လောခ့်ဒေါင်းတွေရဲ့ အကျိုးဆက်

လော့ခ်ဒေါင်းတွေက လူချမ်းသာတွေအတွက် အိမ်မှာ စားရေရိက္ခာ ဆေးဝါး ဖျော်ဖြေရေးအစုံအလင်နဲ့ သာသာယာယာ ကျော်ဖြတ်နိုင်ကြပေမယ့် တနေ့လုပ်တနေ့စားတွေနဲ့ တလတလ အလျင်မီအောင် ငွေရှာနေရသူတွေအတွက်ကတော့ ငရဲတမျှပါပဲ။ ပြီးခဲ့တဲ့နှစ်အတွင်း လော့ခ်ဒေါင်းတွေကြောင့် ကမ္ဘာ့ကုန်စည်စီးဆင်းမှု ရပ်တံ့သွားကာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁၅၀လောက်ဟာ အဆိုးရွားဆုံးဆင်းရဲမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မကျန်းမာသူတွေအတွက်လည်း ဆေးဝါး ပြတ်လပ်၊ ရှားပါး စျေးကြီးမှုတွေနဲ့ ကြုဲတွေ့ခဲ့ကြတာတွေအပြင် ကိုဗစ်ကူးမှာကြောက်လို့ဖြစ်စေ၊ ဆေးခန်းတွေ ပိတ်ထားလို့ဖြစ်စေ အချိန်မှီ လိုအပ်တဲ့ ဆေးဝါးကုသမှု မခံယူနိုင်ခဲ့တာကြောင့်လည်း အသက်/ဘဝမဆုံးရှုံးသင့်ပဲ ဆုံရှုံးရတာတွေ ရှိခဲ့ပါတယ်။ CDC ရဲ့ နံပါတ်တွေအရ​ အရွယ်ရောက်ပြီး အမေရိကန်တွေရဲ့ ၄၁%က လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေခံယူဖို့ နှောင့်နှေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အရွယ်ရောက်ပြီး အမေရိကန်တွေရဲ့ ၄၀% က စိတ်ကျန်းမာရေး ပြဿနာနဲ့ နပမ်းလုံးနေရပြီး စိတ်ဓါတ်ကျရင် ပေးတဲ့ဆေးတွေက ပန်ဒဲမစ်မတိုင်ခင်ကာလထက် ၆ဆ ပေးနေရတာဖြစ်ပါတယ်။ ပန်ဒဲမစ်မတိုင်ခင်နှစ်တုန်းက စိတ်ကျန်းမာရေးပြဿနာရှိသူက ၆%ပဲ ရှိခဲ့တာပါ။ တပ်ထဲမှာ သတ်သေမှုတွေကလည်း ပန်ဒဲမစ်ကာလမှာ ၃၀% တက်သွားခဲ့ပါတယ်။ ငယ်ရွယ်သူတွေကြားမှာတော့ လော့ခ်ဒေါင်းတွေ ကျောင်းတွေပိတ်ထားတာတွေကြောင့် သက်တူရွယ်တူတွေနဲ့ ပုံမှန်ထိတွေ့ဆက်ဆံမှု မပြုရတဲ့အပြင် သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ခက်ခဲတဲ့အနေအထားကြီးကို ဘယ်လိုဖြတ်သန်းရမှန်းမသိတာတွေနဲ့ မှေးမှိန်မရေရာတဲ့ အနာဂတ်မျှော်လင့်ချက်တွေကြောင့် ငယ်ရွယ်သူ ၄ဦးမှာ ၁ဦးလောက်က သတ်သေဖို့ စဥ်းစားတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။

ပန်ဒဲမစ်ကာလအတွင်း အာဏာရှိဗျူရိုကရက်တွေကို ကိုင်ထားနိုင်တဲ့ ကော်ပိုရေးရှင်းအကြီးကြီးတွေဖြစ်တဲ့ အမေဇုံ၊ ကော်စ်ကို၊ တားဂက်၊ ဝေါလ်မတ်နဲ့ ချိန်းကုန်စုံဆိုင်ကြီးတွေ ဝင်ငွေ စံချိန်တင်ခဲ့ကြပေမယ့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ လက်သဲခြေသဲအလှပြင်ဆိုင်၊ အနှိပ်ဆိုင်၊ ဂီတသင်တန်း၊ ပန်းချီသင်တန်း အစရှိတဲ့ ဆိုင်သေးလေးတွေ၊  စားသောက်ဆိုင်လေးတွေ၊ တနိုင်တပိုင်ကုမ္ပဏီလေးတွေ ဘဝပျက်ပြီး ဆက်လက်မရပ်တည်နိုင် ဖြစ်ခဲ့ကြရတာပါ။

အဲဒီအတွက် အကြောင်းပြချက်က ကူးစက်မှု လျော့နည်း/နှေးကွေးအောင်ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဖြစ်မှာကတော့ ရှောင်လို့မရပါဘူး။ အခုမဖြစ် နောင်ဖြစ်မှာပါ။ ဖြစ်တိုင်းလည်း ဆေးရုံတက်စရာမလိုပါဘူး။ Risk ပိုများတဲ့အုပ်စုကို ငှက်ဖျားဆေးလိုမျိုး ဗိုက်တာမင် စီ၊ ဒီနဲ့ ဇင့်တွေ သောက်ခိုင်းထားရင်လည်း ဖြစ်ခဲ့ရင် အသည်းအသန်အဆင့်အထိ ရောက်ဖို့ နည်းမှာပါ။ ကိုဗစ်မှာ ဒေါက်တာဖောက်ချီတို့လို ဆေးမကုတဲ့ဆရာဝန်တွေက ရုံးကနေ အမိန့်ထိုင်ပေးနေပြီး တကယ်ကုနေတဲ့ ဆရာဝန်တွေထွက်လာတဲ့ အကြံပေးချက်တွေကိုကျတော့ မီဒီယာတွေနဲ့ တက်ခ်ကုမ္ပဏီကြီးတွေကို လိုက်ပိတ်ခိုင်းတာ လွတ်လပ်တဲ့နိုင်ငံတခုရဲ့ သဘာဝကိုဆန့်ကျင်ရုံမက ပြည်သူ့အကျိုးကို ရှေ့ရှုပြီး ပြောတယ်ဆိုတာကိုပါ ယုံကြည်ဖို့ ခက်ပါတယ်။​

လော့ခ်ဒေါင်းလုပ်တာနဲ့ ပတ်သက်ပြီး သူတို့ပြောနေကျစကားက ဖလက်တန်းသယ်ကာ့ဖ် ပါ။ အဲဒီလို ဆွဲဆန့်လိုက်ခြင်းရဲ့ အကျိုးဆက်တွေက မျိုးကွဲတွေပေါ်ဖို့ အချိန်ပေးထားသလိုဖြစ်ပြီး မပြီးနိုင် မစီးနိုင်တဲ့ လှိုင်းတွေနဲ့ ပြန်ပြန်ကျော့နေကြတာပဲဖြစ်ပါတယ်။ ပထမအကြိမ်ထဲက ပြည်သူကို ကိုယ်ခံအားကောင်းအောင်လုပ်ကြဖို့ ပညာပေးတိုက်တွန်းနိုင်ပြီး နိုင်ငံရေးအမြတ်မထုတ်ပဲ ရိုးရိုးသားသား ပူးပေါင်းဆောင်ရွက်ကြရင် လူများများ ကာကွယ်ဆေးထက်ကောင်းတဲ့ သဘာဝခုခံအား ရသွားမှာဖြစ်လို့ တပြည်လုံး/တကမ္ဘာလုံး အဲဒီလောက် ဒုက္ခရောက်ချင်မှ ရောက်မှာပါ။ တကမ္ဘာလုံးဆိုတာက နိုင်ငံအများစုက အမေရိကန်လုပ်တဲ့ပုံကိုပဲ မှီပြီး လိုက်လုပ်ကြတာဆိုတော့ ခေါင်က လမ်းလွဲရင် တသီကြီးလိုက်လွဲကြတာကို ပြောချင်တာပါ။ ခေါင်းဆောင်နေရာဆိုတာ အရမ်းအရေးကြီးကြောင်း သာဓကတခုပါပဲ။

ဂိတ်စ်က နောက်တခုအတွက် ငါတို့အဆင်သင့်ဖြစ်ရဲ့လားလို့ လေသံပစ်နေလို့ အနာဂတ်မှာ ပြည်သူအများအကျိုးအတွက် စဥ်းစားရအောင် သင်ခန်းစာယူရအောင် ချာလီကာ့ခ်ရဲ့ လော့ခ်ဒေါင်းနဲ့ပတ်သက်တဲ့ ဗီဒီယိုလေးကို မှီပြီး တင်ပြလိုက်ပါတယ်။

+++++++

မနေ့က လော့ခ်ဒေါင်းတွေနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေအကြောင်း ရေးအပြီး ဒီနေ့သတင်းထဲမှာတွေ့တာက ပင်ဆယ်လ်ဗေးနီးယားအခြေစိုက်ကုမ္ပဏီတခုက  ဖလော်ရီဒါမှာ ကုန်စုံဆိုင်ကြီးလာဆောက်နေတဲ့ ပရောဂျက်မှာ အလုပ်လုပ်နေတဲ့လူက သူ့အထက်အရာရှိကို လက်သီးနဲ့ထိုးပြီး ထွက်ပြေးသွားပါတယ်။ ပြီးတော့ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေ စုပေါင်းနေထိုင်ကြတဲ့ အိမ်ကို ပြန်သွားပြီး အိပ်နေဆဲ လုပ်ဖော်ကိုင်ဖက်တွေကို ဘေ့စ်ဘောလ်ဒုတ်နဲ့ရိုက် ဓါးနဲ့ထိုးတာတွေ လုပ်ခဲ့တာမှာ ၁ဦး သေဆုံးခဲ့ပါတယ်။

မကြာသေးမီကမှပဲ တန်နက်ဆီပြည်နယ်မှာ မြန်မာပြည်ဖွား ဆူရှီးလုပ်သားတဦးက ခံစားချက်တွေ ပေါက်ကွဲပြင်းထန်ပြီး သူအလုပ်လုပ်တဲ့ဆူပါမားကက်ထဲဝင်ကာ သေနတ်နဲ့ လျောက်ပစ်ခဲ့လို့ တဦးသေပြီး ၁၄ဦး ဒဏ်ရာရခဲ့ပါတယ်။​ မီဒီညာကြီးတွေက အသားပေးမကြေငြာပေမယ့် လူသတ်မှု၊ ပစ်ခတ်မှု၊ ရာဇဝတ်မှု အားလုံး အရမ်းတက်လာနေတာပါ။ အထူးသဖြင့်တော့ ရာဇဝတ်သားတွေအပေါ် ညှာတာတဲ့ အပြာပြည်နယ်တွေမှာပါ။​ အဆိုးဆုံးကတော့ အီလီနွိုင်းပြည်နယ်က ရှီကာဂိုမြို့ကြီးမှာပါ။

အခုအချိန်မှာ ပိတ်သိမ်းသွားပြီးဖြစ်တဲ့ လုပ်ငန်းငယ်လေးတွေကလွဲလို့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ  ပြန်ဖွင့်နေကြပြီဆိုပေမယ့် ပိတ်ထားတဲ့ကာလ ကြာရှည်ခဲ့ကြတော့ အရင်လို လုပ်နေကျ ကျွမ်းကျင်သူတွေ ပြန်ရှာရခက်တာရယ်၊ ဆီစျေးနဲ့ အထွေထွေကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် အလုပ်လုပ်ချင်သူနည်းနေလို့ ဝန်ထမ်းငှားခတွေ တိုးပေးနေကြရတာရယ်၊ ဘယ်အချိန်အထိ မပြီးနိုင် မစီးနိုင် ဆက်တက်နေမယ်မသိတဲ့ မြန်ဆန်လွန်းတဲ့ ငွေဖောင်းပွမှုရယ်၊ တိုးလာတဲ့ အခွန်အတုပ်တွေရယ်အပြင် ဘိုင်ဒန်အစိုးရရဲ့ ကာကွယ်ဆေးမန်ဒိတ်၊ နှာခေါင်းစည်းမန်ဒိတ် စတာတွေကလည်း အဖက်ဖက်က စိတ်ဖိစီးမှုတွေ ကြုံနေရတဲ့လူတွေကို နောက်ကနေ ကြိမ်လိုက်တို့နေသလို စိတ်အနှောက်အယှက် ဖြစ်နေတာပါ။ ကိုယ်က အဲဒီမန်ဒိတ်တွေကို မငြီးမငြူ လိုက်နာမယ့်သူဖြစ်နေရင်တောင် အကြောင်းကြောင်းကြောင့် မန်ဒိတ်တွေကို မလိုက်နာနိုင်လို့ ​အလုပ်ထွက်ကြတဲ့လူတွေနဲ့ မန်ဒိတ်ကို မကျေနပ်ကြသူတွေကြားမှာ စိတ်ဖိစီးမှုတွေ ဖြစ်ကြရဦးမှာပါပဲ။

ကနေ့သတင်းထဲမှာ တမြန်နှစ်က ၂လခွဲ-၃လနဲ့ မနှစ်က စာသင်နှစ်တနှစ်လုံး ကျောင်းတွေနဲ့ ဝေးနေကြတဲ့ ကလေးတွေဟာ ကျောင်းတွေပြန်တက်နေကြပြီဖြစ်ပြီး ကယ်လီဖိုးနီးယား ပညာရေးဌာနက ကျောင်းသားတွေကြား စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓါတ်ကျမှုတွေကြောင့် သူတို့တွေ စည်းကမ်းလိုက်နာရာမှာ အခက်အခဲရှိလိမ့်မယ်လို့ မျှောလင့်ထားကြောင်း၊ အဲဒါကြောင့် အဲဒီကလေးတွေကို ငဲ့ညှာတဲ့အနေနဲ့ ကျောင်းရပ်ဆိုင်းတာတွေ၊ ထုတ်ပယ်တာတွေ တတ်နိုင်သလောက် လျော့ချဖို့ မူတွေပြင်ထားတယ်လို့ ဆိုပါတယ်။ အပေါ်ယံကြည့်ရင်တော့ ကောင်းသလိုပါပဲ။ ဆိုးတဲ့ကလေးက ပန်ဒဲမစ်မဟုတ်လဲ ဆိုးကြသလို သူတို့ဆိုးတာကို သက်ညှာလိုက်တဲ့အတွက် သူတို့ဒဏ်ခံနေရတဲ့ ကလေးတွေ၊ ဆရာ/ဝန်ထမ်းတွေအပေါ်မှာ တရားမျှတမှု ရှိပါ့မလားဆိုတာကိုလည်း စဥ်းစားသင့်ပါတယ်။ စည်းကမ်းဆိုတာမျိုးကလည်း လျော့ပြီးရင် ပြန်တင်းဖို့ ဘယ်လောက်ခက်တယ်ဆိုတာ မိဘတိုင်း ဆရာတိုင်း သိကြတဲ့ကိစ္စပါ။ အလိုလိုက်တာက အဖြေမဟုတ်တာကိုတော့ မိဘကောင်း ဆရာကောင်းတိုင်း သိကြမှာပါ။

သူတို့က ကျောင်းထုတ်/ရပ်ဆိုင်းခံရတာတွေ လျော့ချချင်တဲ့ နောက်အကြောင်းပြချက်တခုကတော့ အဲဒီလိုကလေးတွေက လူမည်းလေးတွေဖြစ်တာ များလို့ပါတဲ့။ အဲဒီတော့ စည်းကမ်းတင်းကျပ်တာက လူမျိုးရေးခွဲခြားတာ အလိုလို ဖြစ်သွားပြန်ပါတယ်။ ခါးတောင်းကျိုက်နဲ့ ဖင်နဲ့ လွဲနေသ၍ ဘာကောင်းတာ မျှော်လင့်လို့ ရနိုင်ပါ့မလဲလို့ တွေးစရာတိုးလာပါတယ်။ တကယ်တော့ ကယ်လီဖိုးနီးယားအာဏာရှင်တွေက ကျောင်းသားဆိုးလေးတွေအပေါ် သက်ညှာတဲ့မူတွေ ကျင့်သုံးနေတာ ၂၀၁၉ထဲကပါ။ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ တမင်တကာ စည်းမျဥ်းချိုးဖောက်ခြင်း၊ ကျောင်းလုပ်ငန်းစဥ်များ လုပ်ရှားမှုများကို နှောက်ယှက်ခြင်း၊ ဆရာ/မ နဲ့ တာဝန်ရှိသူများကို ကလန်ကဆန်လုပ်ခြင်း စတာတွေကြောင့် ကျောင်းမှ ခေတ္တရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်းများ မပြုလုပ်ဖို့ ဥပဒေပြဌာန်းလိုက်ပါတယ်​။ အရင်ကတော့ အဲဒီဥပဒေဟာ မူကြိုကနေ ၃တန်းအထိ အကျုံးဝင်ပြီး တဖြည်းဖြည်း တိုးချဲ့လာတာ ၂၀၁၉မှာ အလယ်တန်းတွေပါ ပါဝင်လာတာဖြစ်ပါတယ်။  

လူ့အသိုင်းအဝိုင်းမှာ လူကောင်းတွေအပေါ် တင်းကြပ်ခက်ထန်သလောက် ရာဇဝတ်သားတွေအပေါ် နူးညံ့သက်ညှာလှတဲ့ ဒီမိုကရက်ပြည်နယ်အစိုးရတွေနဲ့ ဆိုရော့စ်ထောက်ပံ့ထားတဲ့ အစိုးရရှေ့နေတွေ ရှေ့နေချုပ်တွေကြောင့် ရာဇဝတ်မှုတွေ တက်ပြီးရင်း တက်နေသလို ကျောင်းသားဆိုးတွေအပေါ် သက်ညှာဖို့လုပ်နေတာကြောင့် ကျောင်းသားဆိုးတွေ တိုးလာနိုင်သလို ကြီးလာရင်လည်း စည်းကမ်းရှိတဲ့ လူ့ဘောင်နဲ့ အံမဝင်တဲ့ လူကြီးဆိုးတွေ ဖြစ်လာမယ့် အရေးတွေကိုပါ ဆက်စပ်စဥ်းစားသင့်ပါတယ်။ မလိုအပ်ပဲ မတရားတင်းကျပ်ထားတာမျိုးမဟုတ်ပဲ စည်းနဲ့ဘောင်နဲ့နေတတ်တဲ့အကျင့်ရှိတဲ့သူနဲ့ စည်းမရှိကမ်းမရှိ ဗရမ်းဗတာနေတတ်သူတွေကြား ဘယ်သူတွေက ရေရှည်မှာ ပျော်ရွှင်ချမ်းမြေ့မှုရမလဲဆိုရင်တော့ ဘောင်ထဲမှာနေပြီး အများနဲ့ လိုက်လျောညီထွေနေတတ်သူကသာ ပျှော်ရွှင်မှုရမှာပါ။

စိတ်ဖိစီးမှုတွေဖြစ်လာတာရင် စိတ်ဓါတ်ကျတာ သတ်သေဖို့ကြိုးစားကြတာတင် ဖြစ်ကြတာမဟုတ်ပါဘူး။ လူအစုလိုက်အပြုံလိုက် သတ်တယ်ဆိုတဲ့ ကိစ္စတွေကလည်း အနှစ်နှစ်အလလ ချုပ်တည်းထားတဲ့ စိတ်ဖိစီးမှုတွေက လာတာပါပဲ။ မခံနိုင်လို့ ပေါက်ကွဲထွက်ကုန်ကြတာပါ။ အပေါ်မှာဖော်ပြထားတဲ့ ကျောင်းတွေကိစ္စမှာဆိုရင် ဘူလီအလုပ်ခံရတဲ့ ကလေးတွေ တိုးလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေအရ အဲဒီလိုကလေးတွေက မခံနိုင်တော့တဲ့အခါ ကျောင်းတွေမှာလာပြီး ပေါက်ကွဲကြ ပစ်ကြခတ်ကြတွေ ဖြစ်ကုန်ကြတာပါပဲ။

ချုပ်ရရင်တော့ အစိုးရရဲ့ မန်ဒိတ်တွေ၊ အထွေထွေကုန်စျေးနှုန်းတက်နေတာတွေ၊ အချုပ်အချယ်တွေ များလွန်းလို့ လုပ်ငန်းရှင်အငယ်စားလေးတွေ လုပ်ရကိုင်ရ ခက်နတောတွေ၊ လူဆိုးကို မ လူကောင်းကို ဖိတဲ့ မူဝါဒတွေကြောင့် အများစုသော လူကောင်းတွေ ဘေးကင်းလုံခြုံမှု ကင်းမဲ့လာတာတွေ အားလုံးက လူအများကို စိတ်လက်ပေါ့ပါးနေစေမှာ မဟုတ်တာတော့ ကျိန်းသေပါတယ်။ ဖြစ်တော့မှ ထိတ်လန့်တုန်လှုပ်တာထက် မဖြစ်ခင်က မဖြစ်ရအောင် အစိုးရတွေကို ဇက်သတ်ထားနိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: