မနေ့ညက ဆူပရင်းမ်ကုတ်က လူများစုဖြစ်တဲ့ ကွန်ဆာဗေးတစ်တရားသူကြီး ၅ဦးရဲ့ ရိုး-ဝိဒ် ဆိုတဲ့ ကိုယ်ဝန်ဖျက်ချခွင့်စီရင်ထုံးကို ပြန်လှန်မယ့် ၈၉စာမျက်နှာရှိတဲ့ ဆုံးဖြတ်ချက်မူကြမ်းဆိုတဲ့ စာကြမ်းဖိုင်ကို အတွင်းလူတဦးက ဖောက်ချခဲ့ရာက အင်တာနက်ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီဖိုင်က ဖေဖော်ဝါရီတုန်းက ရေးသားခဲ့တာဖြစ်ပြီး ဒီနှစ်နွေမှာ ဆုံးဖြတ်ရမယ့်အမှုအတွက် ဖြစ်ပါတယ်။ အခုလိုဖောက်ချလိုက်တာက ရေးသားတဲ့ ကွန်ဆာဗေးတစ်တရားသူကြီးတွေအပေါ် လူ့အသက်ကို သတ်ချင်သလိုသတ်လို့ရတယ်လို့ မပြောရုံတမယ်ဖြစ်နေတဲ့ ကလေးဖျက်ချဖို့ အားသန်လွန်းနေတဲ့ လက်ဝဲစွန်းတွေက ခြိမ်းခြောက်လာခဲ့ရင် တရားသူကြီးတွေများ ကြောက်ပြီး စိတ်ပြောင်းလိုပြောင်းငြား ဖြစ်လာစေဖို့ (သို့) ကိုယ်ဝန်ဖျက်ချစေချင်ကြတဲ့ လက်ဝဲစွန်းထောက်ခံသူများကို တပ်လှန့်ပေးလိုက်ဖို့ ဖြစ်နိုင်ပါတယ်။
အဲဒီလို ဖောက်ချတဲ့ဖြစ်ရပ်အပေါ် ဆူပရင်းမ်ကုတ်က ဒီလုပ်ရပ်ဟာ ဌာနအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ ဆူကရင်းမ်ကုတ်က ရဲတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ရှားရှားပါးပါး ကြေငြာချက်ထုတ်ပါတယ်။ အဲဒီလို ဖောက်ချနိုင်တဲ့သူ ၆၃ဦးသာရှိတာကြောင့် သေချာစစ်ဆေးရင် ပေါ်လာမှာပါ။ ဒါပေမဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့တကွ အစိုးရဌာနတွေရဲ့ ရုံးအဖွဲ့နေရာတွေကို ကြီးစိုးထားတာက ဒီမိုကရက်တွေဖြစ်နေတတ်တော့ အမှန်တရားထွက်လာပါ့မလားဆိုတာတော့ မေးစရာရှိပါတယ်။
ကြိုတင်ဇတ်တိုက်ထားသလိုပါပဲ၊ ဒီမိုကရက်အမတ်တွေ ဂါဗာနာတွေ ထင်ရှားသူတွေက ကြေငြာချက်တွေ ဝေဖန်ချက်တွေ အသီးသီးထုတ်ကြပြီး အဆုံးအထိဖိုက်ကြဖို့ ကျုံးဝါးနေကြပါတယ်။ ကယ်လီဖိုးနီးယားဂါဗာနာက ငရဲကျနေသလိုကို ဖိုက်မယ်လို့ ဆိုပြီး ဒီဆုံးဖြတ်ချက် လာတော့မှာဆိုတဲ့ မှိုင်းနဲ့ ခုထဲက ကြိုပြီး ကိုယ်ဝန်ဖျက်ချကြဖို့ တိုက်တွန်းကုန်ကြပါပြီ။ ဒီမိုကရက်တွေက လွန်ခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးကို တရားဝင်မှူ၊ အရေးပါမှု လျော့ကျအောင် မီဒီယာအား၊ စိဉ္စမာနလို လူမိုက်တွေအားနဲ့ အနိုင်ကျင့်နေခဲ့ကြတာပါ။
အဲလစ်ဇဘက်ဝါရန်ဆိုတဲ့ သူ့ကိုယ်သူ အမေရိကန်အင်ဒီးယန်းပါလို့ လိမ်ပြီး အခွင့်အရေးယူထားတဲ့ လူဖြူအမတ်မက ဒေါတွေအကြီးအကျယ်ပွပြီး ရီပါဘလစ်ကန်တွေက ဒီလိုဖြစ်ဖို့ အချိန်တိုင်း ကြံစည်နေတာလို့ စွပ်စွဲသွားပါတယ်။ သူပြောသလိုသာဆို ဒီမိုကရက်တရားသူကြီးတွေ သေတာ ရီပါဘလစ်ကန်တွေလက်ချက် ဖြစ်နေတော့မှာပေါ့။ တကယ်တမ်းက သူတို့ကသာ အသက်ကြီးနေတဲ့ လစ်ဘရယ်တရားသူကြီးတွေကို အတင်းကြီး နားမလားမေးပါများတော့ ဖိအားမခံနိုင်သူက နားပါမယ် ပြောရတာပေါ့။ သူတို့ပါတီတက်တုန်း ကွန်ဆာဗေးတစ်တရားသူကြီးတွေ နာမကျန်းဖြစ်ရင် ချက်ချင်းလဲသေချင်လောက်အောင်ကို မေတ္တာတွေ လှိုင်လှိုင်ပို့ကြတော့တာ။ ပေါ်တင်ပဲ။ အဆင့်အတန်းတွေ သိစေချင်လို့ပါ။
၁၉၇၃မှာ ဆုံးဖြတ်ခဲ့တဲ့ ရိုး-ဝိဒ်အမှုကို ပြန်လှန်ရင် ပြည်နယ်တွေက ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြည်နယ်ရဲ့ ဆန္ဒအလျောက် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ အခြေခံဥပဒေအရ ပြည်သူတွေမှာ အသက်ရှင်ခွင့် ရှိတဲ့အတွက် အဲဒီအခွင့်အရေးကို ထိပါးနေတဲ့ ကိုယ်ဝန်ဖျက်ချမှုကို ဖက်ဒရယ်အဆင့် ခွင့်ပြုတာမျိုးမပြုလုပ်ပဲ ပြည်သူကရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကသာ ဆုံးဖြတ်စေရမယ်လို့ အဆိုပါမူကြမ်းမှာ တရားသူကြီး ဆမ်မြူရယ် အလိတိုက ရေးသားထားပါတယ်။
ရီပါဘလစ်ကန်ဆီးနိတ်တာ တောမ်ကော်တွန်ဦးဆောင်တဲ့အဖွဲ့ဟာ အီလွန်တွဒ်တာကို ဝယ်ပြီးနောက်မှ ချက်ချင်းထဖွဲ့လိုက်တဲ့ ပြည်ထဲရေးလက်အောက်ခံ “သတင်းမှားထိန်းချုပ်ရေးဘုတ်”ကို ဖက်ဒရယ်ထောက်ပံ့ငွေမပေးမယ့် ဥပဒေကြမ်းတခု တင်သွင်းဖို့ စတင်ဆောင်ရွက်နေကြပါတယ်။ အဲဒီဘုတ်ကို ဦးဆောင်မယ့် နီးနာဂျန်ကိုဝစ်က အီလွန်တွဒ်တာကိုဝယ်တာအပါအဝင် လက်ဝဲစွန်းတွေမကြိုက်တဲ့ ကိစ္စမှန်သမျှကို အပြင်းအထန် ဝေဖန်နေခဲ့သူဖြစ်လို့ သူ့ကို ခန့်တာဟာ သူမဘက်လိုက်တာကို အားပေးနေသလို ဖြစ်နေဘူးလားဆိုတဲ့ မေးခွန်းကို ပြန်ထဲရေးဝန် မယောကက်စ်က မဖြစ်ပါဘူး၊ သူမက သတင်းအမှားနဲ့ပါတ်သက်တဲ့ ကျွမ်းကျင်သူပါလို့ လီဆည်ဖြေကြားပါတယ်။ အရှက်၊ သိက္ခာ၊ အရည်အချင်း ဘာဆိုဘာမှ မရှိတဲ့ လူမည်ကာမတ္တတွေပါပဲ။
အိုဟိုင်းအိုးပြည်နယ်က လစ်လပ်တော့မယ့် ဆီးနိတ်နေရာအတွက် ပါတီတွင်းပဏာမ ရွေးကောက်ပွဲမှာ ထရမ့်ထောက်ခံပေးထားသူ စာရေးဆရာ ဂျေဒီဗန့်စ်က ကျန် ၆ဦးကို ၁၂မှတ်အသာနဲ့ ကျော်ဖြတ်အနိုင်ရသွားပါတယ်။ ဗန့်စ်က ၂၀၁၆တုန်းက ထရမ့်ကို ဝေဖန်ခဲ့သူဖြစ်ပေမယ့် သူအရွေးခံမယ်ကြေငြာပြီးချိန်ကစပြီး ထရမ့်နဲ့ အဆင်ပြေအောင် ကြိုးစားလာပါတယ်။ အရင်က သူက ရှေ့ဆုံးကပြေးနေတာမဟုတ်တဲ့အတွက် ထရမ့်က သူ့ကိုထောက်ခံပေးမှုဟာ ပါတီတွင်းမှာ ထရမ့်ရဲ့ဩဇာ ဘယ်လောက်ညောင်းနေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ထရမ့်ရဲ့ အမေရိကန် ပထမမူကို ကြိုက်တာ၊ ဒိစတိတ်ကို တိုက်ဖျက်ချင်တာမဟုတ်ပဲ မဲလိုချင်လို့သက်သက် လိုက် မ နေတာမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။
အီလွန်အနေနဲ့ တွဒ်တာမှာ ကွန်တန့်မော်ဒရေးရှင်းကို လက်ရှိအတိုင်း ဆက်မလုပ်ဖူးဆိုရင် တွဒ်တာကို ကြော်ငြာမထည့်ကြပဲ သပိတ်မှောက်ကြဖို့ နာမည်ကြီး ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ ကိုကာကိုလာ၊ ဒစ်စနေ၊ ခရပ်ဖ် အပါအဝင် ကုမ္ပဏီကြီးတွေကို စေဗလ်အဖွဲ့အစည်းပေါင်း ၂ဒါဇင်ကျော်က စာရေးတိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီတိုက်တွန်းစာအပေါ် အီလွန်က လူတွေက ဘာသတင်းတွေပဲ မြင်ရမယ်၊ ဘာသတင်းဆို မမြင်ရလို့ ကန့်သတ်နေကြတဲ့ အဖွဲ့တွေကို ဘယ်သူတွေက ငွေထောက်ပံ့ပေးနေတာလဲဆိုတာ ဖော်ထုတ်ကြရအောင်လို့ တွိသွားပါတယ်။
လက်ဝဲသမားတွေကလည်း အီလွန်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလုပ်ဖို့ အင်တာနက်တခုလုံးကို ပိုက်စိတ်တိုက်ကုန်ကြမ်းရှာပြီး အရှိန်မြှင့်လာကြရာမှာ ကလေးလိင်မုဆိုး အက်ပ်စတိန်းအတွက် လူစုပေးတဲ့ ဂျရှ်လင်မက်ဆွဲလ်က ၂၀၁၄တုန်းက အီလွန်တက်ရောက်ခဲ့တဲ့ ဗနတီဖဲပါတီတခုမှာ ရိုက်ထားတဲ့ အီလွန့်ပုံရဲ့နောက်နားမှာ သူမကို တွေ့ရတဲ့ပုံတင်ပြီး ဖွကြပါတယ်။ အီလွန်က ငါဓါတ်ပုံရိုက်နေတုန်း သူက နောက်က ဖြတ်သွားတာလေ၊ ဒါနဲ့ သူတို့ရဲ့ ဖောက်သည်စာရင်းထဲ ဘယ်သူတွေပါလဲ သိကြလား၊ အဲဒီထဲက တယောက်ကလေးတောင်မှ မပေါ်သေးဘူးလားလို့ ပြန်တွိလိုက်ပါတယ်။ အဲဒီဖောက်သည်စာရင်းမှာ ကလင်တန်တို့ ဂိတ်စ်တို့ အမြင့်ဆုံးတရားရုံးက တရားသူကြီးချုပ်တို့လို နာမည်ကြီး ထိပ်သီးတွေတောင် ပါနေနိုင်သေးတာပါ။ အဲဒါကြောင့်လည်း အက်ပ်စတိန်းကို လက်စဖျောက်ပစ်တာလို့ ပြောနေကြတာပါ။
အန်ဘီစီသတင်းထောက်တဦးဖြစ်တဲ့ မေဒီဟာဆန်က ရီပါဘလစ်ကန်တွေကို ဖက်ဆစ်တွေနဲ့ နှိုင်းလိုက်တဲ့အပေါ် အီလွန်က ဟန်းတားလက်ပ်တော့သတင်းကို ဖုံးကွယ်ထားခဲ့တဲ့၊ ရုပ်ရှင်နယ်မှာ လူတော်တော်များများကင်းလို့မရတဲ့ လိင်မုဆိုးဟာဗေ ဝိုင်းစတိုင်းသတင်းကို အစောကြီးရပေမဲ့ ဖျောက်ဖျက်ခဲ့တဲ့၊ မက်ထ်လောဝ်ရာကို မုဒိမ်းကျင့်ဖို့ ရုံးခန်းပေးခဲ့တဲ့ အဖွဲ့အစည်းကပဲ ပြောရတယ်ရှိသေး၊ တော်တော်ချစ်စရာကောင်းတဲ့လူတွေလို့ တုန့်ပြန်သွားပါတယ်။
အမေရိကန်မှာ ဒီဇယ်ဈေးက စံချိန်တင်မြင့်တက်လာပါပြီ၊ တပြည်လုံးပျှမ်းမျှဈေးတောင် တဂါလံကို ၅.၃၂၁ဒေါ်လာဖြစ်နေတော့ ကယ်လီဖိုးနီးယားလို အခွန်အတုတ်ကြီးမားတဲ့ပြည်နယ်တွေမှာ အဲဒီထက် အများကြီး ပိုနိုင်ပါတယ်။ အဲဒီဈေးက မနှစ်ကထက် ၇၂ရာနှုန်းတက်လာတာဖြစ်ပါတယ်။ ကုန်ကားကြီးတွေက ဒီဇယ်သုံးကြတာများတော့ ပို့ခဈေးတက်ရင် စားကုန်ကအစ အထွေထွေကုန်ဈေးနှုန်းတွေလည်း ထပ်တက်လာတော့မှာပါ။ ကုမ္ပဏီကြီးတွေက တက်လာတဲ့စရိတ်ကို တခြားနည်းနဲ့ ထေလို့ ရနိုင်ပေမယ့် တကိုယ်တော်ထရပ်ကာများနဲ့ ထရပ်လုပ်ငန်းရှင်လေးတွေ ပိုထိခိုက်မယ်လို့ ကယ်လီဖိုးနီးယားထရပ်ကင်းအသင်းရဲ့ ဥက္ကဌ ရွန်ဖော်လ်ကနာ ဆိုပါတယ်။