical race theory (CRT) ပဲဖြစ်ပါတယ်။ ၁၆၁၉ ကို အခြေခံပညာကျောင်းတွေရဲ့ သင်ရိုးညွှန်းတန်းတွေမှာထည့်ဖို့ လက်ဝဲစွန်း/ဒီမိုကရက်တွေက ကြိုးစားနေကြသလို အခြေခံပညာရေးပြီးလို့ အဆင့်မြင့်ပညာရေး၊ လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့သူတွေအတွက် လုပ်ငန်းခွင်တွေထဲမှာ CRT သင်တန်းတွေ ပေးနေကြပါတယ်။
အကျင့်ပျက်မီဒီယာတွေကို ကိုင်ထားတဲ့ ဒီမိုကရက်တွေက သင်ကြားရေး၊ ဖျော်ဖြေရေး၊ အစိုးရ၊ ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေမှာ မကြာသေးခင်နှစ်တွေအတွင်း BLM တို့ Antifa တို့ ကျယ်ပြန့်လာတဲ့နောက်မှာ CRT ကို အများကြီးရှေ့တန်းတင်လာကြတာ တွေ့ရပါတယ်။ CRT ရဲ့ အခြေခံကတော့ US က အသားအရောင်ခွဲခြားတဲ့ တိုင်းပြည်ဖြစ်တာကြောင့် အသားအရောင်/ ယဥ်ကျေးမှု ကွဲပြားမှုပေါ်မှာ အကဲဆတ်တတ်တာလေးတွေကို သတိထားမိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
CRT ရဲ့ အပေါ်ကရည်ရွယ်ချက်လောက်ပဲ ဖတ်မယ်ဆိုရင်တော့ လက်မခံနိုင်စရာ မရှိဘူးလို့ ထင်မိကြမှာပါပဲ။ တကယ်တမ်းကျင့်သုံးတဲ့အခါမှာတော့ ပြဿနာတွေအားလုံးရဲ့ အရင်းခံက အသားအရောင်ဖြစ်တည်မှုပေါ်မှာ အခြေခံနေသလို ပုံဖော်ထားတာ တွေ့ရမှာပါ။
CRT လိုလားသူတွေ အမြင်မှာတော့ အမေရိကန်ပြည်ထောင်စုက လူမျိုးရေးခွဲခြားတဲ့ တိုင်းပြည်ဖြစ်တာကြောင့် ဖိနှိပ်သူလူဖြူတွေက အခွင့်အရေးအမြဲပိုရပြီး အဖိနှိပ်ခံလူနည်းစုကတော့ အခွင့်အရေးတွေ ငြင်းဆိုခံနေရတယ်လို့ ပုံဖော်ပါတယ်။ ဒါကြောင့်မို့လို့ အကြောင်းတစုံတရာရှိလာရင် ချိန်ခွင်လျှာက လူမည်းတွေဖက်ကို သာစေဖို့ လိုလားကြပါတယ်။
အကျိုးဆက်ကတော့ လူပျင်းတွေ အချောင်သမားတွေက အသားအရောင်ကို အကြောင်းပြုပြီး တကယ်ကြိုးစားသူ အရည်အချင်းပြည့်ဝသူတွေရှေ့က အမြဲကြားဖြတ်ဝင်နေတဲ့ မြန်မာပြည်က နှစ်သီးစားတွေလို အခွင့်ထူးခံလူတန်းစားတရပ်ကို ဖန်တီးပေးလိုက်တော့ တကယ်မှန်မှန်ကန်ကန် ကြိုးစားသူတွေကို စိတ်ဓါတ်ပျက်ပြားစေတာပါ။ သူတို့ထဲမှာလည်း တကယ်မတော်ပဲ ကျောင်းကောင်းရ၊ မတတ်ပဲ ရာထူးတက်တဲ့သူတွေက တခြားလူတော်လူတတ်တွေကြားထဲ ရင်ဘောင်တန်းမလိုက်နိုင်ရင် စိတ်ဖိစီးမှုတွေ၊ သိမ်ငယ်မှုတွေနဲ့အတူ ခါးသီးမှုတွေ ထပ်ဆင့်လာနိုင်ပါသေးတယ်။
လက်တွေ့မှာ လူမည်းကွန်ဆာဗေးတစ်တွေကို လူဖြူတွေလိုပဲ သတ်မှတ်ဦးနှိမ်ကြတော့ တကယ်တမ်းရည်ရွယ်ချက်က အသားအရောင်ဆိုတာထက် နိုင်ငံရေးကစားကွက်ဆိုတာ ပိုသိသာပါတယ်။
တဖက်က ကြည့်ပြန်တော့လည်း အမြဲ အသနားခံချင် အညှာခံချင်တဲ့စိတ်က ရင့်ကျက်မှုနဲ့ ပြောင်းပြန်အချိုးကျနေတာပါ။ မိသားတစု ကြီးပွါးဖို့ပဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ပဲဖြစ်ဖြစ် စိတ်ဓါတ်တွေက ခိုင်မာရင့်ကျက်ဖို့ လိုပါတယ်။ မြန်မာပြည်သူတွေ လက်နက်မရှိပဲ စစ်တပ်ကို ၃လကျော် အာခံထားနိုင်တယ်ဆိုတာလည်း စိတ်ဓါတ်ပါပဲ။
Looser စိတ်ဓါတ်နဲ့ အရှုံးကလွဲလို့ ဘာမှ မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ ပြဿနာတွေကို ပြုပြင်ပြောင်းလဲလို့မရတဲ့ အသားအရောင်ပေါ် အခြေတည်မယ့်အစား ပြုပြင်ပြောင်းလဲလို့ ရနိုင်မယ့် ကိုယ်ကျင့်တရား၊ ပညာ၊ ကြိုးစားအားထုတ်မှုတို့ပေါ် မူတည်မှသာ အကောင်းဖက်ကို ဦးတည်နိုင်မယ်လို့ မြင်ပါတယ်။
CRT မှာ ပြဿနာက လုပ်ငန်းခွင်ထဲမှာ လူဖြူကြီးကြပ်သူက လူမည်းဝန်ထမ်းကို ပျင်း/ခိုကပ်လို့ အလုပ်ထုတ်ချင်ရင်ဖြစ်စေ၊ အရည်အချင်းပိုရှိတဲ့ လူဖြူတဦးကို ရာထူးတိုး/တာဝန်တိုးပေးသည်ဖြစ်စေ အရင်တုန်းကလို ပုံမှန် ရိုးရိုးမတွေးတော့ပဲ ငါ့အသားအရောင်၊ လိင်ကြောင့် ငါ့ကို အလုပ်ဖြုတ်တာ၊ ရာထူးတိုးမပေးတာ အဲဒီလိုဟာတွေ စပြီး ရှေ့တန်းတင်လာတဲ့အခါ ပြဿနာဖြစ်မှာစိုးလို့ ရသင့်သူတွေကို ချောင်ထိုးပြီး မရသင့်သူတွေကို တင်လာကြရင် ဖြစ်သင့်တာတွေမဖြစ်ပဲ မဖြစ်သင့်တာတွေ ဖြစ်လာပါလိမ့်မယ်။
ရေရှည်မှာ အကျင့်ပျက်နိုင်ငံရေးသမားတွေရယ်၊ တိုင်းပြည်ဂျောက်ကျဖို့ တမင်ဂွင်တွေဖန်ပြီး စောင့်နေတဲ့ ရန်သူတရုပ်ကြီးရယ်ကလွဲလို့ ဘယ်ပြည်သူ တဦးတယောက်မှ အကျိုးမရှိမှာ သေချာပါတယ်။ ပညာမတတ်တာက သင်ပေးလို့ရနိုင်ပေမယ့် စိတ်ဓါတ်ပျက်ပြားသွားရင် အနဲဆုံး မျိုးဆက်တခုလောက်တော့ ဒုက္ခများမှာ သေချာပါတယ်။ Diversity ပိုများလေ ပြန်စုစည်းဖို့ ပိုကြာလေပါပဲ။
တက္ကသိုလ်တွေ လျောက်ကြတဲ့အခါကျတော့လည်း လျောက်ထားသူရဲ့ အရည်အချင်းထက် လူမည်းဆို ဘယ်လောက် ရာခိုင်နှုန်း လက်ခံရမယ်ဆိုတဲ့ ခွဲတမ်းစနစ်ကို လက်ဝဲကြီးစိုးတဲ့ ပညာရေးလောကမှာ ကျင့်သုံးနေခဲ့ကြတာပါ။ အာရှသားတွေ အများစုက ကျောင်းစာတွေ အလုပ်ခွင်တွေမှာ ဘယ်လောက်ပဲ ကြိုးစားကြပေမယ့် လူမည်းတွေလောက် နာမည်ကြီးတက္ကသိုလ်တွေ တက်ခွင့်မရကြတာ အဲဒီအချက်တွေကြောင့်လည်းပါပါတယ်။
အကဲဆတ်တတ်တာလေးတွေကတော့ ဘယ်လူမျိုး/အရောင်/ယဥ်ကျေးမှုမှာမဆို ရှိတတ်ကြသလို သည်းခံနိုင်စွမ်း tolerance ကလည်း တမိသားစုထဲမှာတောင် တဦးနဲ့တဦး မတူနိုင်ပါဘူး။ CRT ကို မထွင်မီကတော့ common sense နဲ့ ယဥ်ကျေးမှုတို့ကိုပဲ ကျင့်သုံးပြီး နှစ်ပေါင်း ရာချီယှဥ်တွဲ နေထိုင်လာခဲ့ကြတာပါ။ တိုးတက်မှုကတော့ လူဖြူ ၇၀%လောက်ရှိတဲ့ နိုင်ငံမှာ လူမည်း သမ္မတကို နှစ်ကြိမ်တိုင် ရွေးကောက်ခဲ့ကြရုံတင်မက အသားအရောင်မတူသူများကြား လက်ထပ်မှုတွေ အများကြီး မြင့်တက်လာခဲ့ကြပါတယ်။ လူမည်းအဆိုတော်၊ မင်းသား၊ အားကစား၊ မီဒီယာ၊ လုပ်ငန်းရှင် စတဲ့ သန်းကြွယ်သူဌေးတွေ အများကြီး တိုးတက်လာတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ သူတို့တွေက CRT မပေါ်ခင်က ဘာဖြစ်လို့ အောင်မြင်နေခဲ့ကြတာလဲဆိုတာကိုတော့ စေ့ငုကြည့်ကြစေချင်ပါတယ်။
နောက်တချက်က အခုခေတ်မှာ လူမျိုး အရောင် ဘာသာမရွေး ခွဲခြားမှုမရှိပဲ တပြည်လုံး ဘယ်သွားသွား ဘယ်ဝင်ဝင် ဘယ်နေနေ အားလုံးက ပုံမှန်လိုပဲမြင်ကြတော့ ဘယ်သူမှအဆန်းဖြစ်မနေပါဘူး။ ဒီအဆင့်ကိုရောက်အောင် နှစ်ပေါင်းများစွာတိုက်ယူခဲ့ရတာပါ။ အခုဒီမိုကရက်တွေ သွားနေတဲ့ လမ်းကြောင်းက လူမျိုးရေးမုန်းတီးမှုကို အသားပေးလွန်းတဲ့အခါမှာ သိပ်အစွန်းရောက်သွားတဲ့ သူတွေက လူမည်းသီးသန့်တက္ကသိုလ်၊ လူမည်းသီးသန့်ဘုရားကျောင်း၊ လူမည်းသီးသန့် ဖျော်ဖြေရေးစန်တာ စသဖြင့် လူမျိုးခွဲခြားရေးဘက်ကို ပြန်ပြီး ဦးတည်လာကြပါတယ်။
အမုန်းဒီဂရီတက်နေတုန်းမှာ မသိသာပေမယ့် ခွဲခြားတာကြာလာလို့ မခွဲခြားတာတွေက ပုံမှန်လို့ မမြင်ကြတော့တဲ့အခါကျရင် ကနေ့လိုမျိုးပြန်ဖြစ်ဖို့ ဟိုးအစက ပြန်စရမှာ လွယ်တဲ့ကိစ္စလို့တော့ မထင်ပါနဲ့။ ဒီကိစ္စက လူမည်းတွေပါ၊ ငါတို့နဲ့ မဆိုင်ပါဘူးလို့လည်း မတွက်ပါနဲ့။ အမုန်းမှာ ဘောင်မရှိသလို ခွဲခြားမှုမှာလည်း ဘောင်မရှိပါဘူး။ ဒီနိုင်ငံမှာ လူဖြူတွေကို အင်အားကြီးမို့ တိုက်ခိုက်နေကြတာဆိုပေမယ့် ပညာရေး စီးပွါးရေးမှာ လူဦးရေနဲ့စာရင် အဆင်အပြေဆုံးက အာရှသားတွေဆိုတော့ ကိုယ့်ဆီလည်း လှည့်လာမှာ ကျိန်းသေပါတယ်။
အကောင်းဆုံးကတော့ အရောင်တွေကို ကျော်ကြည့်နိုင်ဖို့ပါ။ လူမျိုးတိုင်း ဘာသာတိုင်းမှာ လူကောင်း လူဆိုး သူတော်စင် လူယုတ်မာ လူတော် လူညံ့ အချောင်သမားတွေ ရှိတာပါပဲ။ ဘယ်လူမျိုးမဆို ကိုယ်ထူမှ ကိုယ်ထရမှာပါ။ နိုင်ငံရေးလုပ်စားသူတွေကတော့ ပြဿနာတွေ ဖန်တီးပြီး လူတွေ အာရုံပြောင်းထားနိုင်မှ သူတို့အသုံးမကျတာ ပြည်သူတွေ မရိပ်မိမှာဆိုတော့ ပြဿနာတွေ တခုပြီးတခု ဖန်တီးနေမှာပါပဲ။ အဲဒါကို မြင်အောင်ကြည့်ကြဖို့လိုပါတယ်။ ပြဿနာတခုတွေ့လာရင် ဖန်တီးထားတာဟုတ်/မဟုတ်၊ ပြုပြင်လို့ရတဲ့ကိစ္စဟုတ်/မဟုတ် စတာတွေကို စီစစ်ကြမှသာ နိုင်ငံရေးလှည့်ကွက်တွေကြားထဲမှာ မျက်စိလည်မနေမှာပါ။ ဘယ်မှာပဲနေနေ ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် ကိုယ်နေတဲ့နိုင်ငံ အေးချမ်းတိုးတက်ဖို့ဆိုတာ အဲဒီလှည့်ကွက်တွေကို ရှောင်နိုင်မှ ဦးတည်ချက်မပျောက်မှာပါ။ သူများအသနားခံ လက်ဝေခံအဖြစ်နဲ့ အနေချောင်ချင်ရင်တော့ တိုင်းပြည်အတွက် မကောင်းဘူးဆိုတာ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်။