(By Victor David Hanson)
Jan 26, 2022
သမိုင်းနဲ့ ခေတ်ဟောင်း/ခေတ်သစ် စစ်သမိုင်းပညာရှင် ဗစ်တာဒေးဗစ်ဟန်ဆန်က ပူတင်ကို ဘာလို့ မတားခဲ့ကြတာလဲဆိုတဲ့ခေါင်းစဥ်နဲ့ ဆောင်းပါးတခုကို ပြီးခဲ့တဲ့အပတ်ကရေးခဲ့ပါတယ်။ သူ့ရဲ့ဆောင်းပါး ထဲမှာ အမေရိကန်တွေက ယူကရိန်းနိုင်ငံ လွတ်လွတ်လပ်လပ်ဆက်နေဖို့ကို လိုလားကြပါတယ်၊ ရုရှားက ယူကရိန်းရဲ့ အနာဂတ်ကို ဝင်စီမံမှာကိုလဲ ဆန့်ကျင်ကြပါတယ်၊ ဒါပေမဲ့ ကိုယ့်တပ်တွေလွှတ်ပြီး တိုက်ပေးဖို့ကိုတော့ မလိုလားကြဘူးလို့ ဆိုပါတယ်။
အမေရိကန်တွေက နေတိုးအဖွဲ့ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပေမယ့် တိတ်တိတ်လေး စိတ်ပူနေကြတာက နေတိုးဟာ သံတမန်ရေးအရ သုံးစားမရတဲ့အပြင် စစ်ရေးအရလဲ ဟန်ပဲဖြစ်နေတယ်လို့ မြင်နေကြတာကြောင့် ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်တွေ အားလုံးပေါင်းမှာ လူဦးရေ ၁ဘီလီယံရှိပြီး ရုရှား GDP ရဲ့ ၇ဆကြီးပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးအသုံးစာရိတ်ကို လုံလုံလောက်လောက် မသုံးကြတာကြောင့် သူတို့လောက် စီးပွားရေးမတောင့်တင်းတဲ့ ရန်သူတွေကိုတောင် ဟန့်တားနိုင်စွမ်း ရှိမနေပါဘူး။
နေတိုးအဖွဲ့ထဲမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ တူရကီက အမေရိကန်နဲ့စာရင် ရုရှားနဲ့ ပိုရင်းနှီးပြီး သူ့ပြည်သူတွေကလည်း အမေရိကန်ဆန့်ကျင်သူတွေဖြစ်တယ်လို့ စစ်တမ်းတွေက ပြဆိုနေပါတယ်။ နေတိုးရဲ့ ဥရောပမှာ အချမ်းသာဆုံးအဖွဲ့ဝင်ဖြစ်ပြီး ဥရောပသမ္မဂ္ဂရဲ့ အဓိကပဲ့ကိုင်နိုင်ငံလည်းဖြစ်တဲ့ ဂျာမဏီက သူ့ရဲ့စွမ်းအင်လိုအပ်ချက်တွေအတွက် ရုရှားအပေါ် မှီခိုရတော့မှာဖြစ်နေပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Pew သုတေသနဌာန စစ်တမ်းအရ ဂျာမန်တွေရဲ့ ၇၀% က ရုရှားနဲ့ ပိုမိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားကြောင်း ပြသခဲ့ကြပြီး အမေရိကန်တွေကတော့ အဲဒါရဲ့ ဆန့်ကျင်ဖက် အမြင် ရှိကြပါတယ်။ ၆၀%သော ဂျာမန်တွေက စစ်ဖြစ်လာရင် ဘယ်နေတိုးနိုင်ငံကိုမှ ဝင်မကူစေချင် ကြပဲ ၇၀%ကျော်က အမေရိကန်နဲ့ ဂျာမန်ဆက်ဆံရေးက ဆိုးရွားနေတယ်လို့ မြင်ကြပါတယ်။ စစ်ဖြစ်လာရင် မကူချင်ဘူးဆိုတာက အမေရိကန်ဦးဆောင်ရင် ပိုဆိုးပါတယ်လို့ ဆိုပါတယ်။ (တနေ့ကကြည့်လိုက်ရတဲ့ Kiev မြို့တော်ဝန်နဲ့ အင်တာဗျူးမှာ ဂျာမဏိက ယူကရိန်းအတွက် စစ်သံခမောက် ၅၀၀၀ ပို့လိုက်တယ်လို့ဆိုပြီး အဲဒီအတွက် ပိုက်ဆံပေးရမယ်လို့ ဆိုပါတယ်။)
အဲဒီတော့ နေတိုးရဲ့ အမေရိကန်ကလွဲရင် နေတိုးရဲ့ အကြီးဆုံးနဲ့ အချမ်းသာဆုံးနှစ်နိုင်ငံက ယူကရိန်း(သို့) အရှေ့ဥရောပက ရုရှားမျက်စိကျနေတဲ့ နိုင်ငံတွေကို ကူဖို့ စိတ်မဝင်စားဖြစ်နေတာပါ။ ပူတင်ကလည်း အဲဒါကို သိပါတယ်၊ နေတိုးအဖွဲ့ပါလာဖို့ဆိုရင် Article 5 အရ အဖွဲ့ဝင်တွေအကုန်လုံးက အချင်းချင်း ကာကွယ်ပေးဖို့လိုအပ်တာဖြစ်ပါတယ်။ နေတိုးမပါလာရင်တော့ ပူတင်အတွက် ယူကရိန်းကို နယ်ချဲ့ရင်းနဲ့ နေတိုးအဖွဲ့ဝင်များကြား ပြိုကွဲအောင်လုပ်နိုင်မှာဖြစ်တဲ့အတွက် တချက်ခုတ် နှစ်ချက်ပြတ်ဖြစ်တော့မှာပါ။
ပူတင့်အမြင်မှာ ဘိုင်ဒန်ရဲ့ ဗရမ်းဗတာစတိတ်မန့်တွေက အမေရိကန်ရဲ့ ညံ့ဖျင်း၊ ပျော့ညံ့တဲ့ ဦးဆောင်မှုကို ပြနေတာဖြစ်ပြီး ကန်စစ်ဖက်အကြီးအကဲကလည်း ရန်သူနဲ့ ရင်ဆိုင်ရာမှာ စစ်ရေးအသင့်ဖြစ်ဖို့ထက် တပ်ထဲမှာ လူဖြူကြီးစိုးမှာ၊ လိင်ပြောင်းတွေ မပါမှာနဲ့ ရာသီဥတုပြောင်းလဲမှာကို ပိုစိုးရိမ်နေတာလို့လည်း ပူတင်က သိနေမှာပါ။ အာဖဂန်မှာ ဖြစ်ခဲ့တာတွေက ရန်သူတွေအမြင်မှာ အမေရိကန်က ကြောက်စရာဖြစ်မနေရုံမက မဟာမိတ်တွေအမြင်မှာလည်း ယုံကြည်ကိုးစားမှု လျော့နည်းသွားစေမှာ အမှန်ပါ။
အိုဘားမားလက်ထက်က ပူတင်ရဲ့ အရှေ့ဥရောပမှာ ကျူးကျော်ရန်စမှုတွေကို အရေးမယူပဲ ခွင့်ပြုထားခဲ့တာကနေ ထရမ့်တက်လာပြီး ဒီမိုကရက်တွေက ရုရှားကိုလူးရှင်းဆိုပြီး တချိန်လုံး သူ့ကိုဆွဲထဲ့နေခဲ့တာက ပူတင်ကို ဒေါပွစေမှာပါ။ ထရမ့်က အမေရိကန်နဲ့ နေတိုးကို စစ်ရေးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ဖို့ လုပ်ဆောင်ခဲ့သလို ရေနံနဲ့ ဓါတ်ငွေ့တွေ ပြည်တွင်းမှာ အလျံပယ်ထုတ်ခွင့်ပြုခဲ့တဲ့အတွက် ရေနံဈေးတွေကျပြီး ရုရှားရဲ့ အကြီးဆုံးနိုင်ငံခြားဝင်ငွေကို ရိုက်ချိုးခဲ့ပါတယ်။ (ရုရှားရော အရှေ့အလယ်ပိုင်းရော ထရမ့်ကို ရှိန်ခဲ့ကြတာ အဲဒါကြောင့်ဖြစ်ပါမယ်။)
ဒါတင်မကပါဘူး၊ ထရမ့်က US-Russia missile accord ကနေ နှုတ်ထွက်လိုက်တော့လည်း ပူတင် ဒေါပွပြန်တာပါပဲ။ ဆီးရီးယားက အမေရိကန်အဆောက်အဦတခုကို ရုရှားကုန်သည် ၂၀၀လောက်က တိုက်ခိုက်ခဲ့ကြတုန်းကလည်း ထရမ့်က ခြောက်လှန့်ရုံထက်ပိုတဲ့ အင်အားသုံးဖို့ အမိန့်ပေးခဲ့ပါတယ်။ ယူကရိန်းကိုလည်း ထိုးစစ်ဆင်နိုင်တဲ့လက်နက်တွေ ရောင်းချပေးခဲ့သလို အမေရိကန်တွေရဲ့ အသက်ကို ရန်ရှာလာတဲ့ ဆိုလေမာနီတို့ ဘာဂဒီတို့ အိုင်အက်စ်တို့ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ပါတယ်။ ပူတင်ရှိန်တဲ့ ထရမ့် အိမ်ဖြူကထွက်ပြီး ဘိုင်ဒန်ဝင်လာတဲ့အခါ အိုဘားမားလက်ထက်ကလို သူ့ရဲ့ ကျူးကျော်ဇတ်လမ်းတွေ တစခန်းပြန်ထလာတော့တာပါပဲ။
ယူကရိန်းဖက်မှာလည်း ပြဿနာတွေနဲ့ပါပဲ။ အိုဘားမားလက်ထက်တုန်းက အမေရိကန်အကူအညီ မရမှာစိုးတော့ ဘိုင်ဒန်မိသားစု ယူကရိန်းက ဩဇာရှိတဲ့ လူလည်လူရှုပ်မိသားစုနဲ့ပေါင်းပြီး စီးပွားရှာတာတွေကို (ဘိုင်ဒန်ခြိမ်းခြောက်တဲ့အတိုင်း) ခွင့်ပြုထားခဲ့တာရယ်၊ ဘိုင်ဒန်တို့နဲ့ပေါင်းပြီး ထရမ့်ကို အယုံအကြည်မရှိအဆို အောင်အောင်မြင်မြင်တင်နိုင်ဖို့ ပူးပေါင်းကူညီခဲ့တာရယ်တွေက ရှိနေခဲ့တာပါ။ အခုတော့ ဘိုင်ဒန်က ရုရှား ယူကရိန်းကိုဝင်ဖို့ မီးစိမ်းပြသလို လုပ်လိုက်တော့ ယူကရိန်းတွေ အမေရိကန်နိုင်ငံရေးမှာ ဝင်ခြေထိုးခဲ့တာတွေက သူတို့ကို ပြန်ခြောက်နေပါပြီ။
အဲဒီအတွက် အမေရိကန်က ဘာရမလဲဆိုတော့ ပြဿနာတွေပဲရမှာပါ။ ပူတင်က အချုပ်အချာအာဏာပိုင်နိုင်ငံတခုကို မလေးမခန့်ပြုတယ်၊ နေတိုးကို အက်ရာပေးတယ်၊ အဲဒါတွေအောင်မြင်ရင် ဘော်လတစ်နဲ့ တခြားနေရာတွေမှာပါ ယူကရိန်းလို လိုက်လုပ်တော့မှာပါ။ တရုပ်ကလည်း ယူကရိန်းမော်ဒယ်ကိုယူပြီး တိုင်ဝမ်ကို သမတော့မှာပါ။ အမေရိကန်တွေကတော့ ပူတင်ကို ဆန်ရှင်နဲ့ရော ယူကရိန်းကို လက်နက်ရောင်းပေးတာနဲ့ရောနဲ့မှ တားလို့မရရင်ဆိုတဲ့ အခြေအနေကို စိုးရိမ်ကြပါတယ်၊ ဒါပေမဲ့ ကိုယ့်အတွက် ဘယ်လောက်အကျိုးရှိမလဲဆိုတာနဲ့ပဲ တွက်နေကြတယ်လို့ Victor David Hanson က amgreatess ရဲ့ Greatness Agenda မှာ ရေးသားထားပါတယ်။