By Ben Shapiro (Daily Wire)
ဘိုင်ဒန်က သမ္မတတယောက်အနေနဲ့ နိုင်ငံရေးနယ်ပယ်မှာ နေရာတိုင်းမှာ ကျရှုံးနေတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံခြားရေးမှာဆိုရင် အာဖဂန်ကို လူရိုင်းမျိုးစုတွေလက် အကျခံလိုက်တာ၊ ယူကရိန်းကို ကျူးကျော်ဖို့ ရုရှားကို လှုံ့ဆော်ပေးနေတာ၊ အဲဒီလိုလုပ်ခြင်းအားဖြင့် တရုပ်လည်း တိုင်ဝမ်ကို ကျူးကျော်ဖို့ လမ်းဖွင့်ပေးနေတာ၊ တချိန်ထဲမှာပဲ အကြမ်းဖက်တွေကို စပွန်ဆာလုပ်ပေးနေတဲ့ အီရန်ကို စာချုပ်ချုပ်ဖို့ သွားမြှူတာမှာ ဟိုက အဖက်ကို မလုပ်ခဲ့တာ။
ပြည်တွင်းရေးမှာဆိုရင်လည်း ကလေးတွေအပေါ် အဓိပ္ပါယ်မရှိတဲ့ ကန့်သတ်ချက်တွေ အတင်းလုပ်တာ၊ တရားမဝင်မဝင် ရူးနှမ်းတဲ့ ဆေးမန်ဒိတ်နဲ့ ပြည်သူတွေကြား သွေးခွဲတာ၊ အတိုက်အခံတွေကို ဂျင်မ်ခရိုးရေ့စစ်တွေလို့ ပုတ်ခတ်စော်ကားတာ၊ လိင်အတွေးအခေါ်ကစလို့ ဘာသာရေးဖိနှိပ်တဲ့ ဥပဒေတွေအထိပါဝင်တဲ့ လက်ဝဲစွန်းအာဂျင်ဒါတွေကို သွပ်သွင်းလာတာ၊ စသဖြင့်ပေါ့။
စီးပွားရေးနယ်ပယ်မှာတော့ ဘိုင်ဒန်အမှန်တကယ်ကို အကြီးအကျယ် ကျရှုံးနေတာပါ။ ဘိုင်ဒန်လက်ထက် စီးပွားရေးမှာ ပူပန်နေကြတာတွေအများစုက အမေရိကန်တွေ လက်ရှိကြုံနေရသလို မကြုံစဖူးမြင့်မားတဲ့ ငွေဖောင်းပွမှုပဲ ဖြစ်ပါတယ်။ အနှစ် ၄၀အတွင်း မကြုံဖူးတဲ့အနေအထားဆိုတော့ လောလောဆယ် အလုပ်လုပ်နေသူတွေအများစုလည်း ကြုံဖူးကြမှာ မဟုတ်ပါဘူး။
လက်ရှိငွေဖောင်းပွမှုက တနှစ်ကို ၇.၅% ဖြစ်နေတဲ့အပြင် ပန်-မစ်ကြောင့် ဖြစ်တဲ့ supply chain ပြဿနာတွေကြောင့် ပိုဆိုးနေတာပါ။ ဘိုင်ဒန်က ငွေဖောင်းပွမှုကို supply chain ပြဿနာကြောင့်လို့ ရမယ်ရှာပါတယ်။ 538 က Santul Nerkar က ဥရောပမှာလည်း အလားတူ supply chain ပြဿနာရှိနေတာပဲ၊ လောင်စာလိုတာဆို ပိုတောင်ဆိုးသေးတယ်၊ ဒါပေမယ့် ငွေဖောင်းပွမှုက နိမ့်ပါတယ်၊ ဖြစ်နိုင်တာက အစိုးရက သိပ်ဝင်မပါလို့လို့ ထင်ပါတယ်။ Nerkar က အဓိက ပြဿနာက ဘိုင်ဒန်ရဲ့ ၁.၉ ထရီလီယံကုန်မယ့် American Rescue Plan ကြောင့်လို့ ဆိုပါတယ်။
ကွန်ဆာဗေးတစ်တွေက အမေရိကန်စီးပွားရေးကို နှစ်လတ်နဲ့ နှစ်ရှည်အတွက် အထိခိုက်ဆုံးဖြစ်မယ့် အရာကို ငွေဖောင်းပွမှုလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ အဲဒါကြောင့် အမေရိကန်ရဲ့ အနာဂတ် စီးပွားရေးမှာ အချိန်နဲ့အမျှ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ဆွေးနွေးကြဖို့သင့်ပါတယ်။ သင်တို့မြင်တဲ့အတိုင်းပဲ၊ လက်ရှိပေါ်လစီက ရေတိုမှာ အများကြီး အန္တရယ်ရှိနေတော့ ရေလတ်နဲ့ ရေရှည်အန္တရာယ်တွေက ငါတို့အခုခံစားနေရတာနဲ့ယှဥ်ရင် သေးငယ်နေသလို ဖြစ်နေတာပါ။
ရေတိုပြဿနာများ – ငွေဖောင်းပွမှုနဲ့ အလုပ်လက်မဲ့မှု
ငွေဖောင်းပွမှုက လေးနက်တဲ့ ပြဿနာဆိုတာ အငြင်းပွားစရာမရှိပါဘူး။ အဲဒါကလည်း supply chain ပြဿနာက တစိတ်တပိုင်းပါပါတယ်။ CPI က ၃.၅% ပဲတက်နေတာတောင် ချစ်ပ်ပြတ်လပ်မှုကြောင့် ၂၀၂၀ ဖေဖေါ်ဝါရီကစပြီး ကားဟောင်းဈေးတွေ ၂၂.၉% တက်သွားပြီး လောင်စာပြတ်လပ်မှုကြောင့် စွမ်းအင်ဈေးက ၉.၅% တက်သွားတာပါ။ အဲဒီကာလမှာ အိမ်လခတက်တာကတော့ ၃%ဖြစ်ပါတယ်။ နောင်တချိန် လိုအပ်တာတွေ ပေါများလာတဲ့အချိန်မှာ ဒီပြဿနာတွေက ပြေလည်သွားမှာပါ။
Federal Reserve (FR) က နောက်တကြိမ်အစည်းအဝေးမှာ အတိုးနှုန်းတွေ တက်ပစ်နိုင်တာလည်း မှန်ပါတယ်။ တကယ်တမ်း ဈေးကွက်ထဲမှာ ဘေ့စစ်ပွိုင့် ၅၀ = ၀.၅% လောက်အထိ တက်နိုင်သလို ဈေးသတ်မှတ်နေကြတာပါ။ (ပုံမှန်က တခါတိုးရင် ဘေ့စစ် ၅ ပွိုင့် ၀.၀၅%ပါ။) CNN အဆိုအရ ပုံမှန်အတိုင်း ဖာသိဖာသာနေတတ်တဲ့ BofA ကတောင်မှ ဒီနှစ်ထဲကို ၇ကြိမ်ထက်မနည်း တိုးဖို့ ပြောနေပါပြီ။ ဘာပဲဖြစ်ဖြစ် FR ရဲ့အလုပ်က ငွေဖောင်းပွမှုကို ထိန်းဖို့ဆိုတော့ မကြာခင် သူတို့ဘာလုပ်မလဲ ခန့်မှန်းကြည့်ကြတာပေါ့။
ဘိုင်ဒန်ရဲ့ အသုံးကြမ်းမှုနဲ့ လျော့ရဲတဲ့ ငွေကြေးပေါ်လစီတွေက ရေတိုမှာ ပြင်းထန်တဲ့ သက်ရောက်မှုတွေ ရှိမှာပါ။ စားသုံးသူစိတ်ဓါတ်တွေကလည်း အောက်တိုဘာ ၂၀၁၁ကစလို့ အနိမ့်ဆုံးကို ရောက်နေပါပြီ။ အဓိကအကြောင်းရင်းကတော့ ငွေဖောင်းပွမှုနဲ့ပတ်သက်ပြီး စိုးရိမ်ကြလို့ဖြစ်ပါတယ်။
၁၉၈၀အစောပိုင်းနှစ်တွေက FR ဥက္ကဌပေါလ်ဗော့လ်ကာက အတိုးနှုန်းတွေကို ၁၁%ကနေ ၂၀%အထိကို မြှင့်ပစ်ခဲ့ပြီး အလုပ်လက်မဲ့နှုန်းက ၁၀% ကို တက်ခဲ့ပါတယ်။ အဲဒီတုန်းကလို အတိုးနှုန်းတွေကို အဲဒီလောက် မြှင့်လိုက်ရင်တောင် အဲဒီတုန်းက ဖြစ်ခဲ့သလောက် ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ FR ပေါ်လစီအပြောင်းအလဲက အလုပ်ဈေးကွက်အပေါ်မှာတော့ သက်ရောက်မှု ရှိလာမှာပါ။
နှစ်လတ်နဲ့ နှစ်ရှည်ပြဿနာများ – ကြွေးမြီနဲ့ စီးပွားရေးဖွံ့ဖြိုးမှု တန့်နေခြင်း
ငွေဖောင်းပွမှုက ပြဿနာဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တိုင်းပြည်စီးပွားရေးအတွက် ပိုကြီးတဲ့ ပြဿနာက ဖွံ့ဖြိုးမှု တန့်သွားခြင်းပါ။
၁၉၈၀နှစ်တွေတုန်းက ဂျပန်နိုင်ငံကို အဓိကစီးပွားရေးပြိုင်ဖက်လို့ မြင်ခဲ့ကြတယ်။ Die Hard ကနေ Michael Crichton ရဲ့ Rising Sun အထိ ဂျပန်က အမေရိကန်ကို စီးပွားရေးအရ ပခုံးချင်းယှဥ်လာတော့မယ်ဆိုတဲ့ သီအိုရီတွေ ခေတ်စားနေတာပါ။ နောက်တော့ ဂျပန်ရဲ့ စီးပွားရေးမှာ ချိုင့်အကြီးကြီးဖြစ်သွားပြီး နာလံမထူတော့တာ ခုထိပါပဲ။ ဘာဖြစ်သွားတာလဲဆိုတော့ ၁၉၈၀ နှောင်းပိုင်းနှစ်တွေမှာ ဂျပန်အိမ်ခြံမြေဈေးကွက်က ပူပေါင်းပေါက်သွားခဲ့ပြီး ဂျပန်အစိုးရက အခုဘိုင်ဒန်အစိုးရလုပ်သလို ဈေးကွက်ထဲ ငွေတွေမတရားထိုးထဲ့ပေးတဲ့ stimulus တွေ ချက်ချင်းထလုပ်ခဲ့ပါတယ်။ ၂၀၀၁ခုကျတော့ Bank of Japan က ငွေဖောင်းပွတဲ့ ငွေကြေးပေါ်လစီနဲ့ စီးပွားရေးပြန်တက်အောင် လုပ်ခဲ့ပါတယ်။
Heritage Foundation က James Roberts နဲ့ Danielle Lacalle တို့အဆိုအရ ၁၉၉၁ နဲ့ ၂၀၀၈ကြားမှာ ဂျပန်က ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ လူထုအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို $ ၆.၃ထရီလီယံဖိုး သုံးခဲ့ပါတယ်။ အဲဒါက အကြွေးတွေတောင်လိုမြင့်၊ ကုန်ထုတ်လုပ်မှုက အားရစရာမရှိနဲ့ဆိုတော့
သူတို့တိုင်းပြည်ကို စီးပွားတန့်သွားစေတာပါပဲ။ ဂျပန်ရဲ့ ကြွေးမြီက အခုဆိုရင် GDP ရဲ့ ၂၅၀% ဖြစ်နေပါပြီ။ အစိုးရတနှစ်ဘတ်ဂျက်ရဲ့ လေးပုံတစ်ပုံက အဲဒီကြွေးမြီတွေ အတိုးပေးရတာနဲ့ ကုန်တာပါ။ ပင်စင်ပေးတာတွေမှာလည်း ပေးရမယ့်ပင်စင်ပမာဏကို အကြိမ်ကြိမ်ဖြတ်တောက် လျော့ချခဲ့ပြီးတာတောင် ပေးဖို့မလုံလောက်နေသေးပါဘူး။ ၁၉၉၁ ကစကြည့်ရင် ဂျပန်ရဲ့ GDP က ၃% ကျော်တာ ၂ကြိမ်ပဲ (၁၉၉၆နဲ့ ၂၀၁၀) ရှိခဲ့ပါတယ်။
အဲဒီလို ခပ်ဆင်ဆင်အဖြစ်မျိုး ကြားဖူးကြမှာပေါ့။
အမေရိကန်ရဲ့ ကြွေးမြီနဲ့ GDP အချိုးကလည်း ပေါက်ကွဲသလို မြင့်တက်လာခဲ့တာ အိုဘားမား စတက်ထဲကပါ။ အခု ကပ်ပိုးကြီးဖြစ်လိုက်တော့ ပိုဆိုးတာပေါ့။ St. Louis က FRB ကို ကိုးကားရမယ် ဆိုရင် ၂၀၀၈အစောပိုင်းတုန်းက Debt to GDP အချိုးက ၆၄.၁%ကနေ ၂၀၀၉ တတိယ သုံးလပတ်မှာ ၈၂% ကိုတက်သွားပြီး အိုဘားမားဆင်းတဲ့အချိန်မှာ ၁၀၅% ဖြစ်သွားခဲ့ပါတယ်။ ကပ်ပိုးမဖြစ်ခင်က ၁၀၈%ရှိခဲ့ပြီး အခုအချိန်မှာတော့ ၁၂၂% ဖြစ်နေပါပြီ။ တနှစ်ကို အတိုးတင် ဘီလီယံ ၃၀၀ သုံးနေရတဲ့ အခြေအနေပါ။ အခု အတိုးနှုန်းတွေ မြှင့်လိုက်မယ်ဆိုရင် ငါတို့ပေးနေရတဲ့အတိုးတွေပါ တက်သွားတော့မှာ။
ကွန်ဂရက်စ်ဘတ်ဂျက်ရုံး(CBO)က အသားတင်အတိုးနှုန်းက ၂၀၅၁မှာ GDP ရဲ့ ၈.၆% ဖြစ်လာပြီး လာမယ့် အနှစ် ၃၀အတွင်း အတိုးငွေစုစုပေါင်းက ထရီလီယံ ၆၀လောက် ဖြစ်သွားမယ်လို့ ဆိုပါတယ်။ The Committee for a Responsible Federal Budget က အတိုးနှုန်းတွေ မြင့်လာခဲ့ရင် ၂၀၃၁လောက်ဆိုရင် တနှစ်ကို အတိုးချည့် ၉၄၈ဘီလီယံ ပေးနေရမှာလို့ ဆိုပါတယ်။ အဲဒီပမာဏက လက်ရှိအစိုးရဘတ်ဂျက်ရဲ့ လေးပုံတစ်ပုံနီးပါးဖြစ်ပါတယ်။
အဲဒါက ဘိုင်ဒန်အသုံးကြမ်းတာတခုထဲရဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ဘိုင်ဒန့်ပေါ်လစီတွေကိုယ်၌က စီးပွားရေးတန့်လာအောင် လုပ်ပေးနေတာပါ။ အဲဒါတွေက ရင်းနှီးမြှုပ်နှံမှု ဆန်းသစ်တီထွင်မှုတို့က ရတဲ့ ဝင်ငွေတွေကို ခရိုနီတွေလို ကျင့်နေတဲ့ လေဘာယူနီယံတွေကို ဝေပေးနေတာ၊ the Securities and Exchange Commission ကပြဌာန်းတဲ့ စဥ်းမျဥ်းဥပဒေတွေက private equity နဲ့ venture capital တွေရဲ့ လုပ်ငန်းစဥ်တွေကို တိုက်ခိုက်တာ၊ ဘိုင်ဒန်ကို ဝေဖန်တဲ့လုပ်ငန်းတွေကို (ဥပမာ Elon Musk) တိုက်ခိုက်တာ၊ ပစ်မှတ်ကြီးတွေဖြစ်တဲ့ အမေဇုံနဲ့ ဖဘတို့ကို တိုက်ခိုက်တာ၊ ကလိုင်းမိတ်ချိန့်ကို အကြောင်းပြပြီး သုံးစားမရ အဓိပ္ပါယ်မရှိတဲ့ investment အကြီးစားကြီးတွေလုပ်တာ၊ အစိုးရက ဦးဆောင်တဲ့ အလေအလွင့်လဲများ ရုပ်လဲအင်မတန်ဆိုးတဲ့ “diversity, equity, and inclusion plan” ဆိုတဲ့ သပ်လျိုခွဲခြားဆက်ဆံမှုကြီးကို ကျင့်သုံးတာတွေ ပါဝင်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးမှုတန့်မယ်ဆိုတာ မှန်းလို့ ရရုံတင်မက ဘိုင်ဒန်ကိုယ်တိုင်ကပါ ပြောထားတာပါ။ မအောင်မြင်ခဲ့တဲ့ Build Back Better plan ကို တွန်းခဲ့တုန်းက အိမ်ဖြူက နောက်၁၀နှစ်အတွက် စီးပွားတိုးတက်မှုနှုန်းကို (ငွေဖောင်းပွမှုထည့်တွက်လိုက်ရင်) တနှစ် ၂% အများဆုံးလို့ မှန်းထားတယ်လို့ ပေါ်လတစ်ကိုက ဆိုပါတယ်။ အဲဒါက တကယ်တော့ အံ့ဩစရာမဟုတ်ပါဘူး။ ကွန်ဂရက်စ်ဘတ်ဂျက်ရုံးကလည်း ကိုဗစ်နောက်ပိုင်း စီးပွားရေးက ၁.၆% ပဲတိုးမယ်လို့ မှန်းထားတာပါ။
အမေရိကန်ရဲ့ စီးပွားရေးလောက်လောက်လားလားတက်မလာဘူးဆိုရင် ငါတို့ပေါ်မှာရှိနေတဲ့ ကြွေးမြီဝန်ထုတ်ကြီးက မြန်မြန်ဆန်ဆန်ကို ကြီးလာတော့မှာပါ။ ဘာလို့လဲဆိုတော့ ငါတို့က ပုဂ္ဂလိကကဏ္ဍမှာ လည်ပတ်နေတဲ့ ငွေကြေးတွေကို စုပ်ထုတ်ပစ်ပြီး ကြီးမား၊ ကျယ်ပြန့်၊ လေးလံလွန်းပြီး ဘာအကျိုးမှမရှိတဲ့ ပါ့ဘလစ်ဆက်တာထဲကို ထိုးထည့်ကြမှာကြောင့်ပါ။ အဲဒီပြဿနာတွေကို အများကြီး ပိုဆိုးသွားစေမှာကတော့ ဘိုင်ဒန်သိပ်ချစ်တဲ့ အခွန်တိုးကောက်မယ့် ပေါ်လစီဖြစ်ပါတယ်။ ဘိုင်ဒန်က အခွန်တိုးကောက်တာကို ပြည်ချစ်စိတ်အနေနဲ့ တခါပုံဖော်တိုင်း တမတ်ပဲထည့်ကြရင်တောင် ခုလောက်ဆို အကြွေးကြေနေပါပြီ။ ပြဿနာက အခွန်တိုးကောက်တာက စီးပွားရေးတိုးတက်မှုမှာ ပဓါနကျတဲ့ ဆန်းသစ်တီထွင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လျော့ကျသွားစေတာပါ။ အဲဒါက ဘိုင်ဒန်ရဲ့ corporate and capital gains အခွန်တွေမြှင့်ချင်တာမှာ သိသိသာသာကို မှန်နေတာပါ။ ဒီမိုကရက်တွေက ထရမ့်လက်ထက်က အခွန်နှုန်းတွေကို ပြန်ရုပ်ဖို့ ကြိုးစားမနေရင်တောင် ၂၀၂၅ဆိုရင် လူတော်တော်များများအတွက် ထရမ့်အခွန်လျော့ထားတာတွေ သက်တမ်းကုန်ပါပြီ။
နိဂုံး
စီးပွားရေးဖွံ့ဖြိုးဖို့ဆိုတာ (ဈေးကွက်ထဲမှာ) တကယ်ကိုစီးပွားရေးတိုးတက်နေမှ ဖြစ်မှာပါ။ ဒါပေမဲ့လည်း အမေရိကန်စီးပွားရေးပေါ်လစီချသူတွေက Federal Reserve ကိုပဲ အာဏာတွေ ပိုပိုပေးလာကြတဲ့အတွက် စီးပွားရေးပေါ်လစီက ငွေကြေးပေါ်လစီပေါ် မှီနေရသလို ဖြစ်လာပါတယ်။ အဲဒါကတော့ မဟာအမှားကြီးပါပဲ။ ဖက်ဒရယ်အစိုးရက ကိုဗစ်ကာလမှာ သူ့ရဲ့ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တဲ့ စီးပွားရေးပေါ်လစီတွေကို ဘီးတပ်ပေးလိုက်တာက အမှားကြီးကို ပိုဆိုးစေပါတယ်။ ကိုဗစ်ကာလ အစောပိုင်းတုန်းက လုပ်ခဲ့တာတွေကို နားလည်ပေးလို့ ရကောင်းရနိုင်ဦးမှာပါ။ ဒါပေမဲ့ ခုတော့ ဖက်ဒရယ်အစိုးရရဲ့ စီးပွားရေးမူဝါဒတွေက အမေရိကန်ရဲ့ နှစ်လတ်နဲ့ နှစ်ရှည်စီးပွားရေးကြံ့ခိုင်မှုကို ဘာနဲ့မှမတူတဲ့ ဒဏ်ရာတွေ ပေးလိုက်တာပါပဲ။ တကယ်လို့များ ဘိုင်ဒန့်ပလန်တွေ အောင်မြင်တယ်ဆိုရင် အဲဒီပျက်စီးဆုံးရှုံးမှုတွေက အများကြီးပိုဆိုးဖို့ပဲ ရှိပါတော့တယ်။
*** ဖြည့်စွက်***
