ကမ္ဘာပေါ်မှာ တပ်သားအင်အား အများဆုံးနဲ့ အကြီးဆုံးရေတပ်ကို ပိုင်ဆိုင်ထားတဲ့ တရုပ်ပြည်က ကမ္ဘာမှာ လူစွာကြီးလို လုပ်နေပေမယ့် သူတို့မှာ ပြဿနာတွေ ရှိနေပါတယ်။ အဲဒါကတော့ သူတို့မှာ တိုက်ခိုက်ရေးအတွေ့အကြုံ မရှိတာပါပဲ။ သူတို့မှာ ရှိခဲ့တဲ့ နောက်ဆုံးတိုက်ခိုက်ရေးအတွေ့အကြုံက ဗီယက်နမ်စစ်မှာဖြစ်ခဲ့တော့ အဲဒါကို မှီခဲ့တဲ့သူတွေကလည်း မကြာခင် အနားယူရတော့မယ့် အရွယ်တွေ ဖြစ်နေပါတယ်။ အဲဒီလူတွေ အနားယူသွားပြီးရင်တော့ အင်အား ၂သန်းရှိတဲ့ တပ်ကြီးမှာ စစ်ဖြစ်ဖြစ်မြောက်မြောက်တိုက်ဖူးသူ မရှိသလောက်ဖြစ်သွားတော့မှာပါ။
ယခုရှိနေတဲ့ ရာထူးအဆင့်ဆင့်က တပ်အင်အားအများစုက တအိမ်ထောင် ကလေးတယောက်ခေတ်မှာ မွေးလာကြသူတွေဖြစ်ကြတာကလည်း နောက်ပြဿနာတခု ဖြစ်နေပါတယ်။ တရုပ်ယဥ်ကျေးမှုမှာ ကွန်ဖြူးရှပ်ရဲ့ အယူဝါဒတွေက ခုထိ ခိုင်ခိုင်မာမာ အမြစ်တွယ်ဆဲဖြစ်တဲ့အတွက် အရွယ်ရောကလာတဲ့ သားတွေဟာ အိုမင်းမစွမ်းမိဘတွေကို တာဝန်ယူပြုစုစောင့်ရှောက်ရပါတယ်။ အဲဒီစစ်သည်တွေ တိုက်ပွဲကျသွားရင် လူတဦးသာဆုံးရှုံးမှာ မဟုတ်ပဲ မိအိုဘအိုတွေလည်း ဒုက္ခရောက်မှာဖြစ်သလို သူတို့မိသားစုရဲ့ မျိုးရိုးကိုဆက်ခဲမယ့်သူ လုံးဝ ပြတ်တောက်ရပ်တံ့သွားနိုင်နေတာပါ။
နောက်တချက်ကလည်း တဦးတည်းသော သားတွေဖြစ်ကြတဲ့အလျောက် မိဘက ဖူးဖူးမှုတ်ထားတာ ခံခဲ့ကြရတဲ့အတွက် သူတို့ဟာ သူများအတွက် ထည့်စဥ်းစားတာမျိုးတွေနဲ့ အကျင့်မရနေတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မောင်နှမတွေနဲ့ ပြိုင်ရင်း ဆော့ရင်း ကြီးပြင်းလာရတဲ့ဘဝကို မဖြတ်သန်းဖူးကြတာကြောင့် ညှိနှိုင်းလုပ်ဆောင်တာကလည်း သူတို့အတွက် စိန်ခေါ်မှုအကြီးကြီး ဖြစ်နေနိုင်ပါတယ်။ အခုခေတ်လူငယ်တွေရဲ့ ထုံးစံအတိုင်း ပြေးလွှားဆော့ကစားကြတာထက် ဖုံးနဲ့ ဖက်ကြီးလာကြတော့ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ယောက်ကျားပီသမှုက သူတို့နဲ့ အလှမ်းဝေးနေမှာကို တရုပ်အစိုးရက အလွန်ကြောက်ပါတယ်။ တပ်ထဲမှာ စစ်သည်တွေကို ယောက်ကျားပိုဆန်လာအောင် သင်တန်းတွေ လေ့ကျင့်ခန်းတွေအမျိုးမျိုးပေးပြီး ကျားကန်နေရတာပါ။ အဲဒါကြောင့် China Uncensored က Chris Chappell က ကမ္ဘာ့လူစွာကြီးအဖြစ် ဟိတ်ဟန်ထုတ်နေတဲ့ တရုပ်စစ်တပ်က တကယ်တော့ စက္ကူကျားဖြစ်နေတာလားလို့ သူ့အမြင်ကို တင်ဆက်ထားပါတယ်။