ဘိုင်ဒန်ရဲ့ ဆူပရင်းမ်ကုတ်နိုမီနီ ကီတန်ဂျီဘရောင်းဂျက်ဆင်က မိန်းမဆိုတာ ဘာလဲဆိုတာကို ပြောဖို့ ငြင်းဆိုတာက အင်တာနက်ပေါ်မှာ အတော်လူပြောများနေပါတယ်။ တကယ်တော့ အဲဒီကိစ္စက အဓိပ္ပါယ်ဖွင့်ဆိုတာထက်ကို အများကြီး ပိုနက်ရှိုင်းပါတယ်။ ကနေ့မှာတော့ အဲပုခ်တိုင်းမ်းက ဂျိုးဆက်ဖ်လော့ဒ်က အဲဒီအတည်ပြု/မပြုကြားနာချက်တွေအပေါ်မှာ မှတ်သားစရာ ၅ချက်ကို ထုတ်နှုတ်ပြသွားပါတယ်။
၁။ သူမဟာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ဖလော်ဆော်ဖီ/မူ ခိုင်ခိုင်မာမာ ရှိကြောင်းပြသဖို့ လက်ရှောင်သွားပါတယ်။
မူအကြောင်းပြောဖို့ လက်ရှောင်တာ သူမတဦးထဲတော့ မဟုတ်ပါဘူး။ ဒီမိုကရက်တွေခန့်ထားတဲ့ တရားသူကြီးတွေက မူခိုင်ခိုင်မာမာ မပြကြပဲ အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာလည်း ခြေ/ဥပါ ပြဌာန်းချက်တွေကို တိတိကျကျ ဖွင့်ဆိုရမယ့်အစား ခြေ/ဥစိတ်ဓါတ်ကိုသာ ချန်ထားပြီး ကျန်တာကို“ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ” လို့အကြောင်းပြပြီး လိုသလို ဖွင့်ဆိုချင်ကြပါတယ်။ ဒီနေရာမှာ ကျန်တဲ့ကိစ္စတွေလိုပဲ စကားလုံးလှလှလေးတွေထက် သက်ရောက်မှုကို ကြည့်စေချင်ပါတယ်။
ကမ္ဘာပေါ်မှာ ခိုင်မာတိုးတက်တဲ့ နိုင်ငံကြီးတိုင်းက အခြေခံဥပဒေ ကောင်းကောင်း ခိုင်ခိုင် ရှိထားကြတဲ့နိုင်ငံတွေပါ။ ပြုလွယ်ပြောင်းလွယ်တဲ့ အခြေခံဥပဒေက နိုင်ငံတည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သလို ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်တာကလည်း ခေတ်ရဲ့ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန် ထင်ဟတ်ဖို့ မဖြစ်နိုင်ပါဘူး။ အမေရိကန်ရဲ့ ခြေ/ဥက အဲဒီအစွန်းနှစ်ဖက် လွတ်ပြီး ကမ္ဘာမှာ အကောင်းဆုံးလို့ ပြောလို့ရအောင်ကို တိုင်းပြုပြည်ပြု ခေါင်းဆောင်ကြီးများက အမျှော်အမြင်ကြီးကြီးနဲ့ ရေးဆွဲခဲ့ကြတာပါ။ ဒါကြောင့်လည်း အနှစ် ၂၃၀ကျော် ကြာအတွင်းမှာ ၂၇ကြိမ်ပဲ ပြင်ဆင်ရသေးတာပါ၊။ ပြင်ဆင်သမျှကိုလည်း ပြည်နယ်တိုင်းက လိုက်နာ/မနာ ကိုယ့်ပြည်နယ်အလျောက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ပါတယ်။
ခြေ/ဥကို ခိုင်ခိုင်မာမာ လက်ကိုင်ထားတာက မူခိုင်ဖို့ အထောက်အကူပြုပါတယ်။ မူမခိုင်ရင် လှေနဲ့မြင်းလို ပဲ့ကိုင်တဲ့သူ/ လာဘ်ကြီးကြီးပေးတဲ့သူ/ ခြိမ်းခြောက်သူစတဲ့ အဂတိ၄ပါးနဲ့ ယိမ်းချင်တဲ့ဘက်ကို ယိမ်းသွားနိုင်ပါတယ်။
၂။ သူမကို ဆူပရင်းမ်ကုတ်ရဲ့ အရင်ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ဆုံးဖြတ်မှာလားဆိုတဲ့ မေးခွန်းပေါ်မှာတော့ သူမက စီရင်ချက်အဟောင်းတွေအပေါ် လေးစားမှုအချို့ထားမှာဖြစ်ပြီး ပြင်/မပြင်ဆိုရာမှာတော့ တခြားအချက်အလက်တွေပေါ်မှာ မူတည်လိမ့်မယ်လို့ပဲ မြွေမသေဒုတ်မကျိုး ပြောသွားပါတယ်။
ကိုယ်ဝန်ဖျက်ချတာနဲ့ပတ်သက်ပြီး ဒီမိုကရက်တွေအကြီးအကျယ်ကာကွယ်ချင်နေတဲ့ ရိုး-ဝိဒ်စီရင်ထုံးမှာ သန္ဓေသားက ဘယ်အချိန်ကျမှ မိခင်ကိုမမှီပဲ ကိုယ်ဝန်ပြင်ပမှာ အသက်ရှင်နေနိုင်မှာလဲဆိုတာနဲ့ ပတ်သက်တဲ့မေးခွန်းအပေါ် သူမက ဇီဝပညာရှင်မဟုတ်တဲ့အတွက် မသိပါဘူးလို့ ဖြေပါတယ်။
ဒီမိုကရက်တွေ တွေးခေါ်တာက သန္ဓေသားဟာ မိခင်ကိုမှီပြီး အသက်ရှင်နေရသ၍ မိခင်ရဲ့အစိတ်အပိုင်းဖြစ်လို့ အဆုံးစီရင်ချင်ရင် စီရင်ဖို့ အခွင့်အရေးရှိတယ်လို့ ဆိုချင်တာပါ။ သန္ဓေသားဟာ သိပ္ပံနည်းကျ သက်သေပြလို့ရတဲ့ သီးခြားဒီအန်အေနဲ့ သီးခြားလူတဦး ဆိုတာကို မိခင်ရဲ့ အစိတ်အပိုင်းလို့ လက်ခံတာဟာ အမှန်တရားထက် နိုင်ငံရေးအာဂျင်ဒါကို ဦးစားပေးကြသူတွေရဲ့ ကွာခြားချက်ဖြစ်ပါတယ်။
၃။ သူမဟာ မိန်းမဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကိုလည်း သူမဟာ ဇီဝပညာရှင်မဟုတ်လို့ မဖြေနိုင်ပါဘူးလို့ ဆိုပါတယ်။
ယောက်ကျားကို ယောက်ကျားလို့ မပြောနိုင် မိန်းမကို မိန်းမလို့ မပြောတဲ့သူက ဆုံးဖြတ်တဲ့ တရားစီရင်ရေးမှာ မှားနိုင်တာတွေ အများကြီးပါ။ ဥပမာ မိန်းမတယောက်မျက်နှာကို ယောက်ကျားတယောက်က လက်သီးနဲ့ထိုးတာနဲ့ ယောက်ကျားချင်း လက်သီးထိုးတာ မတူသလို မိန်းမချင်း လက်သီးထိုးတာနဲ့လည်း ဥပဒေရဲ့ အမြင်မှာ သက်ရောက်မှုချင်း အတော်ကို ကွာခြားပါတယ်။ အားကစားပြိုင်ပွဲတွေမှာလည်း ထိုနည်းတူပါပဲ။ သိပ္ပံကျကျ အခိုင်အမာ အထောက်အထားဖြစ်တဲ့ ခရိုမိုဆုမ်းနဲ့ ဆုံးဖြတ်တာမဟုတ်ပဲ ခံစားချက်နဲ့ ဆုံးဖြတ်တာက လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ငြိမ်မှူ၊ လုံခြုံမှုမှ ပေးမှာမဟုတ်ပါဘူး။
၄။ သူမဆုံးဖြတ်ပေးခဲ့တဲ့ ကလေးပွန်းအမှုတွေအပေါ် အပြစ်ရှိသူ ကလေးတွေအပေါ် လိင်အမြတ်ထုတ်သူ၊ အလွဲသုံးစားလုပ်သူတွေကို ဥပဒေက သတ်မှတ်တဲ့ လုပ်ပိုင်ခွင့်ထက်ကျော်ပြီး သတ်မှတ်အနိမ့်ဆုံးပြစ်ဒဏ်ထက် အများကြီး လျော့ပေါ့ပေးခဲ့ပါတယ်။ အဲဒီစီရင်ချက်တွေနဲ့ ပတ်သက်ပြီး သူမအနေနဲ့ အဲဒီလိုလျော့ပေါဆုံးဖြတ်ပေးတဲ့အပေါ် အမြတ်ထုတ်ခံ/ အလွဲသုံးစား အလုပ်ခံခဲ့ရတဲ့ကလေးတွေရဲ့ အသံကို သူမ ရာနှုန်းပြည့်ကြားတယ်လို့ ယုံကြည်သလားလို့ ဆီနိတ်တာခရုဇ်က မေးခဲ့ရာမှာ သူမက Yes, I do. လို့ ဖြေခဲ့ပါတယ်။
သူမဟာ အစိုးရရှေ့နေတွေက ဖြစ်သင့်တယ်လို့ တောင်းတဲ့ ပြစ်ဒဏ်ရဲ့ ၄၇.၂% ကိုပဲ ပေးခဲ့တာပါ။ နဂိုပြစ်ဒဏ်ကနည်းရင် အပြာပြည်နယ်တွေမှာ ခေါင်းစဥ်မျိုးစုံနဲ့ လျော့ရက်တွေ၊ အသားလွတ်ပြန်လွှတ်ပေးတာတွေလုပ်ကြတော့ အဲဒီရာဇဝတ်ကောင်တွေက သူတို့ကိုတိုင်တဲ့သူတွေ၊ ကလေးတွေ၊ မိသားစုတွေ၊ ရှေ့နေတွေကို ရန်ရှာဖို့အခွင့်အလမ်း ပိုများသလို နောက်ထပ်ကျူးလွန်ဖို့လည်း ပိုလွယ်ကူသွားမှာပါ။ ပြောရရင် ဟိရီဩတပ္ပရှိတဲ့သူတွေက မဟုတ်တာလုပ်မိရင်တောင် ရှက်စိတ် ကြောက်စိတ်ကလေး ဖြစ်ကြသေးတယ်၊ အဲဒီလိုမှမဟုတ်ပဲ မဖြစ်သင့်တဲ့နေရာမှာ ရဲတင်းနေရင်တော့ ကောင်းတဲ့လက္ခဏာ မဟုတ်တာ အမှန်ပါပဲ။
၅။ ဒီမိုကရက်တွေက ထုံးစံအတိုင်း သူမရဲ့မူတွေထက် (ဆီးနိတ်က အတည်ပြုခဲ့ရင်) သူမက ဆူပရင်းမ်းကုတ်မှာ ခန့်အပ်ခံရတဲ့ ပထမဆုံးလူမည်းအမျိုးသမီးဖြစ်လာမယ်ဆိုတာကို ရှေ့တန်းတင်လော်ဘီလုပ်ကြပါတယ်။
ကမလာတုန်းကလည်းအဲဒီလိုပါပဲ။ အခုသူမဘယ်လောက်တောင်အရှက်ကွဲနေပြီလည်း မီဒီညာတွေကတော့ ပြချင်မှ ပြပါလိမ့်မယ်။ ဖာရင်တောင် ဖာပေးကြပါလိမ့်မယ်။ သူမက အစားထိုးဆီနိတ်တာအဖြစ် လုပ်ခဲ့တဲ့ ကာလတိုအတွင်းမှာတောင် ပစ်စလက်ခတ်နိုင်ခဲ့တာဆိုတော့ အခုဒုသမ္မတဖြစ်လာတဲ့အချိန်မှာ ဆိုဖွယ်မရှိပါပဲ။
မူထက် စပါးတထောက်စာအသားအရောင်နဲ့ ပေါင်ကြားထဲကဟာကိုပဲ ရှေ့တန်းတင်နေကြတဲ့ အကြောင်းရင်းကတော့ သူတို့ရဲ့ နိုင်ငံရေးအာဂျင်ဒါတွေက အစွန်းရောက်လွန်းတဲ့အတွက် မတရားအစွန်းရောက်သူ အက်တီဗစ်တချို့ကလွဲရင် ဘယ်သူမှ လက်ဝဲစွန်းအာဂျင်ဒါတွေကို သူတို့မူပါဆိုပြီး တိတိကျကျ ချမပြရဲပါဘူး။ ဝေ့ဝိုက်စကားလှအောင်ပြောပြီး ရှောင်ပြေးကြတာပါ။ အခုဒီမိုကရက်ဖက်က လော်နေသူတွေအားလုံးလည်း ထိုနည်းလည်းကောင်းပါပဲ။
အရှည်စဥ်းစားရင်တော့ ကိုယ်ထောက်ခံထားတဲ့သူတွေက တင်လိုက်တဲ့သူတွေ ဆုံးဖြတ်ပေးသမျှတွေဟာ ကိုယ့်စနက်မကင်းဘူးလို့ ယူရမှာပါ။ ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူရင် အကျိုးတူပါတယ်။ ကိုယ့်အနာဂတ် ကိုယ့်တိုင်းပြည်အနာဂတ်ကို သင်ကိုယ်တိုင်ကပဲ အဆုံးအဖြတ်ပေးမှာပါ။