ကယ်လီဖိုးနီးယားမှာ နှစ်စဥ်လို ရင်ဆိုင်လာရတာတခုက မိုးခေါင်မှုဖြစ်ပါတယ်။ ဒီနှစ်လည်း မိုးဦးကောင်းပေမယ့် နှစ်ဆန်းထဲက ဟုတ်တိပတ်တိ မရွာသေးပါဘူး။ ဒီနှစ် ပထမ ၂လမှာ ရွာတာက အနှစ် ၁၀၀အတွင်းမှာ အနည်းဆုံးလို့ ဆိုပါတယ်။ နျူဆမ်အစိုးရက တခုခုဆိုရင် သဘာဝပတ်ဝန်းကျင်ကို လွှဲချကြပြီး ဇီးသီးဗန်းဘတ်ဂျက် တောင်းကောင်းအောင် ကလိုင်းမိတ်ချိန့်အတွက်လို့ အကြောင်းပြကြပါတယ်။ မိုးခေါင်တာအကြောင်းပြပြီး ဒဏ်ကြေးတွေချ၊ ရေဖိုးတွေတက်က မိုးမကျခင်ထဲက လုပ်နှင့်နေပါပြီ။ ရေရှားတာကတော့ စီမံခန့်ခွဲမှုညံ့လို့လို့ပဲ ပြောရမှာပါ။ အစ္စရေးလို သဲကန္တာရတွေနဲ့ တိုင်းပြည်တောင် ရအောင်စိုက်ပျိုးရေးလုပ်သေးတာပဲ။
အခုဖက်ဒရယ်အစိုးရက မိုးခေါင်ရေရှားပြဿနာရှိနေတဲ့ ကယ်လီဖိုးနီးယားက ရေလှောင်တမံ အကြီးစား ၄ခုကို ဖြိုဖျက်ပစ်ဖို့ လုံလောက်တဲ့အကြောင်းပြချက်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဖြိုဖျက်ဖို့ အဟန့်အတားဖြစ်နေတဲ့ ဥပဒေ/လုပ်ထုံးတွေကို ရှင်းလင်းပေးလိုက်ပါပြီ။ ဒီနွေမှာ အချောသတ်မူကြမ်းမထွက်ခင် လူထုထဲက ကန့်ကွက်ချင်သူများ ကန့်ကွက်လို့ရအောင် public hearing လုပ်မှာဖြစ်ပါတယ်။ ဖြိုဖျက်ဖို့နဲ့ habitat restoration အတွက် သန်း၅၀၀ဘက်ဂျက် လျာထားပါတယ်။ အတည်ဖြစ်ရင် ရှေ့နှစ်နွေ(သို့) ၂၀၂၄မှာ လုပ်ငန်းစမှာပါ။
ဖြိုဖျက်ဖို့အကြောင်းပြတာကတော့ ဆာလ်မွန်ငါးတွေအိမ်ပြန်ဖို့ လွယ်အောင်ပါတဲ့။ ဖြိုမယ့်ဆည် ၄ခုထဲက ၁ခုဖြစ်တဲ့ The Iron Gate Dam က ၂၅၃မိုင်ရှည်တဲ့ Klamath River ကို ဖြတ်ဖောက်ထားတာဖြစ်ပါတယ်။ အဲဒီဒေသက လူမျိုးစုလေးတွေရဲ့ အစဥ်အလာထုံးစံတွေနဲ့ ယဥ်ကျေးမှုမှာ ဆာလ်မွန်က မပါမဖြစ်လို့ ဆိုပါတယ်။ အခုအခါ မြစ်ထဲမှာ ဆာလ်မွန်ရှားလို့ ဆိုင်က ဝယ်စားနေကြရပါတယ်။ အခုလို ဆည်တွေဖြိုမယ့်အစီအစဥ်ကို ထောက်ခံသူတွေကတော့ ဌာနေလူမျိုးစု ၂စု၊ တံငါသည်တွေနဲ့ သဘာဝပတ်ဝန်းကျင်အုပ်စုတွေပါ။
နောက်အကြောင်းပြချက်တခုက ဒီဆည်တွေဆောက်တုန်းက ပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်တွေ မပေါ်ခင်ကဆိုတော့ အဲဒီသတ်မှတ်ချက်တွေနဲ့အညီ ပြန်ပြင်ဖို့ဆိုရင် ဘီလီယံပေါင်းများစွာ ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီဆည်တွေက ပတ်ဝန်းကျင်ထိမ်းသိမ်းတဲ့စံတွေနဲ့ မညီဘူးဆိုတာရယ် လူမျိုးစုတွေရဲ့ ယဥ်ကျေးမှုအစဥ်အလာကို နဲနဲပဲဖြစ်ဖြစ် အထောက်အပံ့ဖြစ်စေမှာရယ်၊ ကိုဟိုဆော်လ်မွန်ငါးတွေက ရှားပါးမျိုးစိတ်တွေ ဖြစ်လာတယ်လို့ ဆိုတာရယ်ကိုတော့ ထဲထဲဝင်ဝင်လေ့လာထားတာမဟုတ်လို့ မပြောချင်ပါဘူး။ သူတို့အဆိုပြုချက်မှာလည်း အကောင်းဖက်ကရေးထားတာတွေချည့်ပဲ တွေ့ပါတယ်။ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ၊ သတိပြုသင့်တဲ့ကိစ္စတွေကိုလည်း ပညာရှင်ပီသရင် ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ပလန်ဒဲမစ်က ပြန်အထ ပုံမှန်အခြေအနေပြန်ရောက်ဖို့ မနည်းကြိုးစားရဦးမယ့် အနေအထားမှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေက များလွန်းနေပါပြီ။ ဆီဈေး၊ စားကုန်ဈေး၊ အထွေထွေကြပ်တည်းမှုတွေကြားမှာ လက်ရှိလိုအပ်နေတဲ့ရေပမာဏကို အစားထိုးပေးဖို့ သေချာမစီစဥ်ထားပဲ အလျဥ်စလို ဖြိုဖျက်ရင် ရေဖိုးတွေပါ ထပ်ကြီးလာကြဦးမှာပါ။ ကယ်လီဖိုးနီးယားက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်တဲ့လူတွေရော စားသုံးသူတွေကိုပါ မြေအောက်ရေသုံးဖို့လည်းကန့်ကွက် ဝယ်သုံးရမယ့်ရေကျတော့လည်း ရှားအောင်လုပ်ပစ်ရင် တိုးလာတဲ့ စရိတ်တွေက ပြည်သူကပဲ (absorb) ပေးရမှာလေ။ ပညာရေးမှာ နုံအ ထုံဖျင်းအောင်လုပ်၊ စီးပွားရေးလည်း လုပ်စားရခက်အောင်လုပ်ရင် ပြည်သူတွေက ခွက်ဆွဲတောင်းစားရဝောာ့မှာလားလို့ မေးချင်ပါတယ်။ အစိုးရအပေါ် မှီခိုနေမှ ကြိုက်တဲ့ ဒီမိုကရက်တွေအတွက်တော့ ပြည်သူကျပ်တည်းတာ မှုမှာမဟုတ်ပါဘူး။
ဆောင်းပါးမှာက ဒီဆည်တွေမှာ လှောင်တဲ့ရေက လယ်ယာသုံးရေ မပါဘူးလို့ ဆိုပါတယ်။ တိုက်ရိုက်မထိဘူးဆိုရင်တောင် သွယ်ဝိုက်ပြီး ထိနိုင်သေးတယ်ဆိုတာ လက်ရှိအမေရိကန်နဲ့ ကမ္ဘာ့အရေးတွေက သက်သေပြနေတာပါပဲ။ ဒီရေလှောင်ကန်တွေကနေ လျှပ်စစ်ထုတ်တဲ့ PacifiCorp ကို သူဌေးကြီး Warren Buffet ကပိုင်ပြီး အဆိုပါဆည်တွေကို ယနေ့ခတ်သဘာဝပတ်ဝန်းကျင်ဥပဒေတွေနဲ့ ကိုက်ညီအောင် ပြုပြင်မယ်ဆိုရင် သန်းရာနဲ့ချီ ကုန်ကျမယ်လို့ ဆိုပါတယ်။
ဖြိုဖျက်ဖို့ သန်း၅၀၀ လျာထားတယ်ဆိုပေမယ့် အဲဒီထက်မက ငွေဖောင်းပွမှုနဲ့ စီမံခန့်ခွဲမှုအမှားတွေနဲ့ဆို အများကြီးလည်း ကုန်သွားနိုင်ပါတယ်။ ဝေဖန်သူတွေကတော့ အဲဒီပရောဂျက်ရဲ့ တစိတ်တပိုင်းကို မဲပေးသူတွေအတည်ပြုထားပြီးဖြစ်တဲ့ water bond နဲ့ ဘတ်ဂျက်ဖြည့်တင်းထားတာဖြစ်လို့ အဲဒီထက်အများကြီး ပိုကုန်တာတွေကို အကုန်ခံလုပ်ဆောင်တာဟာ တာဝန်မဲ့တယ်လို့ ဆိုကြပါတယ်။