တနေ့က ဖဘရဲ့ ဝန်ထမ်းဟောင်းတဦးက ဖဘအကြောင်းကို အထက်လွှတ်တော်မှာ အစီရင် ခံခဲ့ပါတယ်။ လွှတ်တော်မှာ အစီရင်မခံခင်မှာ သူမဟာ CBS News ရဲ့ မိနစ် ၆၀ အစီအစဥ်မှာ အင်တာဗျူးသွားရောက်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် အခုလို ငွေကြေးအလုံးအရင်းတတ်နိုင်ပြီး ဒီမိုကရက်အစိုးရ/အရာရှိတွေ ရွေးကောက်ခံရဖို့ ငွေကြေးအများကြီး ပံ့ပိုးပေးထားတဲ့အပြင် ရင်းနှီးတဲ့ ဆက်ဆံရေးလည်းရှိတဲ့ ဖဘလို ကုမ္ပဏီကို ဆန့်ကျင်ပြီး ဒီမိုကရက်ကြီးစိုးထားတဲ့ လွှတ်တော်မှာ ထွက်ဆိုတာကိုလည်း မသင်္ကာတဲ့လူတွေ ရှိနေပါတယ်။ ပုံမှန်ဆိုရင် အာဏာပြင်း/ပေါက်ရောက်တဲ့ ကုမ္ပဏီတွေအကြောင်း ဖော်ကောင်လုပ်မယ်ဆိုရင် Project Veritas လိုမျိုး အစိုးရလွှမ်းမိုးမှုမရှိတဲ့ သမာသမတ်ရှိတဲ့ အဖွဲ့အစည်းမျိုးကို သွားကြပါတယ်။ အခုသူမက CBS မှာ လူကြည့်အများဆုံး အစီအစဥ်တခုဖြစ်တဲ့ 60 Mins အစီအစဥ်နဲ့ ချိတ်ဆက်ပြီး အင်တာဗျူးခံတယ်ဆိုတော့ သူမက ဘာလဲဆိုတာကို စတင်စုံစမ်းလာကြပါတယ်။
တကယ်တော့ Frances Haugen ဆိုတဲ့ သူမဟာ လက်ဝဲစွန်းတက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး အရင်အလုပ်တွေမှာလည်း ဘက်လိုက်တယ်ဆိုတဲ့ ကိစ္စတွေကို ဂလိုင်ခေါက်တတ်တဲ့ ရာဇဝင်ရှိပါတယ်။ သူမဟာ ဒီမိုကရက်ပါတီက အမှုဆောင်များနဲ့ ပူးပေါင်းပြီး သူမရဲ့ တိုင်ကြားချက်ကို ဖော်ထုတ်ခဲ့ပြီး သူမရဲ့ ရှေ့နေတွေဟာလည်း ယူကရိန်းသမ္မတနဲ့ ထရမ့်နဲ့ စကားပြောတယ်ဆိုတာကို ဖော်ကောင်လုပ်တဲ့ နာမည်မဖော်လိုသူရဲ့ ရှေ့နေတွေပဲ ဖြစ်နေပြန်ပါတယ်။ အဲဒီ ယူကရိန်းကိစ္စကလည်း ကလင်တန်ရဲ့ လုပ်ကြံဇတ်လမ်းတခုဖြစ်ပြီး ဘာသက်သေအထောက်အထားမှ မပြနိုင်ခဲ့ပေမဲ့ လွှတ်တော်နဲ့ ထောက်လှမ်းရေးတွေရဲ့ အချိန်နဲ့ ဘတ်ဂျက်ကို တော်တော်ကြာအောင် သုံးထားတဲ့အပြင် သမ္မတထရမ့်ကို အယုံအကြည့်မရှိတဲ့ အင်မ်ပိချ်လုပ်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ယူကရိန်းအမှုရဲ့ ဖော်ကောင်ကို အသည်းအသန် ဖုံးထားခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အဲဒီတုန်းက ဒု-သမ္မတဘိုင်ဒန်ရဲ့ ယူကရိန်းဆိုင်ရာ ထိပ်တန်း အကြံပေးဖြစ်ပြီး ဘိုင်ဒန်နဲ့ တော်တော်လေးရင်းနှီးတဲ့ Eric Ciaramelli ဖြစ်နေတယ်လို့ တချို့ သတင်းတွေကဆိုပါတယ်။
ဖရန်စစ်ဟော်ဂန်ဟာ အရင် Pinterest မှာလုပ်တုန်းက Pinterest သုံးစွဲသူတွေ ရှာကြရင် filter မှာ အသားအရောင်ကိုပါ ထည့်ဖို့ ပြောင်းလိုက်တဲ့ မကြာသေးမီက ပြောင်းလဲမှုရဲ့ ပဲ့ကိုင်ရှင်တဦး ဖြစ်ပါတယ်။ Gigster မှာတုန်းက သူမက အားလုံးပါဝင်တာမျိုး စမလုပ်ထားရင် မယုံကြည်မှုတွေနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ဟောပြောခဲ့သူပါ။ ၂၀၁၅ Google မှာလုပ်တုန်းက google က အမျိုးသမီးတွေ ခန့်ထားတာ မလုံလောက်သေးဘူး၊ ငါနောက်ဆုံးလုပ်ခဲ့တဲ့အဖွဲ့မှာ ဒါရိုက်တာက လိင်ပြောင်းဆိုတော့ သူခန့်လိုက်တာတွေက မိန်းမ အစစ်တွေထက် မိန်းမအဖြစ် လိင်ပြောင်းထားသူတွေ ဖြစ်နေကြတယ်၊ ဒါကလည်းနည်းပညာကုမ္ပဏီကြီးတွေမှာ မိန်းမတွေ နည်းရတဲ့ ဝမ်းနည်းစရာကောင်းတဲ့ အချက်ပဲလို့ ပြောခဲ့ပါတယ်။
(အားလုံးပါဝင်တဲ့ inclusion ဆိုတာက ကြားကောင်းသလောက် အရည်အချင်း စာရိတ္တစတာပေါ် မူမတည်ပဲ အသားအရောင် လိင် စတာတွေပေါ်မူတည်တော့ လူတွေစိတ်ဓါတ်ကို ပျက်ပြားစေပါတယ်။ တယောက်ကို အသားကြောင်း၊ လိင်ကြောင့် အရေးပေးလိုက်ရင် ထောက်စရာတွေ ငဲ့စရာတွေ မဆုံးအောင် ထွက်လာမှာဖြစ်သလို အရည်အချင်းတကယ်ရှိတဲ့လူတွေကို ကန်ထုတ်သလိုလည်း ဖြစ်စေမှာပါ။)
ဟော်ဂန်ဟာ ၂၀၁၆ကစလို့ ဖက်ဒရယ် မဲဆွယ်ပွဲ ၂၀ကျော်ကို အလှူငွေထည့်ဝင်ခဲ့ပြီး ထည့်ဝင်သမျှ အားလုံးဟာ လက်ဝဲစွန်းဒီမိုကရက်တွေအတွက်ပဲ ဖြစ်နေပါတယ်။ ၂၀၂၀ ဇန်နဝါရီတုန်းကတော့ ဟော်ဂန်က အေအိုစီ ပြန်အရွေးခံရဖို့ အလှူငွေထည့်ခဲ့ပြီး အေအိုစီရဲ့ Political Action Committee ကိုလည်း ထပ်လှူခဲ့ပါသေးတယ်။ သူမအများဆုံးလှူခဲ့တာကတော့ ဆီးနိတ်က ဒီမိုကရက်တွေတွက်ပဲ ဖြစ်ပါတယ်။ သူမ အခု အစစ်ခံနေတာလည်း ဆီးနိတ်မှာပါပဲ။ ဆီးနိတ်က စားသုံးသူကာကွယ်ရေး၊ ပစ္စည်းစိတ်ချရမှုနဲ့ ဒေတာလုံခြုံမှုရှိရေး ဆပ်ကော်မီတီ ဥက္ကဌ ကွန်နက်တိကပ်က ဒီမိုကရက် ဆီနိတ်တာ Richard Blumenthal က သူမကို ဆီးနိတ်ကို ဖိတ်ခေါ်ပြီး သူမရဲ့ မကျေနပ်ချက်တွေကို ရင်ဖွင့်ခိုင်းခဲ့တာပါ။ သူမကတော့ အခုလို ရှေ့ထွက်လာရတဲ့အကြောင်းက သူမသူငယ်ချင်းတယောက် သတင်းအမှားတွေကြောင့် အစွန်းရောက်ဖြစ်သွားတာက စတယ်လို့ ဆိုပါတယ်။
ဟော်ဂန် ဖော်ထုတ်တယ်ဆိုတဲ့ ဖဘကိစ္စကလည်း ယူကရိန်းကိစ္စဖော်ဆောင်သွားပုံနဲ့ ဆင်နေပါတယ်။ သူမဟာ ဖဘရဲ့ စာရွက်စာတမ်းတွေကို the Wall Street Journal ကို ပို့ခဲ့ပြီး သူမရဲ့ ရှေ့နေ Zaid နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ John Tye (အိုဘားမားရဲ့ နိုင်ငံခြားရေးအရာရှိ) နဲ့ Andrew Bakaj (အများစုခေါင်းဆောင် ချပ်ခ်ရှုးမားအပါအဝင် ဒီမိုကရက်ဆီနိတ်တာတွေအတွက် အလုပ်လုပ်ပေးနေသူ) တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သူမကို coach လုပ်ပေးနေသူတွေကတော့ အိုဘားမားရဲ့ လက်ထောက်လုပ်ခဲ့ဖူးတဲ့ Bill Burton တည်ထောင်ထားတဲ့ လူထုဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Bryson Gillette ဖြစ်ပြီး ဒီမိုကရက်ပါတီအမှုဆောင်တွေလည်း ပါဝင်ပါတယ်။ Bryson Gillette က ဖဘကို ပေါ်လစီပိုင်းတိုက်ခိုက်ခဲ့တဲ့ the nonprofit Center for Humane Technology အတွက် လူသိများအောင် ကြော်ငြာပေးခဲ့ဖူးပါတယ်။ အခု ဘိုင်ဒန်ရဲ့ ပြန်ဝန်လုပ်နေတဲ့ Jen Psaki ကလည်း Bryson Gillette မှာ စက်တင်ဘာ ၂၀၂၀ အထိ အကြီးတန်းအကြံပေး လုပ်ခဲ့ပြီး the Center for Human Technology က သူမရဲ့ ဖောက်သည်တဦးဖြစ်တယ်လို့ ဒေးလီးဝိုင်ယာမှာ ဖော်ပြထားပါတယ်။
သမ္မတထရမ့်နဲ့ တခြားနာမည်ကြီးလက်ယာသမားတွေတင်မက လက်ဝဲစွန်းတွေကို ဝေဖန်သူတွေကိုပါ ဖောဖောသီသီ ပိတ်ပင်တတ်တဲ့ ဖဘကို တခြားလက်ယာသမားတွေအတွက် ပလက်ဖောင်ဖွင့်ပေးထားရကောင်းလားလို့ လက်ဝဲစွန်း ဒီမိုကရက်အမတ်တွေက မကြာမကြာ ဝေဖန်လေ့ရှိတော့ ဖရန်စစ်ဟော်ဂန်ရဲ့ လက်ဝဲစွန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ ရာဇဝင်နဲ့ ပေါင်းရင် သူမအဆိုပြုထားတဲ့ ဖဘကို အစိုးရက ထိန်းသင့်တယ်ဆိုတာ အများပြည်သူအတွက် ဖြစ်ပါ့မလားလို့ တွေးစရာ ရှိလာပါတယ်။ ထိန်းသင့်တာမှန်ပါတယ်၊ ဘယ်လိုထိန်းမလဲဆိုတာကတော့ အခုအာဏာလက်ရှိတွေ ဘယ်လိုအလုပ်လုပ်နေကြသလဲဆိုတာကို ကြည့်ရင် သိပ်အားရစရာ မျှော်လင့်စရာ မရှိတာပဲ တွေ့ပါတယ်။ သူမဘာကြောင့်လုပ်သလဲဆိုတာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိပေမယ့် အကောင်းဖက်က တွေးစရာတော့ သိပ်မရှိပါဘူး။