စိနတိုင်းမှာ ကဗအတွက် သုံးကြတဲ့ ဆဲလ်ဖုံးအက်ပ်ကို ပြည်သူကိုထိန်းချုပ်တဲ့ကိရိယာအနေနဲ့ ပြောင်းလဲသုံးစွဲလိုက်ပါတယ်။ အဲဒီအက်ပ်က ကိုယ့်နားမှာ ပိုးရှိသူရှိသလားဆိုတာကို ပြတယ်ဆိုတဲ့အတွက် ကူးမှာကြောက်ကြသူတွေ အများဆုံး သုံးကြတာဖြစ်ပါတယ်။ ဘဏ်တွေမှာ ဆန္ဒပြကြသူတွေရဲ့ ကူးစက်နိုင်မှုအဆင့်ကို အနီရောင်ပြောင်းထားလိုက်ခြင်းဖြင့် အဲဒီလူတွေက အလိုလို ၂ပတ်ကြာ မဖြစ်မနေ ကွာရင်တိုင်းလုပ်ရမှာဖြစ်ပါတယ်။ အဲဒီအက်ပ်ကို ဆိုဗီယက်ခေတ်က အစိုးရကိုဆန့်ကျင်သူတွေကို ချွေးတပ်စခန်းတွေပို့တဲ့ ဂူလက်စနစ်ကို အမြန်ရောက်အောင် သွားတဲ့လက်မှတ် ဂူလက်ဖတ်စ်ပတ်စ်လို့ ခေါ်ကြပါတယ်။ အမေရိကန်မှာလည်း အဲဒီလိုအက်ပ်မျိုး ရှိပါတယ်။ ကိုယ့်ကို နောက်ယောင်ခံလိုက်နိုင်တဲ့ အက်ပ်မှန်သမျှကို မရှိမဖြစ်ကလွဲလို့ မထားကြဖို့ တိုက်တွန်းပါတယ်။ အစိုးရချုပ်ကိုင်မှု ပိုကြီးလာလေ ပြည်သူတွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးလေပါပဲ။
အမေရိကန်ကို ချောက်ကျစေမယ့် လက်ဝဲအတွေးအခေါ်တွေ အရှိန်အဟုန်နဲ့ ရိုက်သွင်းလာတဲ့ထဲမှာ နာမ်စားတွေရဲ့ ကဏ္ဍကလည်း မဖြစ်လောက်သလိုထင်ရပေမယ့် အရေးကြီးတဲ့နေရာတခုကနေ ရည်ရွယ်ချက်ရှိရှိ တွန်းလာကြတယ်လို့ ဒန်နီယဲလ်ဒီဇူဇာက အဲပုခ်တိုင်းမ်းစ်မှာ ဆွေးနွေးထားပါတယ်။ အခုအခါ အလုပ်ထဲတွေမှာဖြစ်ဖြစ် ဆေးခန်းတွေမှာဖြစ်ဖြစ် ကိုယ့်ရဲ့နာမ်စားက ဘာပါဆိုတာကို တမျက်နှာလောက်ရှည်တဲ့ အညွှန်းစာရွက်ကနေ ရွေးလို့ ရအောင် တိုတက်နေပါပြီ။ တကယ်တမ်းက နာမ်စားဆိုတာ တတိယလူကို ညွှန်းတာဖြစ်လို့ ပြောတဲ့သူတွေကသာ သုံးစွဲရတာဖြစ်ပြီး ကိုယ့်ကိုကိုယ် ဘယ်နာမ်စားနဲ့ ညွှန်းပါလို့ တောင်းဆိုတာဟာ ဘယ်လိုမှ အဓိပ္ပါယ်ရှိတဲ့လုပ်ရပ်လို့ ပြောလို့မရပါဘူး။
နာမ်စားကိစ္စဟာ ပြည်သူတွေအတွက် အဓိပ္ပါယ်မရှိပေမယ့် အာဏာရှင်တွေအတွက်တော့ အင်မတန်မှ အဓိပ္ပါယ်ရှိပါတယ်။ ပြည်သူတွေကို လက်ရှိကြုံနေရတဲ့ ပြဿနာတွေက အုပ်ချုပ်သူတွေရဲ့ သုံးစားမရတဲ့ တလွဲလုပ်ရပ်တွေကြောင့်ဆိုတာကို အတွေးမရောက်စေတော့ပဲ နာမ်စားကိစ္စမှာတင် ရန်ဖြစ် ငြင်းခုံ တိုင်ပတ် စိတ်ရှုပ်နေအောင် လုပ်ထားနိုင်တာက တကျပ်ရင်းပြီး တရာမြတ်တဲ့ ကိစ္စမျိုးပါ။ အငြင်းသန်တဲ့ လက်ဝဲဝါဒီများအတွက်လည်း ငြင်းစရာခေါင်းစဥ်တခုရသွားတော့ အရည်ကော အဖတ်ကော မရပေမယ့် အမဲရိုးလေးကိုက်ရသလို ပျော်စေမှာတော့ အမှန်ပါပဲ။
ဒီအန်စီကလည်း အကောင်းလုပ်စရာအကြံမရှိပေမယ့် ကြိုးစားဖြစ်ညှစ်လိုက်တဲ့အခါ ထွက်လာတဲ့ အကြံကတော့ ကာမလာနဲ့ ဓါတ်ပုံတူတူရိုက်ချင်ရင် ၁သောင်းခွဲလို့ ဈေးခေါ်တာပါ၊ ဘယ်တကောင် တမြှီးမှ အဲဒီလောက် မတုံးအတဲ့အတွက် ၅ထောင်နဲ့ ယူပါလို့ ၃ပုံ၂ပုံ လျှော့ရောင်းတာတောင် ဝယ်မယ့်သူမရှိတဲ့အတွက် အဲဒီအစီအစဥ်ကို ဆောင်းဦးရာသီကို ရွှေ့သွားပါပြီ။ ၈၁သန်းတဲ့ ယုံလား။
ဂျော့ဖလွိုက်ကိစ္စဖြစ်ပွားခဲ့တဲ့ မင်နီဆိုးတားပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ မင်နီယားပူလိစ်မြို့ဝန်ဟာ လူဦးရေ ၃သိန်း ၈သောင်းကျော်ရှိတဲ့ မြို့ရဲ့ ဖွဲ့စည်းပုံအရ အနည်းဆုံးလိုအပ်တဲ့ ရဲအရေအတွက်ဖြစ်တဲ့ (လူ၁၀၀၀ကို ရဲ ၁.၇ဦးနှုန်းနဲ့) ၇၃၁ဦး ရှိရမှာကို ၆၂၁ဦးပဲ ခန့်အပ်ထားပြီး ဘာကြောင့် အနိမ့်ဆုံး သတ်မှတ်ချက်ကို ပြည့်မှီအောင် မခန့်ထားတာလဲဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး။ အဲဒီ ၆၂၁ဦးမှာ ၃၉ဦးက ခွင့်ရက်ရှည်ယူထားကြသူတွေ ဖြစ်ပါတယ်။ မြို့တော်ကောင်စီက ရဲ ၇၇၀ ခန့်ထားဖို့ လုံလောက်တဲ့ ဘတ်ဂျက်ပေးထားပြီးလည်းဖြစ်ပါတယ်။ ရာဇဝတ်မှုတွေ မတရား တက်လာတာကို မကျေနပ်ကြတဲ့ မြို့သူမြို့သားတစုက မြို့ဝန်ဂျေကပ်ဘ် ဖရေးကို တရားစွဲဆိုခဲ့တာမှာ ပြည်နယ်ဆူပရင်းမ်ကုတ်က မြို့ဝန်တာဝန်မကျေခဲ့ဘူးလို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အယူခံဝင်လို့ရတဲ့အတွက် မြို့ဝန်နဲ့မြို့ရှေ့နေတွေက သူတို့ရဲငှားနေပါတယ်၊ မရတာပါလို့ သက်သေပြဖို့ တပတ်အချိန်ရသွားပါတယ်။
လွှတ်တော်ထဲက ဒီမိုကရက်တွေ တက်သုတ်ရိုက်ပြီး တင်လိုက်တဲ့ သေနတ်ထိန်းချုပ်ရေးဘေလ်ဟာ ရီပါဘလစ်ကန်ဆီနိတ်တာ ၁၄ဦးထောက်ခံခဲ့တဲ့အတွက် ၆၄-၃၄နဲ့ အနိုင်ရရှိသွားတဲ့အတွက် ပြည်နယ်နဲ့ ဒေသဆိုင်ရာအစိုးရတွေရဲ့ သေနတ်ထိန်းချုပ်ရေးအစီအစဥ်တွေကို ဖက်ဒရယ်ဘတ်ဂျက်ကနေ သုံးလို့ရတော့မှာ ဖြစ်ပါတယ်။ အန်အာအေကတော့ အဲဒီဘေလ်ဟာ ကြမ်းတမ်းရာဇဝတ်မှုများကို တားဆီးနိုင်မှာမဟုတ်ပဲ တရားဝင် သေနတ်ကိုင်ဆောင်ထားသူတွေကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေလိမ့်မယ် လို့ ဆိုပါတယ်။ အဆိုပါဘေလ်ဟာ အစိုးရကို အခွင့်အာဏာတွေ အများကြီး ပိုပေးထားပြီး တိတိကျကျ မဖော်ပြထားတဲ့ အသုံးအနှုန်း တွေကြောင့် ဘာလာလာ အတင်းကြီး ဆိုင်တယ်ဆိုပြီး ဆွဲယူလို့ ရနေတယ်လို့ ဝေဖန်လိုက်ပါတယ်။ ထောက်ခံခဲ့တဲ့ ရီပါဘလစ်ကန် ၁၄ဦးကတော့ မက်ကောနယ်တို့ လင်ဒ်ဇီဂရမ်တို့ ရွမ်နေတို့ မာကောစကီတို့လို ရိုင်နိုတွေပါပဲ။ ပူးသတ်တွေလို့ ပြောရမှာပါ။
ကလေးတွေကို လုံခြုံစေချင်လို့ပါလို့ အသံကောင်းဟစ်နေကြသူတွေက ၂၁နှစ်အောက် သေနတ် ကိုင်ဆောင်ခွင့်ကို တားမြစ်ကြမှာဖြစ်လို့ တပ်ထဲဝင်သူတောင် အိမ်ပြန်လာရင် သေနတ်ကိုင်ခွင့် မရှိတော့ဘူး ဖြစ်သွားနိုင်သလို ၁၈နှစ်ပြည့်ပြီး ၂၁နှစ်မပြည့်သေးသူတွေဟာလည်း အခြေခံဥပဒေက ပေးထားတဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့် ပြည့်ပြည့်ဝဝ မရတော့သလို ဖြစ်သွားမှာပါ။
တကယ်တမ်းမှာ ကလေးတွေအပါအဝင် ပြည်သူတွေအသက် လုံခြုံဖို့က သေနတ်ထိန်းချုပ်ဖို့ထက် တရားမဝင်ဝယ်လို့ရနေတဲ့ လမ်းကြောင်းတွေ ရှာပိတ်ရမှာပါ။ တရားဝင် ဝယ်တာမှာလည်း ဖောင်ဖြည့်တဲ့နေရာမှာ လိမ်လည်ဖြည့်သွင်းတာတွေကို ဘယ်လိုတားဆီးမလဲဆိုတာ အဖြေထုတ်ကြဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေကို လက်နက်မရောင်းဖြစ်အောင် တားဆီးဖို့အတွက် နည်းလမ်းရှာကြဖို့ လိုပါတယ်။
အခုဘေလ်မှာ တဦးဦးက အထောက်အထားမရှိပဲ တိုင်လို့ရတဲ့အတွက် တရားဝင်ကိုင်ဆောင်ထားတဲ့ သူတောင် အစစ်အမေးမရှိ လက်နက်အသိမ်းခံရမှာဖြစ်လို့ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်လာနိုင်တာပါ။ ထုံးစံအတိုင်း ရှူးမားတို့ ပလိုးစီတို့ တွန်းချင်တဲ့ဘေလ်တွေကို မဲခွဲမယ့် နာရီပိုင်းအလိုကျမှ လွှတ်တော်ကို ချပြတာဆိုတော့ စာမျက်နှာ ၈၀ရှိပြီး ရှုပ်ထွေးတဲ့ ဥပဒေအသုံးအနှုန်းတွေ ပါဝင်တဲ့ဘေလ်ကို အပြည့်အစုံနားလည်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။
ယူဘောလ်ဒီက ရော့ဘ်စ်မူလတန်းကျောင်း ပစ်ခတ်မှုမှာ ရဲတွေက အမိန့်မရခဲ့လို့ ကျောင်းထဲကို ဝင်ဖို့လုံးဝ မကြိုးစားခဲ့ကြဘူးလို့ တွေ့ရှိရပါတယ်။ ရဲအကြီးအကဲကတော့ သူကရဲတွေ လုံခြုံရေးကို ဦးစားပေးမိခဲ့တာပါလို့ ဖာပါတယ်။ ပြည်သူကို ကာကွယ်ဖို့ ရဲထဲ လိုလိုလားလား ဝင်ရောက်လာသူတွေ အနေနဲ့ လက်နက်မဲ့ကလေးလေးတွေအသက်ထက် လက်နက်အပြည့်အစုံနဲ့ ကိုယ့်အသက်က ပိုစိုးရိမ်နေရသလားဆိုတာတော့ တွေးတတ်သင့်ပါတယ်။ သူတို့ နာရီဝက်လောက်ပဲ စောဝင်ခဲ့ရင်တောင် ကလေး ၄ဦးလောက်နဲ့ ဆရာမ တဦးလောက်ကိုတော့ အနည်းဆုံး အချိန်မှီဆေးရုံပို့နိုင်ပါလိမ့်မယ်။ အဲဒီရဲအကြီးအကဲကိုတော့ အရေးယူတာ သတင်းတွေမှာ ဖော်ပြတာ နည်းလွန်းနေပြီး သေနတ်ကိုပဲ မဲနေကြတာ ခါးတောင်းကျိုက်နဲ့ဖင် လွဲနေသလိုဖြစ်နေတာပါ။
နောက်ထပ် ရာဇဝတ်မှုတွေပေါရတဲ့ အကြောင်းရင်းတွေကတော့ နယူးယောက် ဆပ်ဘ်ဝေးမှာ ဂဲလ်ဖရန့်ရဲ့ မျက်နှာကို ဓါးနဲ့လှီးခဲ့တဲ့သူက ဒီနှစ် ဖေဖေါ်ဝါရီမှာ နောက်လူတဦးနဲ့ သေနတ်ပြိုင် ပစ်ခဲ့ပါတယ်။ အဲဒီသေနတ်မှုအတွက် မန်ဟက်တန်အစိုးရရှေ့နေတွေက တသိန်းခွဲ အာမခံတင်ဖို့ တောင်းဆိုပေမယ့် တရားသူကြီးက ၅သောင်းပဲ သတ်မှတ်ခဲ့တာကြောင့် အာမခံတင်ပြီး အဲဒီလူ ပြန်လွတ်လာပြီဖြစ်ပါတယ်။ အဲဒီလူက ၁၉၉၅တုန်းက ရန်လိုတိုက်ခိုက်ခဲ့တဲ့ အမှုနဲ့ ထောင် ၁၆နှစ် ကျခံပြီးဖြစ်ပြီး ၂၀၁၅ ရန်လိုတိုက်ခိုက်မှုမှာ ၃နှစ်ခွဲ ထပ်ကျခဲ့တဲ့သူပါ။ အဲဒီလိုလူမျိုးကို လမ်းပေါ်မှာ လွှတ်ထားတာနဲ့ လူကောင်းတွေ ကိုယ့်ကိုယ်ကို ခုခံဖို့ သေနတ်ကိုင်တာ ဘယ်ဟာက အန္တရာယ်လဲဆိုတာ စဥ်းစားဖို့ လိုပါတယ်။
၂၀၁၇တုန်းက တိုင်းမ်စကွဲမှာ လူအုပ်ထဲ ကားကို အရှိန်နဲ့ မောင်းလာလို့ တဦးသေဆုံးပြီး ၂၂ဦး ဒဏ်ရာရခဲ့တဲ့အမှုမှာ ကျူးလွန်ခဲ့တဲ့ ရစ်ချတ်ရိုးဂျားစ်ဆိုသူကို စိတ်မူမမှန်ပါဘူးလို့ မန်ဟက်တန် ဆူပရင်းမ်ကုတ်က ဆုံးဖြတ်ခဲ့တဲ့အတွက် ပြစ်ဒဏ်ကျခံစရာမလိုပဲ စိတ်ရောဂါကုသမှုသာ ခံယူရတော့မှာ ဖြစ်ပါတယ်။ ၁၈နှစ်သမီးတဦးသေဆုံးပြီး ၁၃နှစ်သမီးဒဏ်ရာရသွားတဲ့ ဖခင်ကတော့ ရိုးဂျားစ်စိတ်ရောဂါရှိတယ်ဆိုတာ ဘူးရှစ်လို့ ဆိုပါတယ်။ ကျူးလွန်သူက အရင်ကလည်း ဥပဒေ ချိုးဖောက်ခဲ့တာတွေရှိပြီး အဆိုပါနေ့က ဆေးခြောက်သုံးထားကြောင်း၊ နားထဲမှာ အသံတွေ ကြားနေရကြောင်း ရှေ့နေတွေက ဆိုပါတယ်။ ၂၀၁၁တုန်းက ရေတပ်ကို ဝင်ဖူးပြီး ၂၀၁၂မှာ အငှားယာဥ်မောင်းသူကို ဈေးပိုတောင်းတယ်ဆိုကာ ထိုးကြိတ်ရိုက်နှက်ခဲ့လို့ တပ်ကထုတ်ပယ် ခံခဲ့ရပါတယ်။ အမှုဖြစ်တဲ့နေ့က ဆေးစစ်ချက်မှာ ဘာဆေးမှသုံးထားတာ မပါဘူးလို့ သေဆုံးသူရဲ့ ဖခင်က ဆိုပါတယ်။ ဒီလိုမျိုးအမှုတွေကို သေနတ်ထိန်းချုပ်တဲ့ဘေလ်က ကာကွယ်ပေးမှာမဟုတ်ပါဘူး။