ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကြောင့် ထရပ်ကားမောင်းသူတွေရဲ့ ၃၇% က အလုပ်ပြုတ်တော့မယ့် အနေအထားဖြစ်နေတယ်လို့ The American Trucking Associations, National Private Truck Council နဲ့ Truckload Carriers Association တို့က သတိပေးလိုက်ပါတယ်။ ဘိုင်ဒန်လက်ထက်မှာ အမေရိကန်တွေ မကြုံစဖူး ကြုံတွေ့နေရတဲ့ လက်ရှိအခက်အခဲတွေထဲကတခုက ကုန်စည်စီးဆင်းမှုပဲ ဖြစ်ပါတယ်။ ဝင်ငွေနဲရင် (သို့) အလုပ်မရှိရင် ရမယ့် ခံစားခွင့်တွေ အခွင့်အရေးတွေ အများကြီးရှိတာအပြင် တက်လာတဲ့ ဆီဈေး၊ ကုန်ဈေးနှုန်းတွေနဲ့ မီတာခတွေ စတာတွေကြောင့် ရသမျှက ပရုပ်လုံးလို အလျှင်အမြန် လုံးပါးပါးကုန်တာလည်း အလုပ်လုပ်ဖို့ စိတ်မပါကြတော့တဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ ကယ်လီဖိုးနီးယားမှာဆိုရင် မီတာခက ၂ဆလောက်ထိ တက်သွားတာပါ။ ရှေ့လျောက် ပိုအေးလို့ heat ဖွင့်ရမယ်ဆိုရင် ပိုဆိုးပါလိမ့်မယ်။ ဆီဈေးကလည်း တဂါလံ $5 ကျော်နေပါပြီ။ အခုလိုအချိန်မှာ အလုပ်ခွင်ထဲကလူတွေကို အားပေးချီးမြှောက်ရမယ့်အစား ဒဏ်ပေးနေတာကတော့ တော်တော့ကို လွဲနေတယ်လို့ပဲ မြင်ပါတယ်။ အပြာပြည်နယ်တခုဖြစ်တဲ့ ဗာဂျီးနီးယားမှာ ထိပ်ဆုံးက အောက်ဆုံးအထိ ရီပါဘလစ်ကန်တွေ သိမ်းကျုံးအနိုင်ရသွားတာက ပြည်သူနဲ့အတူမရပ်တဲ့ (သို့) ပြည်သူတွေရဲ့ အခက်အခဲတွေ စိုးရိမ်ပူပန်မှုတွေကို လစ်လျူရှုထားတဲ့ ဒီမိုကရက်တွေအားလုံးကို တပ်လှန့်လိုက်သလို ဖြစ်သွားပါတယ်။ ကန်းဆပ်စ်ပြည်နယ်က ဒီမိုကရက်ဂါဗာနာက ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကို စတင်ဝေဖန်လာပြီဖြစ်သလို ဆီနိတ်တာ ဂျိုးမန်ချင်ကလည်း စွမ်းအင်နဲ့ ပါတ်သက်ပြီးတော့ ဘိုင်ဒန်အစိုးရကို ဝေဖန်လာနေပါပြီ။ ပုံမှန်ဆိုရင် ရီပါဘလစ်ကန်သမ္မတလုပ်တာ အဆင်မပြေရင် ရီပါဘလစ်ကန် အမတ်တွေ ကွန်ဆာဗေးတစ်သတင်းသမားတွေက တန်းဝေဖန်တတ်ကြပေမယ့် ဒီမိုကရက်တွေကြားမှာ အဲဒီအလေ့အထက မရှိသလောက်နည်းပါတယ်။ အကြောင်းကတော့ ရီပါဘလစ်ကန်တွေက ကိုယ်ပိုင်မူနဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို တန်ဖိုးထားတတ်ကြတဲ့အတွက် တယောက်နဲ့တယောက် နေရာတိုင်းမှာ သဘောထားချင်း ထပ်တူမကျနိုင်တာကို လက်ခံကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အချင်းချင်း ဝေဖန်ဖို့ကို ဝန်မလေးကြတာလည်း အဲဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တွေကတော့ သူတို့နဲ့ အသံမတူရင် ကျဥ်ထား၊ ဖယ်ထားပြီး တိုက်ခိုက်တတ်ကြတာကြောင့် အများစုက တော်ရုံကိစ္စမှာ နှုတ်ဆိတ်နေလေ့ရှိပြီး မဲပေးရင်လည်း ပါတီလိုင်းအလိုက်ပဲ မဲပေးတတ်ကြပါတယ်။ ဒီမိုကရက်ဆီနိတ်တာ ၂ဦးဖြစ်တဲ့ ဂျိုးမန်ချင်နဲ့ ခရစ်စတန်ဆမီနာက ဒီမိုကရက်တွေရဲ့ လူမှုရေးအသုံး(ဖြုန်း)စရိတ်ဆိုတာကို ကန့်ကွက်ခဲ့တာကြောင့် စွမ်းအားရှင်လို လူမိုက်တွေက သူတို့သွားလေရာမှာ လိုက်လံနှောက်ယှက်ခဲ့ကြတာပါ။ နိုဝင်ဘာ ၂ရက်ရွေးကောက်ပွဲမှာတော့ တိတ်နေတဲ့ ပြည်သူ့အသံတွေက ကျယ်ကျယ်လောင်လောင် စကားပြောခဲ့ပြီဖြစ်လို့ ထပ်မံရွေးချယ်ခံလိုတဲ့သူများအတွက် အိမ်စာလုပ်ဖို့ သံချောင်းခေါက်လိုက်သလို ဖြစ်သွားပါတယ်။ မနေ့ကတော့ အခြေခံအဆောက်အဦနဲ့ ပတ်သက်တဲ့ ၁.၂ ထရီလီယံသုံးမယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်က လက်ဝဲစွန်း ၆ယောက်ကလွဲလို့ ဒီမိုကရက်အမတ်တွေအကုန်အပြင် ရီပါဘလစ်ကန်အမတ် ၁၃ဦးကပါ သဘောတူ အတည်ပြုခဲ့ပါတယ်။ ဒီထက်အများကြီးပိုသုံးမယ့် ရာသီဥတုနဲ့ လူမှုရေးအသုံးစရိတ်ဥပဒေကြမ်း ကတော့ လိပ်ခဲတင်းလင်း ဖြစ်နေဆဲပါ။ အေအိုစီနဲ့လက်ဝဲစွန်းအမတ်တွေကတော့ အကြီးကြီးသုံးမယ့် ဘစ်လ်ဒ်ဘက်ဘီအက်စ်ကလွဲလို့ ဘာကိုမှ လက်မခံဘူးလို့ ဆိုပါတယ်။ ထောက်ခံခဲ့တဲ့ ရီပါဘလစ်ကန်အမတ်တွေကိုတော့ ပြည်သူတွေက မှတ်ထားပါပြီ။အစိုးရအဖွဲ့အစည်းတွေ အဖွဲ့ဝင်တွေ နိုင်ငံရေးသမားတွေနဲ့ ပုဂ္ဂလိကကဏ္ဍက လူတွေ အဖွဲ့အစည်းတွေရဲ့ မရိုးသားမှုတွေ၊ လာဘ်စားမှုတွေ၊ လေလွင့်ဖြုန်းတီးမှုတွေ၊ လိမ်လည်မှုတွေ၊ မဟုတ်မမှန်လုပ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးနေတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတခုဖြစ်တဲ့ Project Veritas ကို တည်ထောင်သူ James O’Keefe ရဲ့ နယူးယောက်ပြည်နယ် Mamaroneck မြို့က နေအိမ်ကို အက်ဖ်ဘီအိုင်က ကနေ့မနက် အစောကြီးမှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။ သူတို့လိုချင်တာကတော့ ဘိုင်ဒန်သမီးရဲ့ ဒိုင်ယာရီလို့ ဆိုပါတယ်။ မနေ့ကမှ ဂျိမ်းစ်က သူတို့ကို အက်ရှ်လေဘိုင်ဒန်ရဲ့ ဒိုင်ယာရီနဲ့ပတ်သက်ပြီး တရားရေးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောခဲ့တာပါ။ ဒီအပတ်စောစောပိုင်းကလည်း Project Veritas က ဂျာနယ်လစ်တွေရဲ့ အိမ်တွေကို ရှာဖွေခဲ့ပြီးပါပြီ။ အဲဒါကြောင့်လည်း ဂျိမ်းစ်က ကြေငြာချက် ထုတ်ခဲ့တာပါ။ ဝီကီပီးဒီးယားမှာကြည့်ရင်တော့ Project Veritas ကို လက်ယာစွန်းအဖွဲ့၊ သက်သေအထောက်အထားတွေကို လိုရာဆွဲပြတဲ့အဖွဲ့လို့ အပုတ်ချထားပေမယ့် ဘယ်သူက ပြည်သူ့အတွက် တကယ်အန္တရာယ်ရှိသလဲ ဆိုတာကို စမ်းသပ်လို့ရတဲ့ litmus test နဲ့ စမ်းကြည့်ပြီးမှ ဘယ်ဟာကို ယုံသင့်တယ်ဆိုတာ ဆုံးဖြတ်ကြပါလို့ အကြံပြုချင်ပါတယ်။ စမ်းသပ်ပုံကတော့ ဘယ်သူက သင့်ရဲ့ လွတ်လပ်ခွင့်တွေကို ထိပါးနှောက်ယှက်နိုင်သလဲ၊ ဘယ်သူကို ဝေဖန်ရင် သင်ပြဿနာတက်သွားနိုင်သလဲဆိုတာနဲ့ တိုင်းကြည့်ဖို့ပါပဲ။ သေချာတာကတော့ ဘိုင်ဒန်အစိုးရနဲ့ ဒီမိုကရက်တွေက အက်ဖ်ဘီအိုင်ကို သူတို့ရဲ့ လက်ကိုင်ဒုတ်လို အသုံးချနေတာက အင်မတန်အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်ပါတယ်။ တိုင်းပြည်လုံခြုံရေး၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဘာမှ ထိထိရောက်ရောက်လုပ်မနေပဲ တပါတီရဲ့လက်ကိုင်ဒုတ်လုပ်နေတာက တရားမျှတမှုချိန်ခွင်လျှာကို ဘယ်လောက်ဆိုးဆိုးရွားရွားသက်ရောက်စေသလဲဆိုတာ မြန်မာပြည်သူတွေ တွေ့ကြုံခံစားဖူးပြီးသားဖြစ်လို့ နားလည်မယ်ထင်ပါတယ်။ (မ)တရားရေးနဲ့ အာဏာရှင်နိုင်ငံတိုင်းမှာ အာဏာအပြင်းဆုံးဖြစ်တဲ့ ထောက်လှမ်းရေးအဖွဲ့ပေါင်းလိုက်ရင် ဘယ်ကို ဦးတည်မလဲဆိုတာ သဘောပေါက်ရင် အဲဒီထက် ပိုဆိုးမလာအောင် အစိုးရကို ထိန်းကျောင်းဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီအချိန်က ပါတီသံယောဇဥ်၊ အတ္တမာနထက် ဆင်ခြင်တုံတရားကို ဦးစားပေးရမယ့်အချိန် ရောက်နေပါပြီ။